အမေရိကန်အား ဆိုက်ဘာနည်းပညာအရ ခြိမ်းခြောက်သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိလာသည့် မြောက်ကိုရီးယား

အမေရိကန်အား ဆိုက်ဘာနည်းပညာအရ ခြိမ်းခြောက်သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိလာသည့် မြောက်ကိုရီးယား

မြောက်ကိုရီးယားနိုင်ငံသည် ကမ္ဘာ့နိုင်ငံများ၏ အစိုးရအဖွဲ့များ၊ ဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် စက်မှုလုပ်ငန်း ကဏ္ဍများအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သော်လည်း နိုင်ငံတကာ၏ တုံ့ပြန်မှုများမှာ   မြောက်ကိုရီးယား၏နျူကလီးယား၊  ဒုံးကျည်လက်နက် ထုတ်လုပ်မှု အစီအစဉ်များနှင့်    နှိုင်းယှဉ်ပါက လုံလောက်မှုမရှိဟု အမေရိကန်ထောက်လှမ်းရေး အဖွဲ့မှ  ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည်  လက်ရှိတွင် ကမ္ဘာပေါ်၌ ဆိုက်ဘာခြိမ်းခြောက်မှု လုပ်ဆောင်နေသည့် နိုင်ငံလေးနိုင်ငံ အနက်တစ်နိုင်ငံအဖြစ်     ပါဝင်လျက်ရှိသည်ဟုအမေရိကန်ထောက်လှမ်းရေး အဖွဲ့က သုံးသပ်ထားပြီး   မြောက်ကိုရီးယား အစိုးရအနေဖြင့် အမေရိကန်အား ချည့်နဲ့စေရန်သို့မဟုတ်   လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းသွားစေရန်  ဆိုက်ဘာ တိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု အမေရိကန်ထောက်လှမ်းရေးအဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် လက်ရှိတွင် ဆိုက်ဘာပြောက်ကျား စစ်ဆင်မှုကိုလုပ်ဆောင်နေပြီး အမေရိကန်အပါအဝင် တခြားနိုင်ငံများ၏   အထူးလျှို့ဝှက်ထားသော စစ်ရေးလျှို့ဝှက်ချက်များကို ခိုးယူ၍ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိ ငွေကြေးများ သို့မဟုတ် ဒစ်ဂျစ် တယ်ငွေကြေးများကို ရယူလျက်ရှိသည်ဟု အနောက်နိုင်ငံများက   ယူဆနေသည်။ မြောက်ကိုရီးယား၏ ဆိုက်ဘာတိုက်ခိုက်မှုသည် အမေရိကန် အပါအဝင် တခြားနိုင်ငံ အများအပြား၏   ကွန်ပျူတာကွန်ရက်များကို ထိခိုက် သို့မဟုတ် ချည့်နဲ့စေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

မြောက်ကိုရီးယားက လုပ်ဆောင်သည့် ဆိုက်ဘာ တိုက်ခိုက်မှုများတွင်  အဓိကအားဖြင့် ဘဏ္ဍာရေး၊ အခြေခံ အဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေး၊ စစ်ဘက်နှင့် အစိုးရအဖွဲ့၏  ကွန်ပျူတာကွန်ရက်များ ပါဝင်လျက်ရှိသည်။

မြောက်ကိုရီးယားအစိုးရသည် တခြားနိုင်ငံအပေါ်  ကနဦးဆိုက်ဘာ တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင်  နိုင်ငံတစ်နိုင်ငံ၏ ကာကွယ်ရေး၊    ယင်းနိုင်ငံအတွင်းရှိ နျူကလီးယားစက်ရုံများနှင့်    အခြေခံ အဆောက်အအုံများ၊ ဆက်သွယ်ရေးစနစ် များ၊ မီဒီယာများနှင့် ကော်ပိုရေးရှင်းများ စသည့်ကဏ္ဍများနှင့် သက်ဆိုင်သည့် ကွန်ရက်များကို အဓိကထား၍ ချည့်နဲ့စေရန်သော် လည်းကောင်း၊ လုံးဝရပ်ဆိုင်းသွားစေရန်သော် လည်းကောင်း ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံ၏   တိုးတက်ဆန်းပြားသည့် ဆိုက်ဘာစစ်ဆင်ရေး လုပ်ဆောင်ချက်များသည် ပိုမိုကောင်းမွန်လာပြီး နိုင်ငံ၏စီးပွား ရေးအခြေအနေမှာ  ပိုမိုဆိုးရွားလာခြင်းကြောင့် မြောက်ကိုရီးယား အစိုးရအနေဖြင့် နိုင်ငံအပေါ်ချမှတ်ထားသည့်   ပိတ်ဆို့မှုများကို ရှောင်ရှား၍   နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များအတွက် ငွေကြေးရယူနိုင်ရန်   အဓိကထား လုပ်ဆောင်လာခြင်းဖြစ်သည်။ 

မြောက်ကိုရီးယား ဟတ်ကာများသည်   ၂၀၂၁ ခုနှစ်အတွင်းမှာပင် ဆိုက်ဘာတိုက်ခိုက်မှုမှ အမေရိကန်ဒေါ်လာသန်း ၄၀၀ ရရှိခဲ့သည့်အပြင် ယခုနှစ် ဧပြီလအတွင်းကလည်း ဗီဒီယိုဂိမ်း ကုမ္ပဏီတစ်ခုမှ အမေရိကန်ဒေါ်လာသန်း ၆၂၀ ကို ခိုးယူခဲ့သည်ဟု အမေရိကန်အက်ဖ်ဘီအိုင်အဖွဲ့က ထုတ်ပြန်သည်။ ထို့ကြောင့် မြောက်ကိုရီးယား၏ ဆိုက်ဘာ တိုက်ခိုက်မှုများသည် ယခုအခါ အမေရိကန်အပါအဝင် တခြား အနောက်နိုင်ငံများအား ဆိုက်ဘာနည်းပညာအရ ခြိမ်းခြောက်လာသည့် နိုင်ငံတစ် နိုင်ငံအဖြစ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

Ref:Nationalinterest