အာဆီယံ ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေး ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂

အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊     ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့့် US ၊  EU Business Councils များအကြားဆွေးနွေးပွဲ၊ (၁၆) ကြိမ်မြောက် အာဆီယံ ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၊ (၆)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းတို့သည် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ၊ အာဆီယံဗဟိုဘဏ် ဥက္ကဋ္ဌများ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်နှင့် ASEAN- Business Advisory Council (ABAC) ၊ EU-ASEAN Business Council (ABC) ၊ US- ASEAN  Business Council (ABC)တို့မှ ကိုယ်စားလှယ်များနှင့်အတူ   အောက်တိုဘာ ၂ ရက် နံနက် ၇ နာရီခွဲတွင် ကျင်းပသည့် "Dialogue for Business Councils (ABAC, EU-ABC, US-ABC)-ASEAN Finance Ministers and Central Bank Governors" ဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် European Union-ASEAN Business Council (EU-ABC) က "Advancing Sustainable Finance in ASEAN" ကိုလည်းကောင်း၊့ US-ASEAN Business Council (US-ABC)က Digital Transformation in Financial Services for the Fourth Industrial Revolution" ကို လည်းကောင်း၊ ASEAN Business Advisory Council (ABAC)  မှ " ASEAN Financial Inclusion Solutions"  နှင့် "ASEAN Digital Trade Connect" ကိုလည်းကောင်း တင်ပြခဲ့ကြပြီး အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများက အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ (၁၆)ကြိမ်မြောက် အာဆီယံ ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေး (16th ASEAN Central Bank Governors' Meeting-ACGM)  ကိုကျင်းပရာ အစည်း အဝေး သဘာပတိ ဗီယက်နမ်ဗဟိုဘဏ် ဥက္ကဋ္ဌ Mr. Le Minh Hung က အဖွင့် အမှာစကားပြောကြားသည်။

ထို့နောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌ များနှင့် အာဆီယံကူးသန်းရောင်းဝယ်ရေး ဘဏ်များမှ ကိုယ်စားလှယ်များအကြား ဆွေးနွေးပွဲကို "Policy Dialogue  on  Promoting  Digital Transformation in Banking Sector"ခေါင်းစဉ်ဖြင့် ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ် (Bank for International Settlements-BIS)  က "Central Bank Digital Currency"  ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ထိုင်းနိုင်ငံ ဗဟိုဘဏ်က "Promoting Digital Transfor- mation in Thailand's Financial" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အာဆီယံ ကူးသန်း ရောင်းဝယ်ရေး ဘဏ်များမှ ကိုယ်စားလှယ်များက "Digital Banking"ခေါင်းစဉ်ဖြင့် လည်းကောင်း တင်ပြကြပြီး အစည်းအဝေး တက်ရောက်လာကြသည့် အာဆီယံဗဟို ဘဏ်ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ထို့နောက် အာဆီယံဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌများ အစည်းအဝေး သဘာပတိက အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေး လုပ်ငန်းစဉ်များ ကြီးကြပ်ထိန်းကျောင်းသည့် အာဆီယံအဆင့်မြင့် ကော်မတီအောက်ရှိ အာဆီယံဘဏ်လုပ်ငန်း ပေါင်းစည်းရေး မူဘောင် (ASEAN Banking Integration Framework-ABIF)၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် (Payment and Settlement Systems-PSS)၊စီးပွားရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုမြှင့်တင်ရေးတွင် အာဆီယံဗဟိုဘဏ်များ၏ အခန်းကဏ္ဍနှင့် အာဆီယံဘဏ် လုပ်ငန်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စည်းမျဉ်းများကို တင်ပြရာ အာဆီယံဗဟိုဘဏ် ဥက္ကဋ္ဌများက ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များအပေါ် လမ်းညွှန်မှုများ ပေးခဲ့ကြသည်။

အာဆီယံဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေအပေါ်  ခံနိုင်ရည်ရှိမှုနှင့် သတင်းအချက်အလက်များအား မျှဝေခြင်း အစီအစဉ် (ASEAN Cybersecurity Resilience and Information Sharing Platform-CRISP) တည်ထောင်ခြင်းအတွက် Memorandum   of   Understanding (MoU) ကို Digital Technology Network (DTN)အဖွဲ့ဝင် အာဆီယံဗဟိုဘဏ် ဥက္ကဋ္ဌများက လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည်လည်း မကြာမီ DTN အဖွဲ့ဝင်ဖြစ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော် ကျော်မောင်က အစည်းအဝေးတွင် တင်ပြခဲ့ပြီး အစည်းအဝေး သဘာပတိကလည်း မှတ်တမ်းတင်ခဲ့သည်။

မွန်းလွဲပိုင်းတွင် (၆)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ များ အစည်းအဝေး (6th ASEAN Finance Ministers' and Central Bank Gover-nors' Meeting-AFMGM) ကိုကျင်းပရာ ၂ဝ၂ဝ ပြည့်နှစ်အတွင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအနေဖြင့် ဆောင်ရွက်သည့် ဦးစား ပေးလုပ်ငန်း အစီအစဉ်များနှင့် စပ်လျဉ်း၍ ဗီယက်နမ်နိုင်ငံမှ တင်ပြဆွေးနွေးပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (Inter- national Monetary Fund-IMF)က ကမ္ဘာ့စီးပွားရေး တိုးတက်မှုအခြေအနေနှင့် အလား အလာများ၊ အာဆီယံ+၃ မေခရိုစီးပွားရေး သုတေသနရုံး (ASEAN+3 Macroeco-nomic Research Office-AMRO)က ဒေသတွင်းစီးပွားရေး တိုးတက်မှုအခြေအနေ နှင့် အလားအလာများနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ COVID-19နှင့် စပ်လျဉ်း၍ မူဝါဒဆိုင်ရာ တုံ့ပြန်ချက်များနှင့် ဆုံးရှုံး နိုင်ခြေများ၊ အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank-ADB)က ဒေသတွင်း စီးပွားရေးတိုးတက်မှု အခြေအနေနှင့် အခြေခံအဆောက်အဦဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၌ COVID-19  ကြောင့် စီးပွားရေး သက်ရောက်မှုအပေါ် တုံ့ပြန်ဆောင်ရွက်မှုများ အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့(IMF)၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB))နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA)တို့မှ သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများပံ့ပိုး ပေးခဲ့မှု၊ G-20 အဖွဲ့ဝင်နိုင်ငံများ၏ ချေးငွေ ပြန်လည်ပေးဆပ်ရန် ဆိုင်းငံ့ပေးမှု အစီအစဉ် (Debt Service Suspension Initiative-DSSI)ဖြင့် ပံ့ပိုးပေးမှု၊ အာဆီယံ+၃ မေခရို စီးပွားရေး သုတေသနရုံး (ASEAN+3 Macroeconomic Research Office AMRO)မှ   နည်းပညာ အကူအညီနှင့် Capacity Building Program  များ ပံ့ပိုးပေးမှုတို့အတွက် ကျေးဇူးတင်ရှိကြောင်း၊ COVID-19 ကြောင့် ရငွေများ လျော့နည်းခဲ့မှု၊ အသုံးစရိတ်များ တိုးမြှင့်သုံးစွဲခဲ့ရမှုများကြောင့် ဘတ်ဂျက်လိုငွေများ များပြားလာပြီး အစိုးရ ကြွေးမြီ မြင့်တက်လာမှုကို ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ အစိုးရ၏ ရငွေများ တိုးမြှင့်ရရှိနိုင်ရေးကိုလည်း အလေးထား စဉ်းစားရမည်ဖြစ်ကြောင်း၊ အစိုးရကြွေးမြီခံနိုင်ရည်ရှိမှု အတွက် အခွန်ရငွေများ တိုးမြှင့်ရရှိရေးကို မူဝါဒရေးရာ စဉ်းစားရမည့် အချက်များအဖြစ် အာရှဖွံ့ဖြိုးရေးဘဏ်၏ အဆိုပြုချက်ကို အပြည့်အဝ သဘောတူကြောင်း ဆွေးနွေးတင်ပြသည်။

ထို့နောက် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကာလလတ်လေ့လာ ဆန်းစစ်မှု၊ ကြီးကြပ်ထိန်းကျောင်းမှုနှင့် အကဲဖြတ်သုံးသပ်မှု လုပ်ငန်းစဉ်များ အပါအဝင် ၂ဝ၂၅ အာဆီယံစီးပွားရေး အသိုက်အဝန်း လမ်းပြမြေပုံ (AEC BLUEPRINT 2025) အောက်ရှိ လုပ်ငန်းတိုးတက်မှု အခြေအနေများကို ဆွေးနွေး တင်ပြသည်။

ဆက်လက်၍ အာဆီယံ ဘဏ္ဍာရေးနှင့် ဒုတိယအကြီးအကဲများ အစည်းအဝေး ပူးတွဲသဘာပတိများက အာဆီယံငွေကြေးနှင့် ငွေရေးကြေးရေး ပေါင်းစည်းမှုနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ခြင်း တိုးတက်မှု အခြေအနေနှင့် ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ တင်ပြသည်။

ယင်းနောက် (၆)ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (6th AFMGM)၏ ပူးတွဲကြေညာချက်ကို အပြီးသတ် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ၂ဝ၂၁ ခုနှစ် အာဆီယံ ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၊ အာဆီယံ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို  ၂ဝ၂၁ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဌ အဖြစ်ဆောင်ရွက်မည့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံတွင် ကျင်းပရန် သဘော တူညီခဲ့ကြောင်း သိရသည်။