ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားတိုင်း လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်ပါက အစိုးရထံမှ လျော်ကြေးတောင်းနိုင်တော့မည်ဟုဆို

ဥရောပသမဂ္ဂအဖွဲ့ဝင်  နိုင်ငံများမှ နိုင်ငံသားများအနေဖြင့် လေထုညစ်ညမ်းမှုကြောင့်  ကျန်းမာရေး ထိခိုက်စေသည် အထိဖြစ်ပွားပါက သက်ဆိုင်ရာအစိုးရများကို တရားစွဲပြီး လျော်ကြေးငွေတောင်းခံနိုင်တော့မည် ဖြစ်ကြောင်း ဥရောပတရားရုံးချုပ်မှ အကြံပေးတစ်ဦးက မေ ၅ ရက်တွင်ပြောသည်။

ပြီးခဲ့သည့်နှစ်များအတွင်းက ပြင်သစ်၊ ပိုလန်၊ အီတလီနှင့် ရိုမေးနီးယားနိုင်ငံတို့ အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင် ၁၀ နိုင်ငံခန့်သည် တရားဥပဒေနှင့်မညီသောလေထုညစ်ညမ်းမှုကို  ဖြစ်ပေါ်စေခြင်းအတွက် အပြစ်ရှိကြောင်း တွေ့ရှိရာ ဥရောပသမဂ္ဂတရားရုံးချုပ်က ဆုံးဖြတ်ချက်များ ချမှတ်ပြီးနောက် အကြံပေးပုဂ္ဂိုလ်၏ သဘောထားမှတ်ချက်   ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂ၏ အဆိုပါဥပဒေအရ အဖွဲ့ဝင်ဖြစ်သောမည်သည့်နိုင်ငံတွင်မဆို လေထုအရည်အသွေး ကာကွယ်ရေးအတွက် သတ်မှတ်စံနှုန်းများကို ကျော်လွန်ချိုးဖောက်ပါက  ထိုနိုင်ငံရှိ နိုင်ငံသားများ အနေဖြင့် အစိုးရထံမှ လျော်ကြေးငွေတောင်းခံပိုင်ခွင့်ရှိသည်ဟူသော အချက်နှင့်  ပတ်သက်၍ ရှေ့နေချုပ် ဂျူလီယာနီကိုကော့က ကြည့်ရှုစစ်ဆေးနေသည်ဟု တရားရုံးချုပ်က ထုတ်ပြန်ထားသည်။

သို့သော် လျော်ကြေးငွေတောင်းဆိုမည့် မည်သူမဆို ၎င်း၏ကျန်းမာရေးက လေထုညစ်ညမ်းမှုနှင့် တိုက်ရိုက်သက်ဆိုင်ကြောင်း သက်သေပြရန်လိုအပ်မည်ဟု ကိုကော့က ပြောထားသည်။

အကယ်၍ အစိုးရအနေဖြင့်လည်း လေထုညစ်ညမ်းမှုဖြစ်ပွားရာနေရာတွင် လေထုအရည်အသွေး ကောင်းမွန်စေရေး အစီအစဉ် လုပ်ဆောင်နေလျှင် လေထုညစ်ညမ်းမှု ကန့်သတ်ချက်များကို ချိုးဖောက်မှုရှိသည့်တိုင် လျော်ကြေးငွေပေးရမှုမှ ကင်းလွတ်ခွင့်ရမည် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လေထုညစ်ညမ်းမှု ဖြစ်ပွားမှုအများဆုံးသော နေရာများတွင် နေထိုင်ကာ အသက်မွေးဝမ်းကျောင်းရသည့် ဆင်းရဲသားများအတွက်   ဥပဒေအရ  အကာအကွယ်လိုအပ်ကြောင်း ကိုကော့က မှတ်ချက်ပြုပြောထားသည်ဟု သိရသည်။    

Ref:CNA