မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ ဆီးဂိမ်းပြင်ဆင်မှု နောက်ဆုံးခြေစမ်းပွဲအဖြစ် တောင်ကိုရီးယား ယူ-၂၀ အသင်းနှင့်ယှဉ်ပြိုင်

နေပြည်တော်   မေ  ၃

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးအားကစားအတွက်  ကြိုတင်ပြင်ဆင်မှု အနေဖြင့်   တောင်ကိုရီးယားနိုင်ငံ Paju မြို့၌ လေ့ကျင့်ရေးအစီအစဉ်များပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် တတိယမြောက်ခြေစမ်းပွဲအဖြစ် တောင်ကိုရီးယား ယူ-၂၀ အမျိုးသမီးအသင်းနှင့်  ယနေ့ဒေသစံတော်ချိန် ၁၂ နာရီခွဲတွင် Paju National Football Center ကွင်း၌ယှဉ်ပြိုင် ခဲ့ရာ တောင်ကိုရီးယား ယူ -၂၀ အမျိုးသမီးအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ပြင်ဆင်မှုအနေဖြင့် တောင်ကိုရီးယား ယူ -၂၀ အသင်းနှင့် ခြေစမ်းခြင်းဖြစ်ပြီး တောင်ကိုရီးယား ယူ-၂၀ အသင်းအနေဖြင့်လည်း ကော်စတာရီကာနိုင်ငံတွင် ကျင်းပမည့် အသက်၂၀ နှစ်အောက် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ လေ့ကျင့်မှုအဖြစ် ယခုခြေစမ်းပွဲ နှစ်ပွဲကို ယှဉ်ပြိုင်ခြင်းဖြစ်သည်။

  မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှ ပွဲထွက်လူစာရင်းအဖြစ် မေဇင်နွယ်(ဂိုး)၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ နန့်ဇူဇူးထက်၊ ခိုင်သဇင်၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ ပုံပုံ့ပြည့်မောင်၊ လင်းမြင့်မိုရ်၊ ခင်မိုးဝေ၊ မြတ်နိုးခင်တို့ကို အသုံးပြုခဲ့သည်။ လူစားလဲလှယ်မှုများအနေဖြင့် နန့်ဇူဇူးထက်အစား အေးအေးမိုး၊ ခိုင်သဇင်အစား ဖြူဖြူဝင်း၊ သင်းသင်းယုအစား ခင်မာလာထွန်း၊   ပုံပုံ့ပြည့်မောင်အစား နော်ထက်ထက်ဝေ၊ လင်းမြင့်မိုရ်အစား ဂျူလိုင်ကျော်၊ ချစ်ချစ်အစား ဇွန်ယုယဦး တို့ကို လဲလှယ်အသုံးပြုသည်။

   မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် တောင်ကိုရီးယား လေ့ကျင့်ရေးခရီးစဉ်တွင်  ခြေစမ်းပွဲသုံးပွဲ ကစားခဲ့ပြီး မေ ၆ ရက်တွင်  တောင်ကိုရီးယားနိုင်ငံမှပြိုင်ပွဲကျင်းပရာ ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ 

ကျော်လွင်