ကမ္ဘာမီးလောင် သားကောင်ချနင်းနေရပြီလား အီသီယိုးပီးယား

ကမ္ဘာမီးလောင် သားကောင်ချနင်းတဲ့။ ဘယ်လောက်တောင်ရက်စက်လိုက်ပါဘိ။ ကမ္ဘာမြေမီးလောင်သကဲ့သို့  ပူပြင်းလာတဲ့ အခါမှာ ကိုယ့်ရင်မှာထွေးပိုက်ထားတဲ့ သားကိုတောင်မှ ချနင်းရက်တဲ့အထိ လူသားတွေရဲ့ အတ္တကြီးပုံကို       ဒီစကားပုံလေးက ဖော်ကျူးထားတာပါ။

ဒီစကားပုံဖြစ်ပေါ်လာရတဲ့ အကြောင်းလေးကို တင်ပြရမယ်ဆိုရင်    ရှေးအခါက လှည်းကုန်သည်တို့ဟာ သဲကန္တာရကို ဖြတ်သန်းပြီး ခရီးသွားကြသတဲ့။

လမ်းခရီးတစ်နေရာရောက်ချိန်မှာ ညအိပ်ရပ်နားပြီး နံနက်မိုးသောက်တာနဲ့ တစ်ပြိုင်နက် လှည်းတွေနဲ့ ခရီးဆက်ထွက်သွားရာ သားအမိနှစ်ယောက်က    သဲကန္တာရထဲမှာ ကျန်ရစ်ခဲ့ပါတော့တယ်။

ဒီလိုနဲ့ မိခင်ဟာသူ့ရဲ့သားငယ်ကိုရင်မှာ ထွေးပွေ့ပြီး      နေရှိန်ပြင်းလှတဲ့ ကန္တာရအလယ်မှာ ခရီးဆက်သတဲ့။    ဒါပေမဲ့ ပူပြင်းလှတဲ့သဲပြင်ပေါ်မှာ ခြေဗလာနဲ့မိခင်က ဘယ်လောက်ကြာကြာ လမ်းလျှောက်နိုင်မှာလဲ။

ဒီတော့သူဟာ  သူ့မှာပါလာတဲ့ ခြင်းတောင်းကို ချနင်းပြီး ခရီးဆက်ပါတယ်။ တဖြည်းဖြည်းနဲ့ခြင်း တောင်းလည်း ပူလာတဲ့အခါ သူ့ရဲ့ခေါင်းခုကိုချနင်းပြီး   ဆက်လျှောက်ပြန်ပါတယ်။

နောက်ဆုံးတော့ နေရဲ့ပူလောင်မှုဒဏ်၊ သဲပြင်ရဲ့ပူလောင်မှုဒဏ်ကို  ခြင်းတောင်းလည်းမခံနိုင်၊ ခေါင်းခုလည်း မခံနိုင်တော့တဲ့အခါ မိခင်ဟာ သူ့ရဲ့ရင်မှာထွေးပွေ့ထားတဲ့ သားငယ်ကိုတောင်မှ ချနင်းရတဲ့အထိဖြစ်လာပြီး အဆုံးသတ်ကတော့    မိခင်ကော သားငယ်ပါ  သေပွဲဝင်သွားကြရပါတော့တယ်။

ဒီပုံပြင်လေးကိုအကြောင်းပြုပြီး  ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံလေး ဖြစ်ပေါ်လာရတာ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ဖတ်မှတ်ဖူးပါတယ်။

အခုလည်း    အီသီယိုးပီးယားနိုင်ငံမှာ အလားတူပုံပြင်ဇာတ်ကြောင်းတွေဖြစ်နေပြီလားရယ်လို့      တွေးထင်မိ လာရပါပြီ။ အကြောင်းရင်းကတော့   အီသီယိုးပီးယားနိုင်ငံမှာ မိုးခေါင်တာ အချိန်ကြာလာပြီ ဖြစ်တဲ့အတွက်     စားဝတ်နေရေး ခက်ခဲလာတာကြောင့် မိဘတွေက သူတို့ရဲ့သမီးငယ်တွေကို လူချမ်းသာတွေလက်ထဲထိုးထည့်ပြီး ဘဝကိုရှေ့ဆက်နေရတဲ့အတွက်   ဖြစ်ပါတယ်။

အီသီယိုးပီးယားဆိုတာ အာဖရိကတိုက်ရဲ့ အရှေ့ပိုင်းဦးချိုဒေသမှာ ပါဝင်တဲ့  နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင်   ပင်လယ်ထွက်ပေါက်ရယ်လို့မရှိတဲ့အတွက် ကုန်းတွင်းပိတ်နိုင်ငံစာရင်းဝင်နိုင်ငံလည်း ဖြစ်ပါတယ်။

အခု အီသီယိုးပီးယားနိုင်ငံမှာ မိုးခေါင်နေတာ သုံးနှစ်ဆက်တိုက်ရှိလာပါပြီ။ ဒီလိုမိုးခေါင်မှုအကျိုးဆက်ကြောင့် အစာရေစာငတ်ပြတ်မှု၊    အာဟာရချို့တဲ့မှုတို့အပြင် လူသန်းပေါင်းများစွာဟာ နေရာရွှေ့ပြောင်း သွားလာနေထိုင်နေရပါပြီ။

ဒီအချိန်မှာ အီသီယိုးပီးယားနိုင်ငံမှာရှိတဲ့ မိန်းမငယ်လေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုဖို့    တွန်းအားပေးခြင်းကို ခံနေရပါပြီ။

ဘယ်သူတွေက တွန်းအားပေးလဲဆိုတော့ သူတို့ရဲ့မိဘတွေကပါ။ ဘာကြောင့်လဲဆိုတော့     သတို့သားရဲ့ မိသားစုဘက်က ပေးရတဲ့ အသွင်းပစ္စည်းဥစ္စာကိုမျှော်ကိုးပြီး ဘဝကိုဆက်လျှောက်ရေးအတွက် အရင်းအနှီးရှာ လာတာကြောင့်ပါပဲ။

ဒီလိုအလေ့အထမျိုးကို    အများဆုံးကျင့်သုံးလာတာကတော့     အိုရိုမီယာပြည်နယ်ရှိ   ဒေသ အများအပြားမှာ ဖြစ်ပြီး တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်လာတယ်လို့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က  ထုတ်ပြန်ထားပါတယ်။

လူဦးရေ ၂ ဒသမ ၇ သန်းရှိတဲ့ အရှေ့ဟာရာဂီဒေသမှာ ကလေးသူငယ်လက်ထပ်မှုက ၂၀၂၀-၂၀၂၁ ခုနှစ်ရဲ့  ခြောက်လ တာကာလအတွင်း   အယောက် ၇၀ သာရှိရာမှ အခုတော့   ၂၀၂၁-၂၀၂၂ ခုနစ်ရဲ့ အလားတူ ခြောက်လတာကာလအတွင်း ကလေးသူငယ်လက်ထပ်မှုက ၁၀၆ ဦးအထိ ရှိလာပါပြီ။

ဒါဟာ    မိုးခေါင်ရေရှားပါတယ်ဆိုတဲ့ အိုရိုမီယာပြည်နယ်ရဲ့ ဒေသခြောက်ခုထဲက တစ်ခုမျှသာရှိပါသေးတယ်။ ဒီတော့ ဒေသခြောက်ခုစလုံးဆိုရင်      ကလေးသူငယ်လက်ထပ်မှုပမာဏက တော်တော်လေးကို များလာမှာပါ။

ဒါ့အပြင် ဒေသတစ်ဝန်းမှာဆိုရင် အခုလို ကလေးသူငယ်လက်ထပ်မှုက အရင်ကထက် လေးဆလောက်   ပိုများလာတာကိုလည်း တွေ့ရပါတယ်။

UNICEF ရဲ့ထုတ်ပြန်ချက်အရဆိုရင် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကနေ သြဂုတ်လအတွင်း ကလေးသူငယ် လက်ထပ်မှုက ၆၇၂ ခုရှိတယ်လို့ ဆိုပါတယ်။

အခုတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ ဒီနှစ်မတ်လအတွင်းမှာ    ကလေးသူငယ်လက်ထပ်မှု အရေအတွက်က ၂၂၈၂ ခုအထိ ရှိလာတယ်ဆိုပြီး  အီသီယိုးပီးယား အစိုးရက တရားဝင် ထုတ်ပြန်ထားပါတယ်။

မိုးခေါင်ရေရှားမှုနဲ့အတူ အစာရေစာငတ်မွတ်မှုတွေလည်း ဖြစ်လာတဲ့အခါ ကလေးငယ်ခြောက်သိန်းကျော်ဟာ ကျောင်းထွက်လိုက်ရပါတယ်။

အထူးသဖြင့် မိန်းကလေးငယ်တွေဟာ ပညာသင်ကြားခွင့်ဆုံးရှုံးမှုနဲ့အတူ   အဓမ္မလက်ထပ် ထိမ်းမြားပေးခြင်း ခံရတဲ့အခါ လိင်ခွဲခြားဆက်ဆံမှုတွေနဲ့ အနိုင်ကျင့်ခံရမှုတွေသာ တိုးလာနေမြဲဖြစ်ပါတယ်။

UNICEF ရဲ့အမှုဆောင်ညွှန်ကြားရေးမှူး ကက်သရင်းရပ်ဆဲတစ်ယောက် အီသီယိုးပီးယားနိုင်ငံကိုသွားပြီး      ဘာကြောင့် မိန်းကလေးငယ်တွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ပေးရတာလဲဆိုတဲ့ အကြောင်းနဲ့ပတ်သက်လို့     သက်ဆိုင်ရာမိဘတွေကို မေးကြည့်တဲ့အခါမှာတော့ အခုလိုပဲသိလာရပါတယ်။

သူတို့ရဲ့သမီးတွေကို လက်ထပ်ပေးလိုက်သူအများစုမှာ အကြောင်းပြချက်တစ်ခုထက်မက ရှိနေပါတယ်။ သူတို့ဟာ ပဋိပက္ခဖြစ်မှာကိုကြောက်ကြတယ်။ မိန်းကလေးတွေရဲ့ လုံခြုံရေးကို စိုးရိမ်ကြတယ်။  သူတို့အတွက် အရင်းအနှီးလိုကြတယ်။    သူတို့ရဲ့ သမီးတွေကို ဆက်ပြီး မကျွေးမွေးထားနိုင်တော့တာတွေ ရှိတယ်။ လို့ ကက်သရင်းရပ်ဆဲက ပြောပါတယ်။

ဒီလိုမျိုးဖြစ်နေရတာဟာ ရေရှည်မှာ မိန်းကလေးငယ်တွေရဲ့ အနာဂတ်ကို ပိုလို့သာ ဆိုးလာစေပါတယ်။   အရွယ်မတိုင်မီ လက်ထပ်လိုက်ရတဲ့အတွက် အခွင့်အလမ်းတွေ အားလုံးဆုံးရှုံးသွားတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ကလေးရပြီး ရှေ့ဆက်ဘာမှဆက်လုပ်လို့မရတော့ဘူး။ ကလေးယူရာမှာလည်း တစ်ဦးနဲ့တစ်ဦးက အသက်သိပ်မကွာတာတွေဖြစ်လာမယ်။

အရေးအကြီးဆုံး အချက်ကတော့ သူတို့လေးတွေဟာ အရမ်းငယ်လွန်းသေးတဲ့အတွက် ဘေးကင်းစိတ်ချရမှုရှိတဲ့ လိင်ဆက်ဆံမှုအကြောင်းကို တစ်လုံးတစ်ပါဒမျှမသိသေးတာကြောင့် အန္တရာယ်ဟာပိုကြီးလာနိုင်ပါတယ်။ ဒါတွေဟာ သူတို့အနေနဲ့ ရင်ဆိုင်တွေ့ကြုံရမယ့် ပြဿနာတွေထဲက အနည်းအကျဉ်းမျှသာ ဖြစ်ပါတယ်။

အီသီယိုးပီးယား နိုင်ငံဆိုတာ နဂိုကတည်းက ကလေးသူငယ် လက်ထပ်ထိမ်းမြားမှုနှုန်း ကမ္ဘာ့အမြင့်ဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အစိုးရက   သူ့နိုင်ငံထဲမှာ ဒီလိုလက်ထပ်မှုတွေ နည်းပါးသွားအောင် ကြိုးပမ်းနေပေမယ့်လည်း အခြေအနေက မပေးပြန်ပါဘူး။  အခုလို မိုးခေါင်ရေရှားမှုတွေဖြစ်လာချိန်မှာတော့ ကလေးသူငယ်လက်ထပ်ထိမ်းမြားမှုနှုန်းဟာ မြင့်တက်မြဲမြင့်တက်ဆဲဖြစ်လာပါတယ်။

၂၀၁၆ ခုနှစ်    သန်းခေါင်စာရင်းအရ အီသီယိုးပီးယားနိုင်ငံမှာရှိတဲ့ အသက် ၁၈ နှစ်အောက်မိန်းကလေး ၄၀ ရာခိုင်နှုန်းဟာ အရွယ်မတိုင်မီ လက်ထပ်နေရသလို ဒီလိုလက်ထပ်နေရတဲ့ အသက် ၁၅ နှစ်အောက် မိန်းကလေးအရေအတွက်ကတော့   ၁၄ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။

မိုးခေါင်ရေရှားမှုကြောင့်   နောက်ထပ်ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုကတော့ အလွန်အမင်း အာဟာရချို့တဲ့မှု ဖြစ်ပါတယ်။

အခုဆိုရင် အာဟာရချို့တဲ့မှုကြောင့် ဆေးရုံတက်ရတဲ့ အသက်ငါးနှစ်အောက်ကလေးငယ်အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၅ ရာခိုင်နှုန်းပိုမြင့်တက်လာပါတယ်။

ဒါ့အပြင် လူအများစုဟာလည်း ညစ်ညမ်းနေတဲ့၊ သောက်တောင်မသောက်သင့်တဲ့ ရေတွေကို     သောက်နေရပါသေးတယ်။

ဒါကြောင့် သူတို့ဟာ    ကာလဝမ်းရောဂါ အပါအဝင် တခြားရောဂါ ပေါင်းစုံကိုလည်း ခံစားနေရပါတယ်။

ဒီနေရာမှာ အံ့သြမိတာတစ်ခုတွေ့ရပါတယ်။ ဘာလဲဆိုတော့     စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံကို ကျတော့ ဒေါ်လာဘီလီယံ နဲ့ချီတဲ့ စစ်လက်နက်ပစ္စည်းတွေပေးပို့နေတဲ့   အမေရိကန်နဲ့အပေါင်းအပါတွေဟာ အတိဒုက္ခ ရောက်နေရတဲ့ အီသီယိုးပီးယားလို နိုင်ငံမျိုးကို ကူညီဖို့ မစဉ်းစားခြင်းပါပဲ။

ဒါဟာလည်း သူတို့အတွက်ငွေကြေးအရ ဘယ်လိုအကျိုးအမြတ်မှ မရနိုင်ဘူးဆိုတာ သေချာနေလို့သာ အခုလိုမကူညီတာဖြစ်နိုင်ပါတယ်။ ဒါကတော့ အခန့်သင့်လို့ တင်ပြရခြင်းပါ။

အီသီယိုးပီးယား နိုင်ငံအကြောင်း ဆက်ပြောရရင်   အဲဒီနိုင်ငံဟာ   တကယ့်ကိုပဲ ဝဋ်ကြွေးကြီးလှတယ်လို့ ဆိုရပါလိမ့်မယ်။

နဂိုကတည်းကမှ  ဆင်းရဲနေရတဲ့ကြားထဲ မိုးခေါင်ရေရှား ဖြစ်တာကလည်း သုံးနှစ်ဆက်တိုက် ရှိလာပါပြီ။

အကျိုးဆက်အနေနဲ့ အစာရေစာငတ်မွတ်မှုတွေ၊    ရောဂါဘယထူပြောမှုတွေနဲ့အတူ ကမ္ဘာမီးလောင်သလို အခြေအနေမျိုးကို ကြုံတွေ့နေရပါတယ်။

ဒီလိုကမ္ဘာမီးလောင်တဲ့အချိန်မှာတော့ အီသီယိုးပီးယားမှ မိဘအများစုဟာ သူတို့ရဲ့ သမီးငယ်တွေကို အရွယ်မတိုင်မီ လက်ထပ်ထိမ်းမြား ပေးခြင်းအားဖြင့် ချနင်းနေရပြီလား လို့သာ ဆိုလိုက်ချင် ပါတော့တယ်။   

Ref: The Guardian