မြန်မာနေရှင်နယ်လိဂ်တွင် ဒုတိယဆုရရှိပြီး AFC Cup ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိသည့် အတွက် ဂုဏ်ယူမိကြောင်း ဟံသာဝတီယူနိုက်တက် အသင်း နည်းပြချုပ်ပြော

၂ဝ၂ဝ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ အပြီးတွင် ချန်ပီယံဆုနှင့် လွဲချော်ခဲ့သော်လည်း   ဒုတိယဆုရရှိပြီး လာမည့်နှစ် AFC Cup ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိသည့်အတွက်  ဂုဏ်ယူမိကြောင်း ဟံသာဝတီ ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်း ကပြောသည်။

အောက်တိုဘာ ၁ ရက်က ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌   ကျင်းပသည့် မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ်တွင် ဟံသာဝတီယူနိုက်တက် အသင်းနှင့် ဧရာဝတီယူနိုက်တက် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး  နှစ်ဂိုးစီသရေဖြင့်  ပြီးဆုံးခဲ့သည်။

ယင်းပွဲသရေရလဒ်ကြောင့် ဟံသာဝတီ ယူနိုက်တက် အသင်းသည်  မြန်မာနေရှင် နယ်လိဂ်  ပွဲစဉ်အားလုံး ပြီးဆုံးချိန်တွင် ၁၃ ပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံး ရမှတ် ၄၁ မှတ် ဖြင့် ဒုတိယဆု ရရှိခဲ့သည်။

''ကျွန်တော်တို့  ဒီရာသီမှာ  ချန်ပီယံ ဆုနဲ့လွဲခဲ့ပေမယ့်    ဒုတိယဆု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်။   အသင်းပိုင်ရှင်၊ အုပ်ချုပ်သူ၊ တာဝန်ရှိသူ၊  နည်းပြတွေနဲ့ ကစားသမားအားလုံး ပူးပေါင်း ဆောင်ရွက်မှုကြောင့် လုပ်ဆောင်နိုင်ခဲ့တာပါ။ အသင်း သမိုင်းတစ်လျှောက် အမြင့်ဆုံးဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။  ဒါ့ပြင်  လာမယ့်နှစ် AFC Cup ပြိုင်ပွဲကိုလည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်'' ဟု ဦးမျိုးမင်းထွန်းက ပြောသည်။

ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဟံသာဝတီယူနိုက်တက် အသင်းသည်    ၂ဝဝ၉ ခုနှစ်က    အသင်းစတင် တည်ထောင်ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံး ပြိုင်ပွဲ သမိုင်းတစ်လျှောက်   ပထမအကြိမ် ဒုတိယဆု ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်   ကော်မတီ၏ ထုတ်ပြန်ချက်အရ ယခုနှစ် ဘောလုံးရာသီ အမှတ်ပေး ချန်ပီယံဆုရရှိခဲ့သည့်    ရှမ်းယူနိုက်တက် အသင်းက AFC  ချန်ပီယံလိဂ် ခြေစစ်ပွဲ   ယှဉ်ပြိုင်ခွင့်ရရှိပြီး  ဟံသာဝတီ ယူနိုက်တက်အသင်းက င AFC Cup ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။