ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ပီတန်းအားကစားသမား ခင်ချယ်ရီသက်က ဆွတ်ခူးရရှိ ၊ ပီတန်း၊ ကူရက်ရ်၊ လှေလှော်နှင့် ကာယဗလ ကာယအလှပြိုင်ပွဲများမှ ငွေတံဆိပ်နှင့် ကြေးတံဆိပ်များ ထပ်မံရရှိ

ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ပီတန်းအားကစားသမား ခင်ချယ်ရီသက်က ဆွတ်ခူးရရှိ ၊ ပီတန်း၊ ကူရက်ရ်၊ လှေလှော်နှင့် ကာယဗလ ကာယအလှပြိုင်ပွဲများမှ ငွေတံဆိပ်နှင့် ကြေးတံဆိပ်များ ထပ်မံရရှိ

ဗီယက်နမ်   မေ   ၁၃

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့်  (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပီတန်း (အမျိုးသား/အမျိုးသမီး)အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ National Sports Training Center ၌ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ  အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာအားကစားအဖွဲ့များမှ  တက်ရောက်ကြည့်ရှု အားပေးကြသည်။

အဆိုပါပြိုင်ပွဲတွင် ပီတန်းအားကစားသမား  ခင်ချယ်ရီသက်သည် မြန်မာနိုင်ငံ အတွက် ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။

ပွဲဦးထွက်ပြိုင်ပွဲတွင်  ခင်ချယ်ရီသက်သည် ပြိုင်ဘက်အသင်းဖြစ်သော ငါးနိုင်ငံမှ အသင်းများဖြင့် ယှဉ်ပြိုင်ကစားခဲ့ရာ ရမှတ်အများဆုံးဖြင့် နံပါတ်(၁)နေရာ ရရှိခဲ့ပြီး နံပါတ်၄ နေရာမှ ကမ္ဘောဒီးယားနိုင်ငံဖြင့် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဆက်လက် ယှဉ်ပြိုင်ကစားရာတွင် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။

ထို့နောက် ဗိုလ်လုပွဲ ပွဲစဉ်တွင် လာအိုအသင်းမှ အားကစားသမားနှင့် ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြရာ မခင်ချယ်ရီသက်က လာအိုအားကစားသမား Kip Thepphakan ကို အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ရယူပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ပီတန်းအားကစားသမား မောင်ဝင်းသူရိန်ထွန်းကလည်း  ကြေးတံဆိပ်ဆု ရရှိခဲ့ကြသည်။

ဆက်လက်ပြီး Hoai Duc Gymnasium ၌ Kurash အားကစားပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို  ကျင်းပရာ (-၇၀)ကီလိုတန်း အမျိုးသမီးပြိုင်ပွဲတွင် မဖြိုးဆွေဇင်ကျော်သည်  ဗီယက်နမ် အားကစားသမားကို အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ငွေတံဆိပ်ဆုကို လည်းကောင်း၊ (-၇၃) ကီလိုတန်း အမျိုးသားပြိုင်ပွဲတွင် မောင်စိုးမြင့်ထွန်းမှ ကြေးတံဆိပ်ဆုကို လည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

ယနေ့နံနက်ပိုင်းတွင် Hai Phong မြို့၌ Rowing အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ရာ အမျိုးသမီး (၂)တက် လှော်ပြိုင်ပွဲတွင် မရွှေဇင်လတ်နှင့် မနီလာဝင်းတို့က ကြေးတံဆိပ်ဆုကို လည်းကောင်း၊ Ha Noi National Sports Training Center  ၌ ကျင်းပလျက်ရှိသော   ကာယဗလ ကာယအလှ အားကစားပြိုင်ပွဲ ၅၅ ကီလိုတန်းတွင် မောင်ကျော်မင်းသန်းက  ကြေးတံဆိပ်ဆု ကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြောင်း သတင်းရရှိသည်။