ကဆုန်လပြည့် ချမ်းမြေ့သာယာ ပြည်မြန်မာ

ကဆုန်လပြည့် ချမ်းမြေ့သာယာ ပြည်မြန်မာ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မေ ၁၄ ရက်)

မြန်မာနိုင်ငံ၏မြို့တော်အဖြစ် နေပြည်တော်ကို ၂၀၀၆ ခုနှစ်တွင် စတင်ပြောင်းရွှေ့ခဲ့ပြီး မြို့တော်အင်္ဂါရပ်များပြည့်စုံစွာ တည်ဆောက်ထားပါသည်။ ထူးခြားထင်ရှားသည်မှာ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီနှင့်ပုံစံတူ စေတီတော်တစ်ဆူကိုလည်း ရဟန်းရှင်လူပြည်သူ အပေါင်းက သောင်းသောင်းဖြဖြ တည်ထားကိုးကွယ် ခဲ့ကြသည်။ ဥပ္ပါတသန္တိ အမည်တော်ရှိပြီး ရွှေတိဂုံစေတီထက် ဉာဏ်တော်တစ်ပေလျော့ကာ တည်ထားခြင်းဖြစ်သည်။ ထိုစေတီတော်ကြီး၏ ပရိဝုဏ်အတွင်း မဟာဗောဓိပင် အမှတ်(၁)နှင့် အမှတ် (၂)တို့တွင် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲကို ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် (၁၄)ကြိမ်ရှိခဲ့ပြီဖြစ်သည်။ ယခင်က ကျင်းပခဲ့သည့် အခမ်းအနားများမှာ နေပြည်တော်ကောင်စီနှင့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့က ဦးစီးကျင်းပခြင်းဖြစ်သည်။

(၁၃)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပွဲမှစ၍  နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ကျင်းပဆောင်ရွက်ခဲ့သည်မှာ နှစ်နှစ်ရှိပြီဖြစ်သည်။ မဟာဗောဓိပင် ဆိုသည်မှာ ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသား ဖွားမြင်တော်မူသောနေ့တွင် အတူတကွဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် ဖွားဖက်တော်ခုနစ်ပါးထဲမှ တစ်ပါးဖြစ်ပါသည်။ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ရောက်ရှိစေရန် များစွာ အထောက်အကူပြုခဲ့သည့်အတွက် မဟာဗောဓိပင်သည် ပရိဘောဂစေတီထိုက်သော စေတီတော်တစ်ဆူလည်းဖြစ်ပါသည်။ ကဆုန်လသည် မြေကြီးဓာတ်တွင် ရေပြတ်လပ်သည့် နွေကာလဖြစ်သည့်အတွက်  ဗောဓိပင်တော်များကို ကဆုန်ညောင် ရေသွန်းလောင်းခြင်းလည်း ဖြစ်သည်။

ကဆုန်ညောင်ရေ သွန်းလောင်းခြင်းသည် မဟာဗောဓိပင်များကို စိမ်းလန်းစိုပြည်၍ အခက်အလက် တို့ဝေဆာစေခြင်း၊ သက်တမ်းရှည်စေခြင်း၊ သက်တော်ထင်ရှားရှိသော ဘုရားရှင်ကို ပူဇော်ရာရောက်ခြင်းတို့ကြောင့် တည်ငြိမ်အေးချမ်း၍ သာယာဝပြောသော နိုင်ငံတော်ကြီးအဖြစ် မြန်မာနိုင်ငံသည် တည်ရှိနေမည် ဖြစ်ပါသည်။ တိုင်းသူပြည်သား အားလုံးသည်လည်း နှလုံးစိတ်ဝမ်း အစဉ်အေးချမ်းစေလျက် ကောင်းသောအကျိုးတရားများ ဖြစ်ထွန်းစေမည်မှာ အမှန်ပင်ဖြစ်သည်။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓသာသနာသမိုင်းတွင် ထူးခြားသော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

ကဆုန်လပြည့်နေ့သည် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ ဘဝတွင် ဒီပင်္ကရာမြတ်ဘုရား ခြေတော်ရင်း၌ နိယတဗျာဒိတ်ပန်း ဆင်မြန်းခဲ့သောနေ့ဖြစ်ခြင်း၊ သိဒ္ဓတ္ထမင်းသားအဖြစ် ဖွားမြင်သောနေ့ ဖြစ်ခြင်း၊ မြတ်စွာဘုရားရှင်သည် ဗောဓိဆိုသည့် သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသောနေ့ဖြစ်ခြင်းနှင့် မြတ်ဘုရားပရိနိဗ္ဗာန် စံဝင်တော်မူသောနေ့ ဖြစ်ခြင်းတို့မှာ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် အလွန်ပင် ထူးခြားမွန်မြတ်သည့် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ခရစ်ယာန် ဘာသာနှင့်အစ္စလမ်ဘာသာတို့မှာ  ဗုဒ္ဓဘာသာထွန်းကားပြီး  နှစ်အတန်ကြာမှ ပေါ်ပေါက်လာသော ဘာသာများဖြစ်သည်။

ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သည့် အထွေထွေညီလာခံကြီးက “ကဆုန်လပြည့် ဗုဒ္ဓနေ့”ကို နိုင်ငံတကာ ဝိသာခါအခါတော်နေ့ (International Vesak day or Visakha day) ဟု ဆုံးဖြတ်ချက်အမှတ် ၅၄/၁၁၅ ဖြင့်ထုတ်ပြန်ခဲ့ပါသည်။ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီးတွင် ကျင်းပမည့် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို နှစ်ပိုင်းခွဲကာ ကျင်းပမည်ဖြစ်ကြောင်းသိရှိရသည်။ ပထမပိုင်း အခမ်းအနားဖြစ်သည့် ဒါန၊ သီလ၊ ဘာဝနာကုသိုလ်မှု ဆည်းပူးခြင်း အခမ်းအနားကို ဥပ္ပါတသန္တိစေတီတော်ကြီး၏ လိုဏ်ဂူတော်အတွင်း ကျင်းပမည်။ ဒုတိယပိုင်း အခမ်းအနားကို စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ မဟာဗောဓိပင်များတည်ရှိရာ ရင်ပြင်တော်တွင်ကျင်းပမည်။

အဆိုပါ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြမည်ဖြစ်သည်။ ကုသိုလ်ကောင်းမှုပြုခြင်းသည် လူနတ်ဗြဟ္မာ သတ္တဝါအားလုံးအတွက် ကောင်းကျိုးကိုပြုမူ ဆောင်ရွက်ခြင်းဖြစ်သည်။ ကောင်းမှုပြုသူများ အတွက် နတ်လူများသာဓု ခေါ်စမြဲဖြစ်သည်။ ကောင်းမှုပြုလုပ်ခြင်းကို လူသားတိုင်းက နှစ်သက်ကြသည်။ ကဆုန်ညောင် ရေသွန်းလောင်းခြင်းသည် တိုင်းပြည်အေးချမ်းခြင်း ဟူသောကောင်းသော နိမိတ်ကိုဆောင်ခြင်းဖြစ်သည်။

ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာအရဖြစ်စေ၊ ဘာသာတရား၏ အဆုံးအမအရဖြစ်စေ ရှုမြင်မည်ဆိုပါက ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းဖြစ်သကဲ့သို့ အမျိုးသား ယဉ်ကျေးမှုစရိုက် လက္ခဏာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများဆုံးနေထိုင်သော တိုင်းပြည်ဖြစ်သော်လည်း အခြားသော ဘာသာဝင်များကို အသိအမှတ်ပြုထားသည့်နိုင်ငံဖြစ်သည်။

ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ တစ်ဝန်းလုံး မိမိတို့နှင့်နီးစပ်ရာ မဟာဗောဓိပင်များကို ညောင်ရေ သွန်းလောင်းကြမည်ဖြစ်ပေရာ ထိုကုသိုလ်ကောင်းမှုကြောင့် မြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာ ရှိပါစေကြောင်း ရေးသား လိုက်ရပေသည်။    ။