The Rock အမည်ရှိ ကမ္ဘာ့အကြီးဆုံးရှားပါးစိန်ဖြူကို ဂျီနီဗာမြို့၌ လေလံတင်ရောင်းချသွားမည်

အလေးချိန် ၂၂၈ ဒသမ ၃၁ ကာရတ်ရှိ    The Rock ဟုအမည်ပေးထားသည့်    ကမ္ဘာ့အကြီးဆုံးရှားပါးစိန်ဖြူကို ခရစ်စတီးကုမ္ပဏီက လာမည့် သီတင်းပတ်တွင် ဆွစ်ဇာလန်နိုင်ငံ    ဂျီနီဗာမြို့၌ လေလံတင်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုစိန်သည် လေလံတင်ရောင်းချဖူးသော စိန်များအနက်  အကြီးဆုံးစိန်ဖြူ ဖြစ်ကြောင်း၊ အရွယ်အစားမှာ ဂေါက်သီးတစ်လုံးစာမျှ ရှိကြောင်းနှင့်  သစ်တော်သီးပုံစံ အဆိုပါ စိန်ဖြူကို အမေရိကန်ဒေါ်လာသန်း ၃၀ ဖြင့် ရောင်းချနိုင်မည်ဟု   မျှော်မှန်းရကြောင်း လေလံကုမ္ပဏီကပြောသည်။

စိန်များကို  အလေးချိန်မပျက်စေဘဲ ပုံစံလှပစေရန်သွေးရကြောင်း၊ ယခုစိန်ဖြူသည်  အလွန်ကိုစနစ်ကျသည့်   သစ်တော်သီးပုံစံဖြစ်ပြီး  လေလံတင်ရောင်းချမည့် ရှားပါးကျောက်မျက်ရတနာများ အနက်တစ်ခုဖြစ်ကြောင်း ခရစ္စတီးကုမ္ပဏီ၏ ကျောက်မျက်ရတနာဌာနမှူး မက်ဖောဆက်ကပြောသည်။

အဆိုပါစိန်ကို တောင်အာဖရိက နိုင်ငံမှ   တူးဖော်ရရှိခြင်းဖြစ်ပြီး မူလပိုင်ရှင်က ထိုစိန်ကိုလည်ဆွဲ လုပ်ဝတ်ခဲ့ခြင်း ဖြစ်ကြောင်း လေလံကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်က လေလံတင်ရောင်းချဖူးသော  အကြီးဆုံးစိန်ဖြူသည် ၁၆၃ ဒသမ ၄၁ ကာရတ်ရှိပြီး ၂၀၁၇ ခုနှစ်တွင် ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: CNA