ယူဂန္ဓာဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေကြေးထုတ်ဝေရန် စဉ်းစားနေ

ယူဂန္ဓာဗဟိုဘဏ်ကတော့ ခရစ်တိုငွေကြေးတွေကို တားမြစ်ပိတ်ပင်ခြင်း အလျဉ်းမရှိဘဲ ဒစ်ဂျစ်တယ်ငွေကြေးကို ထုတ်ဝေဖို့ စဉ်းစားနေပါတယ်။

ဒါပေမဲ့ စားသုံးသူကိုအကာအကွယ်ပေးရေးနဲ့ ငွေကြေးကို အသုံးပြုနိုင်ရေးတို့ အပါအဝင်  နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုများနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်နေပါတယ်။

ဗဟိုဘဏ်အနေနဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို ထုတ်ဝေရမလား၊ မထုတ်ဝေရဘူးလား ဆိုတာနဲ့ ပတ်သက်ပြီး ပဏာမလေ့လာမှုတွေ လုပ်နေပါတယ်။ အထူးသဖြင့်တော့ ဘယ်လိုမူဝါဒတွေက အသင့်လျော်ဆုံးဖြစ်မယ် ဆိုတာကို ဖော်ထုတ်နေတာပါ လို့ ဗဟိုဘဏ်ရဲ့  အမျိုးသားငွေပေးချေမှုဌာနမှ ညွှန်ကြားရေးမှူး အန်ဒရူးကာဝဲက ပြောပါတယ်။

အာဖရိကဒေသမှာရှိတဲ့အစိုးရအဖွဲ့များက ဒစ်ဂျစ်တယ်ငွေကြေးများနဲ့ပတ်သက်လို့ သူမတူတဲ့နည်းလမ်းတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါတယ်။

နိုင်ဂျီးရီးယားဗဟိုဘဏ်ဆိုရင် ပြည်တွင်းဘဏ်တွေအနေနဲ့ ခရစ်တိုငွေကြေးတွေကို အရောင်းအဝယ်မလုပ်ဖို့   ပြီးခဲ့တဲ့နှစ်မှာ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ရဲ့ကိုယ်ပိုင်ဒစ်ဂျစ်တယ်ငွေကြေးကို ထုတ်ဝေခဲ့တာပါ။

အလားတူ ဗဟိုအာဖရိကသမ္မတနိုင်ငံဆိုရင်လည်း ဘစ်ကွိုင်ကို တရားဝင်ငွေကြေးအဖြစ် ပြီးခဲ့တဲ့လမှာ သတ်မှတ်ခဲ့ပါတယ်။

ဒီလိုသတ်မှတ်မှုဟာ အာဖရိကဒေသမှာ ပထမဆုံးဖြစ်ပါတယ်။

ယူဂန္ဓာဗဟိုဘဏ်အနေနဲ့ ကိုယ်ပိုင်ဒစ်ဂျစ်တယ်ငွေကြေးထုတ်ဝေရေးအတွက် လုပ်ဆောင်နေတဲ့ လေ့လာမှုတွေ ဘယ်အချိန်မှာ ပြီးဆုံးမယ်၊ ဒစ်ဂျစ်တယ်ငွေကြေးကို ဘယ်အချိန်မှာ ထုတ်ဝေမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး အချိန်ကန့်သတ်ထားတာမျိုးတော့ မရှိပါဘူး။

အဓိကအားဖြင့်တော့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေက ဘယ်လိုတွေရှိနိုင်လဲဆိုတဲ့အပေါ်မှာ  မူတည်နေတာ ဖြစ်ပါတယ်။

ယူဂန္ဓာဘဏ်အနေနဲ့ ရင်ဆိုင်နေရတဲ့ အကြီးဆုံးသော စိုးရိမ်ပူပန်မှုကတော့ စားသုံးသူ အကာအကွယ်ပေးရေးပါပဲ။ ယူဂန္ဓာနိုင်ငံမှာ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပတ်သက်လို့ နားလည်သိရှိမှုက အနိမ့်ဆုံးအဆင့်မှာ ရှိပါတယ်။ ဒီအတွက် ပြည်သူလူထုအနေနဲ့ အခုလိုမျိုးဒစ်ဂျစ်တယ် ငွေကြေးနဲ့ ပတ်သက်လာရင် အကာအကွယ်ရရှိဖို့ လိုအပ်ပါတယ် လို့ အန်ဒရူးကာဝဲကပြောပါတယ်။

ဒါ့အပြင် စမတ်ဖုန်းများ၊ ကွန်ပျူတာများနဲ့ အင်တာနက်ကဲ့သို့သော လိုအပ်တဲ့အခြေခံ အဆောက်အအုံတွေ နည်းပါးနေသေးတဲ့ အတွက်လည်း တကယ်လို့  ဒစ်ဂျစ်တယ်ငွေကြေးထုတ်ဝေပြီးသည့်တိုင် ဒီငွေကြေးကို အသုံးပြုနိုင်ဖို့က ဖြေရှင်းရမယ့်ကိစ္စတစ်ခုဖြစ်နေပါသေးတယ်။

လက်ရှိမှာ ယူဂန္ဓာနိုင်ငံဟာ ခရစ်တိုငွေကြေးအသုံးပြုမှုကို တရားဝင်အသိအမှတ်မပြုထားရသေးပါဘူး။ ဒါပေမဲ့ တာဝန်ရှိသူတွေက ခရစ်တိုငွေကြေးနဲ့ပတ်သက်လို့ နည်းပညာတွေကို လေ့လာပြီး စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ဖို့လုပ်ဆောင်နေစဉ် လိုင်စင်ရငွေကြေးလုပ်ငန်းတွေအနေနဲ့ ဒီငွေကြေးကို အရမ်းကာရောမကိုင်တွယ်ဖို့

ဗဟိုဘဏ်က သတိပေးထားပါတယ်။

ဘလော့ချိန်းအချက်အလက် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Chainalysis ရဲ့ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ် မတ်လကနေ ၂၀၂၂ ခုနှစ် မတ်လအတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံနဲ့ညီမျှတဲ့ ခရစ်တိုငွေကြေး ပမာဏကို ယူဂန္ဓာနိုင်ငံသားတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

Ref:CNA