မော်လိုက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျောင်းထိုင်ဆရာတော် ၁ ပါးအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်

မော်လိုက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျောင်းထိုင်ဆရာတော် ၁ ပါးအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်

နေပြည်တော်၊ မေလ ၅

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ် ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။

ထိုသို့ ပြုလုပ်လျက်ရှိရာတွင် မေလ ၄ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မော်လိုက်မြို့နယ်၊ တပ်ကုန်းကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျောင်းထိုင် ဆရာတော် ၁ ပါးအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင် များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ မေလ ၃ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်တွင် အဆိုပါကျေးရွာအတွင်း သို့ PDF အကြမ်းဖက်အဖွဲ့များက လက်နက်များကိုင်ဆောင်ကာ ရောက်ရှိလာပြီး ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ဖြစ်သူ ဥူးဓမ္မပီယ(၅၇)နှစ် ဝါတော် (၃၀)ဝါ (ဘ)ဦးစိန်အုပ်အား ကျောင်းအပြင်သို့ ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်ခဲ့သဖြင့် ဆရာတော် ဥူးဓမ္မပီယတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာ၌ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်နှင့်အတူ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်လျက်ရှိ သော ဥူးသူရိယ(၄၄)နှစ် ဝါတော်(၂၄)ဝါနှင့် ဥူးဉာဏိက(၃၅)နှစ် ဝါတော်(၁၆)ဝါတို့မှာ အကြမ်းဖက် သမားများ၏ ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ရေး ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၃၉ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ သေဆုံးခဲ့ပြီး အထက်ပါဖြစ်စဉ်မှ သာသနာ့ အနွယ်ဝင် သံဃာတော်အား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော် စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိသည်။