မြန်မာအမျိုးသမီးအသင်းက အုပ်စုအဖွင့်ပွဲတွင် လာအိုကို ဂိုးပြတ်အနိုင်ရ

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ  အမျိုးသမီးဘောလုံးပွဲစဉ်အုပ်စု(ခ )ပြိုင်ပွဲများကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ကျင်းပရာ  မေ  ၁၀  ရက် ည  ၆  နာရီခွဲတွင်  ထိုင်းအသင်းနှင့် စင်ကာပူအသင်းတို့က လည်းကောင်း၊  ည ၉ နာရီတွင် မြန်မာအသင်းနှင့် လာအိုအသင်းတို့ကလည်းကောင်း   အသီးသီး ယှဉ်ပြိုင်ကစားကြသည်။

 ပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ   ထိုင်းအသင်းက စင်ကာပူအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ညပိုင်းတွင် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  မြန်မာအသင်းက လာအိုအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

မြန်မာအမျိုးသမီးအသင်းက  ပထမပိုင်း ပွဲစချိန်မှစတင်ပြီး    လာအိုအသင်းဘက်ကို   ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့ရာ  ဝင်းသိင်္ဂီထွန်းက မိနစ် ၃၀ တွင် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

ဒုတိယပိုင်းတွင်   ရှေ့တန်းတိုက်စစ်မှူး ခင်မာလာထွန်းက ၅၇ မိနစ်တွင်လည်းကောင်း၊ ၆၈ မိနစ်တွင် လည်းကောင်း အသီးသီး  သွင်းယူပေးနိုင်သည့်အတွက် မြန်မာအသင်းက    လာအိုအသင်းကို  ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိသည်။

 မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲအုပ်စု(ခ)တွင် ထိုင်းအသင်း၊ လာအိုအသင်း၊ စင်ကာပူအသင်းတို့နှင့်တစ်အုပ်စုတည်း ကျရောက်ပြီး မေ ၁၃  ရက်တွင် ထိုင်းအသင်းနှင့် လည်းကောင်း၊  မေ ၁၅  ရက်တွင် စင်ကာပူအသင်းနှင့်လည်းကောင်း  အသီးသီးယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။  

ကျော်လွင်