ကောင်းရာ တိုးပွားနှုတ်စကား ပြောကြားကြပါစို့

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာ ၄ ရက်)

မြန်မာတို့၏ လူမှုဆက်ဆံရေး နယ်ပယ်တွင် စကားအပြောအဆိုတတ်သိနားလည်မှုသည် လွန်စွာအရေးကြီးပေ သည်။ ဒူးနေရာဒူး တော်နေရာတော် သူ့အဆင့်နှင့်အညီပြောဆိုကြရသည်။ ကာလံ ဒေသံ အဂ္ဂံ ဓနံ အချိန် အခါကာလဒေသလိုက်၍ လိုက်လျောညီထွေပြောဆိုတတ်ရသည်။ ဆရာသည် တပည့်ကို မင်းနှင့်ငါစသော  အသုံးအနှုန်းပြောဆို၍ သင့်လျော်သော်လည်း တပည့်ဖြစ်သူက ဆရာ့အား မင်းနှင့်ငါအသုံးအနှုန်းဖြင့် ပြန်ပြော လျှင် မသင့်လျော်ပါ။ ရဟန်းသံဃာတော်များနှင့်တွေ့ဆုံလျှင်လည်း အရှင်ဘုရား၊ မှန်ပါ့ဘုရား စသည်ဖြင့်  သုံးနှုန်းရမည်မှာ မြန်မာတို့၏ဓလေ့ဖြစ်သည်။

စကားတစ်ခွန်းသည် လွန်စွာအရေးပါအရာရောက်လှပေသည်။ စကားပြောဆိုမှုလိမ္မာပါးနပ်ခြင်းသည် တန်ဖိုးကြီး မားလှသည်။ ပုဂံရာဇဝင်တွင် နရသီဟပတေ့မင်းလက်ထက် ပြည်ပကျူးကျော်မှုနှင့် ရင်ဆိုင်ရသော အချိန်က ရှင်ဒိသာပါမောက် ရဟန်းတော်၏စကားကြောင့် နှစ်နိုင်ငံစစ်မက်ဖြစ်ပွားမှုကို ရှောင်လွှဲနိုင်ခဲ့သည်။

ထိုအချိန်က မွန်ဂိုဧကရာဇ်တို့ အင်အားတောင့်တင်းနေချိန်တွင် မြန်မာနိုင်ငံသည်လည်း မွန်ဂိုတို့၏ကျူးကျော် ရန်စမှုကိုကြုံတွေ့ရသည်။ ရှင်ဒိသာပါမောက်သည် ငြိမ်းချမ်းရေးသံတမန်အဖြစ် မွန်ဂိုဧကရာဇ်နှင့်တွေ့ဆုံပြီး အကျိုးသင့် အကြောင်းသင့်၊ အဆိုးအကောင်း စကားဆိုနိုင်ခဲ့သည့်အတွက် မွန်ဂိုတို့ တပ်ရုပ်သိမ်းပြီးပြန်သွား ခဲ့ကြသည်။

စကားပြောဆိုမှုနှင့်ပတ်သက်၍ ''ချစ်စေလို ခံတွင်းလက်လေးသစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ်'' ဟူသောစကားကို လူတိုင်းကြားဖူးကြမည်ဖြစ်သည်။ ခံတွင်းလက်လေးသစ်ထဲကထွက်လာသောစကားသည် အမုန်းစကားဖြစ်လျှင် အမုန်းတွေပွားရန်သာရှိသည်။ ချစ်ဖွယ်သောစကားဆိုပါလျှင် တစ်ဦးနှင့်တစ်ဦး သံယောဇဉ် တွယ်ကာ မိတ်ကောင်းဆွေကောင်းများဖြစ်သွားပါလိမ့်မည်။ တချို့စကားကို လက်လွတ်စပယ်  ပြောဆိုတတ် သည်။ သူတစ်ပါးရင်ထဲတွင် မည်သို့ ခံစားသွားရမည်ကို စဉ်းစားလေ့မရှိပေ။ အပြောခံရသူ၏ရင်ထဲတွင် အကြိတ် အခဲဖြစ်ကာ နောင်တွင်လူသတ်မှုဖြစ်သည်အထိ ကြီးထွားသွား သည်မျိုးရှိတတ်သည်။ ထင်ထင်ရှားရှား ဥပမာ တစ်ခုပြရလျှင် နရသီဟပတေ့မင်းနှင့် မိဖုရားရှင်မောက်တို့၏ ဖြစ်ရပ်တစ်ခုဖြစ်သည်။ မင်းကြီးက စားတော်ပွဲတွင် အခြားမိဖုရားများ၏သားများကို ဝက်လက်အမြဲပေး၍ သူ၏သား သီဟသူကို ဝက်ပေါင်အမြဲပေးသည်ကို မကျေနပ်သဖြင့် သားကင်သူကိုလာဘ်ထိုးပြီး သီဟသူကို ဝက်လက် ပေးစေသည်။ ထိုအကြောင်းကို မင်းကြီး သိသွားသဖြင့် ရှင်မောက်ကို''ဝက်လက်ခိုးမ''၊ သီဟသူကို ''ဝက်လက် ခိုးမသား''ဟု မကြာခဏ ကျီစယ်လေ့ရှိ သည်။ ထိုစကားတစ်ခွန်းသည် သီဟသူအတွက် တစ်သက်မမေ့နိုင် စရာဖြစ်သွားခဲ့လေသည်။

နရသီဟပတေ့သည် တရုတ်တပ်များ ပုဂံသို့ကျူးကျော်လာသောအခါ စစ်အင်အားတောင့်တင်းစွာ ပြန်လည် တိုက်ခိုက် ရမည့်အစား အောက်မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးခဲ့သည်။ ရာဇဝင်တွင် တရုတ်ပြေးမင်းဟု သတ်မှတ်ခံ ရသည်။ အဆိုပါ တရုတ်ပြေးမင်းသည် ပုသိမ်တွင် အခြေစိုက်နေထိုင်ရာမှ ပုဂံသို့အပြန်ခရီးတွင် ခရီးတစ်ထောက်နားရာ အဖြစ် ပြည်မြို့သို့ဝင်ခဲ့သည်။ ထိုအချိန်က ပြည်မြို့တွင် မင်းပြုနေသည်မှာ သီဟသူ ဖြစ်သည်။ သီဟသူက ဖခင်ဖြစ်သူ နရသီဟပတေ့မင်းအား အဆိပ်တိုက်ကျွေး၍ လုပ်ကြံခဲ့သည်။ သီဟသူ သည် ခမည်းတော်က ဝက်လက်ခိုးမသား ဆိုသည့် စကားကြောင့် စိတ်နာကျည်းပြီး အခွင့်အခါသင့်သောအခါ  လုပ်ကြံလိုက်ခြင်းဖြစ်သည်။ ဤသည်မှာ အကျိုးမဲ့သောစကားကြောင့် အသက်ဆုံးရှုံးရခြင်းဖြစ်သည်။

တချို့ကစကားကို ချိုချိုသာသာပြောတတ်ပါလျက် ရိုင်းစိုင်းကြမ်းတမ်းစွာပြောဆိုကြသည်။ နားဝင်လည်း မချို၊ ယဉ်ကျေးမှုလည်း မဖြစ်၊ ရန်ပွားရုံသာ ဖြစ်တတ်သည်။ ကုန်းဘောင်ခေတ်က မိန်းမနှစ်ယောက်ရန်ဖြစ် ကြရာ တစ်ယောက်က ''နင့်လို ငါမတတ်ဘူး'' ပြောသည်ကို မကျေမနပ် တရားစွဲသဖြင့် ရုံးသို့ရောက်ကြသည်။ တရားသူကြီးက နင် ဆိုသော စကားသည် ရုန့်ရင်းကြမ်းတမ်းသော ဖရုသဝါစာစကားဖြစ်၍ မပြောသင့်ကြောင်း ဆုံးမသြဝါဒပေးသည်။ နင်ဆိုသော စကားပြောမိရုံဖြင့် တရားစွဲခံရသည်အထိ ဖြစ်ရသည်ကိုကြည့်လျှင် ထိုခေတ် အခါက စကားအပြောအဆိုယဉ်ကျေးသိမ်မွေ့မှုကို မည်မျှအလေးထားကြောင်း သိနိုင်ပေသည်။

တစ်ယောက်နှင့်တစ်ယောက်စကားဖြင့် ဆက်သွယ်ပြောဆိုနေကြရသော လူသားများအတွက် စကားတစ်ခွန်း သည် အလွန်အရေးကြီးသည်။ စကားတစ်ခွန်းထဲမှာပါသော အကြောင်းအချက်၊ ထင်မြင်ချက်၊ ခံစားချက်များ က နားထောင်သူကို သာ အောင်လည်းလုပ်နိုင်သည်။ နာ အောင်လည်းလုပ်နိုင်သည်။ သာ လျှင်တော့ ကိစ္စ မရှိပါ။ နာ လျှင်တော့ နောက်ဆက်တွဲပြဿနာများကပေါ်လာရမြဲဖြစ်သည်။ ကြမ်းကျွံလျှင် နုတ်၍ရသည်။

စကားလွန်လျှင် နုတ်၍မရဆိုသောဆိုရိုးစကားကို အများကြားဖူးသည်။ စကားဆိုတာ လှောင်အိမ်ထဲက ငှက်လို ပါပဲ။ တံခါးဖွင့် လွှတ်လိုက်လို့ ထွက်ပြေးသွားပြီဆိုရင် ပြန်ခေါ်လို့ မရတော့ပါ။ ထို့ကြောင့် ယနေ့ လူငယ် မောင်မယ်များ အနေဖြင့် ကောင်းရာ တိုးပွားနှုတ်စကား ပြောကြားကြပါစို့ ဟူ၍ တိုက်တွန်းရေးသား လိုက်ရ ပေသည်။    ။