သတင်းတု သတင်းမှားကင်းရှင်းရေး

အွန်လိုင်းမီဒီယာများက ကမ္ဘာကြီးတွင် သဘောထားကွဲလွဲမှုများနှင့် တင်းမာမှုများကိုဖြစ်စေရန် မီးထိုးပေးနေကြောင်း နိုင်ငံတကာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ စည်းကမ်းဖြင့် ထိန်းသိမ်းထားခြင်း မရှိသော အွန်လိုင်းမီဒီယာများသည် သတင်းတုများနှင့် ဝါဒဖြန့်မှုများကို ဖြန့်ဖြူးနေသောကြောင့် ကမ္ဘာ တစ်ဝန်းတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများနှင့် တင်းမာမှုများ ဖြစ်စေရန် မီးထိုးပေးနေကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က မေ ၃ ရက်တွင် ထုတ်ပြန်ကြောင်း ဖော်ပြထားသည်။ သတင်းတုများဖြန့်ဖြူးနေသော လူမှုကွန်ရက်မီဒီယာများကြောင့် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းများတွင် အက်ကြောင်းများ ပိုမိုဖြစ်ပေါ်လာကြောင်းကို ထိုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းတု သတင်းမှားထုတ်ပြန်မှုများပြားလာခြင်းကို ကာကွယ်နိုင်ရေးအတွက် သင့်လျော်သည့် ဥပဒေကြောင်းအရဖြစ်သော မူဘောင်များကို ချမှတ်ရန်လိုအပ်လာကြောင်း ညွှန်ပြထားသည်။ သတင်းတု သတင်းအမှားများသည် အမှန်တကယ်တော့ လူသတ်လက်နက်တစ်မျိုးဟုပင် ဆိုနိုင်သည်။ ကျည်တစ်တောင့် သည်လူတစ်ယောက်ကိုထိမှန်နိုင်ချင်မှထိနိုင်သော်လည်း သတင်းမှားတစ်ပုဒ်ရေးသားချက်က လူပေါင်း များစွာကို သေတွင်းသို့ ပို့ဆောင်နိုင်လေသည်။ လက်တွေ့ဥပမာအားဖြင့် ပြရလျှင် မြန်မာနိုင်ငံအတွင်း အဖျက်လုပ်ရပ်မျိုးစုံ လုပ်ဆောင်နေသော အကြမ်းဖက်အဖျက်သမားတို့က မိမိတို့နှင့် သဘောထားချင်း မတိုက်ဆိုင်သော ကျေးရွာတစ်ရွာအား ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးလိုက်သည်။

အွန်လိုင်းပေါ်တွင် သို့တည်းမဟုတ် အခြားသောသတင်းဌာနတွင် ထိုသတင်းကို ချက်ချင်းဖော်ပြပါရှိလာသည်။ အကြမ်းဖက်အဖျက်သမားတို့၏ လူသတ်၊ ရွာမီးရှို့လုပ်ရပ်များ ကွယ်ပျောက်သွားပြီး ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ပေးသူများက မီးရှို့သူများ ဖြစ်သွားအောင် ရေးသားတတ်ကြသည်။ တစ်ကြိမ် တစ်ခါလည်းမဟုတ်၊ အကြိမ်ကြိမ်အခါခါသတင်းအမှားဖြန့်ဖြူးသည်။ ဒေသခံပြည်သူများအနေဖြင့် သတင်းအမှန်သိကြသော်လည်း အခြားသော ပြည်ပနိုင်ငံများ၊ အကြမ်းဖက်အဖျက်သမားတို့ကို လက်ခံနေသူများက သတင်းအမှားကို အမှန်ဟု ယုံကြည်သွားတတ်ကြသည်။

မဟုတ်မမှန်လိမ်လည်ထားသောသတင်းတု၊ သတင်းအမှားများကို ယုံကြည်လက်ခံမိသော လူငယ်လူရွယ်တို့ဘ၀ နစ်မွန်းသွားကြသည်။ လက်နက်ကိုင်စွဲကာ အဖျက်လုပ်ရပ်များ လုပ်ဆောင်နေရသည်ကိုပင် ဂုဏ်ယူ နေတတ်ကြသည်။ တချို့ကမှားမှန်း သိနေသော်လည်း ရုန်းကန်ထွက်ဖို့ မလွယ်ကူတော့ပေ။ မိသားစု ပေါင်းများစွာ၊ လူငယ်မောင်မယ်ပေါင်း များစွာတို့ သောကပင်လယ်မှာ မျောသွားကြသည်။ ညွှန်ကြားသူနှင့် သတင်းတုဖန်တီးသူတို့က ငွေထုပ်ပိုက်ကာ ပျော်နေကြချိန်တွင် ထိုလူငယ်အပေါင်းတို့ကား ယနေ့လားမနက်ဖြန်လားမသေချာသော အနာဂတ်နှင့် ဒုက္ခပေါင်းစုံကိုကြိုလင့်နေရတော့သည်။ ထို့ကြောင့် သတင်းတု သတင်းမှားများကို ဖန်တီးသူများကား လူသတ်သမားထက်ပင် ဆိုးရွားရက်စက်သူများဟု ဆိုနိုင်ပေသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားအားလုံးတွင် ဒီမိုကရေစီအခွင့်အရေးများ ရှိထားပြီး ဖြစ်ပါသည်။ ဒီမိုကရေစီအခွင့်အရေးအရ မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိပြီး လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်များရှိထားပြီး ဖြစ်ပါသည်။ ထိုအခွင့်အရေးများမှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် ဆန့်ကျင်မှုမရှိသော အခွင့်အရေးများသာ ဖြစ်ရပေမည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲတွင် ပေါ်ပေါက်လာခဲ့သော ဆန္ဒဖော်ထုတ်မှုသည် ရိုးသားစွာ ဆန္ဒထုတ်ဖော်မှု မဟုတ်တော့ဘဲ လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် တန်ပြန်လက်နက်ကိုင် ပစ်ခတ်တိုက်ခိုက်မှု အဆင့်သို့ ရောက်ရှိလာပြီး စက်ရုံ အလုပ်ရုံများကိုမီးရှို့ဖျက်ဆီးခြင်း၊ သဘောထားမတိုက်ဆိုင်သူများကို သတ်ဖြတ်ခြင်း စသည်ဖြင့် အကြမ်းဖက်လုပ်ရပ်များကို ဆိုးဆိုးရွားရွား လုပ်ဆောင်လာခဲ့ကြသည်။ မီးလောင်ရာလေ ပင့်တိုက်သည့်ပမာ ပြည်ပမီဒီယာများ၊ ပြည်ပအားကိုးမီဒီယာများက အားပေးအားမြှောက် ပြုခဲ့သဖြင့် လူငယ်မောင်မယ်တို့ဘ၀ နစ်မွန်းခဲ့ကြရသည်။

ဖြစ်ရပ်မှန်၊ အကြောင်းရင်း အခြေခံဖြစ်သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှု တရားမဲ့ပြုမှုကို ဖုံးကွယ်အမှောင်ချကာ သွေးထိုးလှုံ့ဆော်မှုပြုခဲ့ကြသည်။ မျက်ဖြူဆိုက်လေဆရာကြိုက်လေ ဆိုသည့်အတိုင်း နိုင်ငံတစ်နိုင်ငံ မတည်မငြိမ် ဖြစ်နေမှ သူတို့အတွက်ကောင်းကျိုးဖြစ်ထွန်းနေမည် ဖြစ်သော ပြည်ပနိုင်ငံအချို့က အဖျက်အမှောင့် အမျိုးမျိုးတွင် သတင်းတု၊ သတင်းမှား ထုတ်လွှင့်ခြင်းသည် အကောင်းဆုံးသော ဖျက်နည်းအဖြစ် ခံယူထားသည့်အတိုင်း လုပ်ဆောင်နေခြင်းဖြစ်သည်။ မြန်မာပြည်သူများ အနေဖြင့်မူ အဆိုပါ ပြည်ပနိုင်ငံအချို့၏ သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်မှုကို ရွံရှာမုန်းတီးနေပြီဖြစ်သည့်အပြင် အဆိုပါ သတင်းတုသတင်းမှားကြောင့် လူငယ်မောင်မယ်တို့ဘ၀ ဒုက္ခနွံတွင်းကျရောက်နေခြင်းကို အလိုမရှိပါကြောင်း ရေးသားလိုက်ရပေသည်။  ။