ငယ်ဘဝ

ယမန်နေ့မှ အဆက်

ထိုနွားနို့များကိုခြံရှင်၏မိန်းမက မြေအိုးနှင့်ရွက်၍ ရွာထဲမှာလှည့်လည်ရောင်းသည်။ ရွာနှံ့အောင်ရောင်းပြီး အပြန်တွင်   ရွာတောင်တံခါးအထွက်မှာရှိသော မောင်ငြိမ်းချမ်းတို့အိမ်သို့ဝင်လာပြီး  နှစ်ဆယ်သား၊  အစိတ်သားကျန်သမျှနွားနို့များကို အလကားပေးသွား လေ့ရှိသည်။

မိုးကျ၍သူတို့ရွာသို့နွားခြံများပြန်ပြောင်းချိန်တွင် အမေကြီးက ဆန်၊ ဆီ၊ ကုလားပဲစသည့်လယ်ထွက်၊ ယာထွက်သီးနှံများကို   လက်ဆောင်ပြန်ပေးရပါ သည်။

နွားနို့ရောင်းသူအပြန်မှာ နေ့စဉ်ဝင်ပေးသောနွားနို့ များကို အမေကြီးကအိုးတစ်လုံးနှင့်ထည့်၍မီးဖိုပေါ် တင်ပြီး  ပွက်ပွက်ဆူသည်နှင့်ဆော့ကစားနေသော  မောင်ငြိမ်းချမ်းကိုလှမ်းခေါ်သည်။

မောင်ငြိမ်းချမ်းသိပါသည်။ နွားနို့သောက်ရန်ခေါ် ခြင်းဖြစ်သည်။

မောင်ငြိမ်းချမ်း ကစားနေရာမှ ပြေးသွားလိုက်သည်။ အမေကြီးက ဆူပွက်အောင်ကြိုပြီးသောနွားနို့များကို ဆုံပန်းကန်(ဟင်းချိုရည်ထည့်အလယ်တည်ကြွေပန်း ကန်လုံးကြီး)ထဲထည့် ဆားခတ် ဇွန်းတပ်ပြီး မောင်ငြိမ်း ချမ်းကို အသောက်ခိုင်းသည်။

နွားနို့ရောင်းသူကျန်၍ပေးသောနွားနို့ကို အမေကြီးက အလွယ်ဆုံးအသုံးချလိုက်ခြင်းဖြစ်သည်။ စာတစ်လုံးမျှ မတတ်သောအမေကြီးသည် နွားနို့၏အကျိုးကြီးမားပုံ နားလည်၍မဟုတ်ပါ။ စားသုံးရန်အာဟာရကောင်း အဖြစ်တော့သိပါသည်။ ထို့ကြောင့် မောင်ငြိမ်းချမ်းကို အသောက်ခိုင်းခြင်းဖြစ်သည်။

မောင်ငြိမ်းချမ်းကလည်း မြန်မြန်သောက်ပြီးလျှင် မြန်မြန်ပြန်ကစားချင်၍ကောင်းခြင်း၊ မကောင်းခြင်း၊ သောက်လိုခြင်း၊ မသောက်လိုခြင်းစဉ်းစားမနေတော့ဘဲ ပန်းကန်လိုက်ကိုင်၍ မော့သောက်ပစ်လိုက်သည်။  သောက်ပြီးသည်နှင့် သူငယ်ချင်းများရှိရာညောင်ပင် အောက်သို့ အမြန်ပြန်ပြေးပါသည်။

ဤနည်းအားဖြင့် မောင်ငြိမ်းချမ်းငယ်စဉ်က နေ့စဉ်နီးပါး နွားနို့ပန်းကန်ကြီးတစ်လုံးသောက်ခဲ့ရ ပါ၏။ ညီအစ်ကိုမောင်နှမများနှင့်မတူ တစ်မူထူးခြား ၍ မောင်ငြိမ်းချမ်း၏အရပ်ခြောက်ပေအထိ ထွားကျိုင်း သည်မှာ ဆော့ကစားအရွယ်တွင် နေ့စဉ်နွားနို့တစ်ပန်း ကန်သောက်ရခြင်းလည်း အကြောင်းတစ်ချက်ဖြစ်မည် ဟုမှတ်ယူမိပါသည်။

ရွာဓလေ့နှင့်ငယ်ဘဝ ရွာမှာနေရသည့်ငယ်ဘဝကို မောင်ငြိမ်းချမ်းပျော် သည်။ အဖေကြီး၏ခြံကျယ်ကြီးထဲမှာ ပန်းပင်များ၊ စားပင်သီးပင်များစုံလင်သည်။ ငှက်ပျောသီးဝယ်မစားရ၊ ခြံအပင်များမှ အဝစားရသည်။  သပြေသီးဆိုသည်မှာ အပင်ပေါ်တက်ပြီး စိတ်ကြိုက်စားရသည်။ သရက်သီး ခြံထဲမှာအမျိုးစုံရှိသည်။ နက်တဲ့၊ သုံးလုံးတစ်တောင်၊ အောင်ဒင်၊ ကြေးတငုံ၊ ဘင်္ဂလား ကြိုက်ရာခူးစားနိုင်သည်။

မာလကာသီးဆိုလျှင်  အူနီသီး၊ အူဖြူသီးအစုံရှိ သည်။ မောင်ငြိမ်းချမ်းက သစ်ပင်တက်ကျွမ်း၍ကိုယ် တိုင်ခူးစားနိုင်သည်။

ကျောင်းပိတ်ရက်များမှာ သူငယ်ချင်းများနှင့် တောလည်သွားရသည်။ ဝါတွင်းဆိုလျှင် နှမ်းခင်းများမှာ ကဆစ်သီးကောက်ထွက်ရသည်။ သခွားသီးမျိုးနွယ်ပင် မှ သီးသောအလုံးကလေးများဖြစ်သည်။ မရန်းသီး အရွယ်၊ ဂွေးသီးအရွယ်ဖြစ်သည်။ မှည့်လျှင်ဝါဝင်းနေ သည်။ စားလျှင်သခွားမွှေးသီးလိုချိုသည်။ နူးညံ့သည်။ အလေ့ကျပေါများစွာပေါက်သည်။ နှမ်းခင်းထဲဆင်းသွား လျှင် ပုဆိုးခါးပိုက်နှင့်အပြည့် ခဏအတွင်းရသည်။  မောင်ငြိမ်းချမ်းတို့အဝစားကြသည်။ မြောင်းမကြီးဘက်သွားလျှင် ဖိုးဝန်ကြီး၏ မာလကာ ခြံရှိသည်။ ကလေးများစားရန်စိုက်ထားခြင်းဖြစ်သည်။ သို့သော် သူ့ခြံမှာသူ့စည်းကမ်းရှိသည်။ ကြိုက်သလောက် ခူးစား၊ စား၍ဝလျှင်အဖေ၊ အမေမို့ ညီလေးနှမလေးမို့ ခူးသွားနိုင်သည်။ ရောင်းတော့မစားနှင့်ရောင်းစားသည် သတင်းကြားလျှင် နောက်တစ်ခေါက်လာပါက နားရင်း အရိုက်ခံရမည်။

ဦးမြအေးသခွားခင်းကတော့ အခင်းထဲမှာကြိုက် သလိုစား။ ခူးသွားခွင့်မရှိ။ သူ့ခြံသွားလျှင် မောင်ငြိမ်းချမ်း တို့သူ့စည်းကမ်းကိုလိုက်နာကြသည်။ မိုးဦးကျလျှင်ရွာတောင်ဘက်မှ   စင်္ကြံကုန်းမှာ ကျောက်ပွင့်များကောက်ရ သည်။ မောင်ငြိမ်းချမ်းတို့ ရွာမှာသာရှိသည့် ထူးခြားသောစားစရာဖြစ်သည်။ သဘာဝထွက်ကုန်ဖြစ်၏။ ကြွက်နားရွက်မှိုနှင့်တူသည်။ ရေစင်စင်ဆေးပြီး သုတ်စား၍ရသည်။   ကြာဆံနှင့် ဟင်းချိုချက်၍ရသည်။ မောင်ငြိမ်းချမ်းတို့လိုသလောက်  သွားကောက်ယူစားကြသည်။ မည်သူမျှရောင်းစားသည် ဟူ၍မရှိ။

မိုးဖြိုင်ဖြိုင်ကျလျှင် အနောက်ဘက်အင်းစောင်းမှ ယာခင်းများတွင် မြေပဲပင်ပေါက်များသွားနုတ်ကြရသည်။

ချက်စား၊ ကြော်စား၊  အားရှိသော အာဟာရဖြစ်သည်။ နွေဦးပေါက်ဆိုလျှင်  ထန်းသီးခိုင်များကို  တက်နိုင်သူ များက ချိုင်ချပေး၍    ကလေးများအဝ စားကြရသည်။

ဘုရားပွဲ၊ ကျောင်းပွဲ၊ အလှူပွဲများမှ သွားရစားရသည် များကိုလည်း မောင်ငြိမ်းချမ်းပျော်သည်။ အောင်ညိုသည် အဖေရော၊ အမေပါမရှိ။ အဒေါ့် အိမ်မှာနေရသည်။ မောင်ငြိမ်းချမ်းနှင့်ဘောလုံးကစား ဖက်၊ တောလည်သွားဖက်၊ တစ်ရက်တွင် မောင်ငြိမ်းချမ်း ကို   သူတို့တောသို့ခေါ်သွားပြီး    ကောက်ရိုးပုံနား မှာအထိုင်ခိုင်းသည်။   ပြီးမှ   ကောက်ရိုးပုံထဲမှာ  ထည့်အုပ်ထားသော   ငှက်ပျောခိုင်ကိုဆွဲထုတ်လိုက် သည်။ တစ်ခိုင်လုံးရွှေရောင်ဝင်းပနေ၏။ မောင်ငြိမ်းချမ်း  အလွန်ကြိုက်သော    နံ့သာပုငှက်ပျောသီးများဖြစ် သည်။

''အဝစားကွာ''ဟုအောင်ညိုက ပြောသည်။ နှစ်ယောက်သား တစ်ခိုင်လုံးကုန်အောင် စားကြသည်။ ဗိုက်ကား၍ သွားကြ၏။      

ဆက်လက်ဖော်ပြပါမည်။         

လယ်တွင်းသားစောချစ်