မွန်ပြည်နယ်မှ ထွက်ရှိသည့် မင်းကွတ်သီးများ ဈေးကောင်းရနေ

မွန်ပြည်နယ်မှ ထွက်ရှိသည့် မင်းကွတ်သီးများ ဈေးကောင်းရနေ

မွန်ပြည်နယ်မှ ထွက်ရှိသည့် မင်းကွတ်သီးများ စတင်ထွက်ရှိချိန်တွင် ဈေးကောင်း ရနေကြောင်း မင်းကွတ်သီး စိုက်ပျိုးသူများ ၏ပြောဆိုချက်အရ သိရသည်။

လတ်တလောတွင် မင်းကွတ်သီး အကြီးတစ်လုံးလျှင် ငွေကျပ် ၃၂၀၊ အလတ် တစ်လုံးလျှင် ငွေကျပ် ၂၅၀ နှင့် အသေးတစ်လုံးလျှင် ငွေကျပ် ၁၅၀ အထိ ဈေးနှုန်း ရရှိနေပြီး အလုံးရေ ၁၅၀ ပါ ခြင်းတစ်ခြင်း လျှင် ငွေကျပ်  ၄၈၀၀၀၊  ၃၇၅၀၀ နှင့် ၂၂၅၀၀  စသည်ဖြင့်  ဈေးနှုန်းအသီးသီး ရရှိကြောင်း သိရသည်။

“မင်းကွတ်သီးကတော့ နှစ်စဉ် အရောင်း သွက်ပါတယ်။ ဒီနှစ်က ဈေးလည်းကောင်း တယ်” ဟု မွန်ပြည်နယ်မှ ကျွဲကော၊ ဒူးရင်း နှင့်    မင်းကွတ်သီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ဦးမင်းမင်းစိုးက ပြောသည်။

မင်းကွတ်သီးသည် နိုဝင်ဘာလမှစ၍ အဖူးဖူးလေ့ရှိပြီး ခြောက်လခန့်အကြာတွင် ဆွတ်ခူးနိုင်ကြောင်း သိရသည်။

“ခူးတာကတော့ အခွံလေးတွေ အညိုရောင်သန်းမှ ခူးတာပိုကောင်းတယ်။ အညို ရောင်မသန်းခင် ခူးလိုက်ရင် စားမကောင်းတော့ဘူး။ ရောင်းတမ်းဝင်အောင် အညို ရောင်သန်းမှ ခူးပါတယ်။ သူက  ဒူးရင်းသီး လိုမဟုတ်ဘူး။  ရောဂါဒဏ်လည်းခံနိုင်တယ်။  ရေတော့မှန်မှန်ပေးရတယ်”  ဟု ဦးမင်းမင်းစိုးကပြောသည်။

မင်းကွတ်ပင်တွင် သီးပုပ်နှင့် သီးခွံမာ ရောဂါသာရှိပြီး  ဒူးရင်းသီးကဲ့သို့  ပိုးကျ ရောက်မှုမရှိကြောင်း၊ သက်တမ်းအားဖြင့် ၁၀ နှစ်ဝန်းကျင်တွင် စတင်ဆွတ်ခူးနိုင်ပြီး သက်တမ်း  နှစ် ၄၀  မှ ၅၀ ခန့်အထိ ဆွတ်ခူးနိုင်ကြောင်း သိရသည်။

မင်းကွတ်သီးကို မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌   စိုက်ပျိုးလေ့ရှိပြီး   မွန်ပြည်နယ်၌ ၆၁၉၂   ဧကစိုက်ပျိုးကာ   ဒေသတွင်း သစ်သီးဝလံ စိုက်ပျိုးမှု၏  အဆင့် (၁၁) တွင်စိုက်ပျိုးနိုင်သည့်  ဈေးကွက်ဝင်သီးနှံ တစ်မျိုးဖြစ်ကြောင်း သိရသည်။