ဆားဘီးယားက NATO တပ်ဖွဲ့ထဲ မဝင်ဘဲ စစ်မှုမထမ်းမနေရ စနစ်ကို ပြန်လည် အသက်သွင်းမည်

ဆားဘီးယားက NATO တပ်ဖွဲ့ထဲ မဝင်ဘဲ စစ်မှုမထမ်းမနေရ စနစ်ကို ပြန်လည် အသက်သွင်းမည်

ဆားဘီးယားနိုင်ငံ အနေဖြင့် NATO  တပ်ဖွဲ့ဝင်နိုင်ငံများကြားတွင်  ရှိနေသော်လည်း ထိုတပ်ဖွဲ့ထဲသို့ဝင်မည် မဟုတ်ဘဲ စစ်မှုမထမ်း မနေရစနစ်ကို   ပြန်လည် အသက်သွင်းမည်ဖြစ်ကြောင်း ဆားဘီးယား သမ္မတ အလက်ဆန်းဒါးဗူစစ်က နိုင်ငံတော်သို့ပြောသည့် အထူးမိန့်ခွန်းတွင် ပြောသည်။

ဆားဘီးယားနိုင်ငံသည် ဘက်မလိုက် နိုင်ငံဖြစ်သောကြောင့် စစ်ရေးအရ ဘက်မလိုက်သည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် NATO တပ်ဖွဲ့သို့ဝင်ရောက်မည် မဟုတ်ဘဲ ထိုအခြေအနေကို ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်ကြောင်း အလက်ဆန်းဒါးဗူစစ်က ပြောသည်။

အလားတူ ရက်ပေါင်း ၉၀ ကြာ စစ်မှုမထမ်းမနေရ စနစ်သတ်မှတ်ချက်ကို မကြာခင် ပြန်လည်အသက်သွင်းရန် စဉ်းစားနေကြောင်း အလက်ဆန်းဒါးဗူစစ်က ကြေညာသည်။

ဆားဘီးယားနိုင်ငံက စစ်မှုမထမ်း မနေရ စနစ်ကို ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ရုပ်သိမ်းလိုက်ခြင်းဖြစ်ပြီး ထိုစနစ်ကို ပြန်လည်အသက်သွင်းမည်ဟု ပြီးခဲ့သည့် နှစ်နှစ်ကတည်းက ထင်မြင်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆားဘီးယားနိုင်ငံသည် ဥရောပသမဂ္ဂသို့ ဝင်ရောက်နိုင်ရေး လုပ်ဆောင်နေသကဲ့သို့ တစ်ဖက်တွင်လည်း ရုရှား၊ တရုတ်တို့နှင့် ရင်းနှီးချစ်ကြည်သော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားသည့်အပြင် အမေရိကန်နိုင်ငံနှင့်လည်း ဆက်ဆံရေး တိုးတက်စေရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။