သာသနာရောင်ဝါ ထွန်းလင်းစေဖို့

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မေ ၁၅ ရက်)

ပတ္တမြားမှန်လျှင် နွံမှာနစ်သော်လည်း မညစ်ဟူသော မြန်မာစကားပုံရှိသည်။ ပတ္တမြားမှန်လျှင် နွံမှာနစ်သော်လည်း အရည်အရောင် မညစ်သကဲ့သို့ တန်ဖိုးရှိသောရတနာကို မည်မျှပင်ဖျက်ဆီးစေကာမူ ပျက်ယွင်းသွားမည်မဟုတ်ပေ။ ကဆုန်ညောင်ရေသွန်း ပူဇော်ပွဲများ စည်ကားများပြားစွာ တွေ့မြင်ရသည်မှာ ဗုဒ္ဓဘာသာ၏ သာသနာအရောင် ထွန်းပြောင်တောက်ပနေခြင်း ဖြစ်သည်။ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာဟူသော ရတနာသုံးပါးသည် လောကီရတနာဖြစ်သော ပတ္တမြားရတနာထက်ပင် သာလွန် တန်ဖိုးမြင့်မားလှပေရာ ရတနာသုံးပါး၏ ရောင်ဝါသည် ထာဝစဉ်ထွန်းလင်းတောက်ပနေမည်သာ ဖြစ်သည်။

လူသားမှန်သမျှတို့အား မိမိတို့ပြုလုပ်သည့်အတိုင်း မိမိကိုပြန်လည် အကျိုးပေးမည်သာဖြစ်သည်။ ဗုဒ္ဓဘာသာသည် ကံ ကံ၏ အကျိုးကို ယုံကြည်ပေရာ မကောင်းမှုပြုသူသည် မကောင်းကျိုးကိုသာခံရမည်ဖြစ်သလို ကောင်းမှုပြုသူမှာလည်း ကောင်းကျိုးကိုသာ စံစားရမည်ဖြစ်သည်။  ဗုဒ္ဓဘာသာဝင်တို့သည် နှလုံးသားတွင်   ဘုရားတည်ထားကြသူများဖြစ်သည်။ ကောင်းမှုပြုခြင်းကြောင့် ကောင်းကျိုးကို ယုံကြည်သလို မကောင်းမှုပြုသူအတွက် မကောင်းကျိုးဖြစ်မည်ကိုလည်း ယုံကြည်ကြသည်။ ထိုသို့ ယုံကြည်ကြ သည့်အတိုင်းလည်း လက်တွေ့မျက်မြင်ဖြစ်ရပ်များက သက်သေပြလျက်ရှိသည်။ ဘုရားကိုပျက်စီးအောင်၊ တရားကိုပျက်စီးအောင်၊ သံဃာတော်ကိုပျက်စီးအောင်၊ မိဘ/ဆရာသမားများကို ပျက်စီးအောင်ပြုလုပ်သူတို့သည် တူသောအကျိုးကိုသာခံစားနေကြရသည်။ လူငယ်လူရွယ်တချို့ကို ဆိုးသွမ်း မိုက်မှားရမ်းကားသူများဖြစ်အောင် နည်းလမ်းမျိုးစုံလုပ်ဆောင်ခဲ့သူတို့သည် ထိုအကုသိုလ်ကြောင့်  စိတ်သောကကြီးစွာဖြင့် နေထိုင်ကြရသည်။ ထို့အတူမကောင်းမှု ပြုရန်စေခိုင်းသည်ကို လိုက်ပါလုပ်ဆောင်နေသူများမှာလည်း ကံ ကံ၏အကျိုးကို ခံစားနေကြရပြီဖြစ်သည်။

ငယ်ရွယ်သော ကလေးငယ်များအနေဖြင့် ရတနာမြတ်သုံးပါးနှင့် မိဘဆရာသမားများအပေါ် ရိုသေကိုင်းရှိုင်းမှုကင်းမဲ့အောင် လမ်းမှား ပြသူတို့ကပြခဲ့သည်။ လိုက်ပါလုပ်ဆောင်သူတို့က လုပ်ဆောင်သည်။ လောကီတရားဥပဒေကို ဖောက်ဖျက်သူအတွက် တရားဥပဒေ အရ လွတ်မြောက်နိုင်သည်များရှိနိုင်သော်လည်း လောကုတ္တရာ တရားသဘောအရ ကံ ကံ၏အကျိုးကို ခံစားကြရမည်သာဖြစ်သည်။ ဘုရားရှင် ဟောကြားခဲ့သော ပရာဘဝသုတ်တော်တွင် ဆုတ်ယုတ်ပျက်စီးကြောင်း တရားများကို ဟောကြားထားရာ၌ ဒုစရိုက် ဆယ်ပါးကိုပြုကျင့်ခြင်း၊ မိစ္ဆာဒိဋ္ဌိအယူရှိခြင်း၊ အလှူဒါနမပြုခြင်း၊ မိဘကိုမလုပ်ကျွေးခြင်း၊ အစားအအိပ်ကြီးခြင်း၊ အနေအထိုင် စည်းကမ်းမရှိခြင်း၊ ကာမဂုဏ်ကြူးခြင်း၊ လောင်းကစားကြူးခြင်း စသည်တို့သည် လူတို့ကိုဆုတ်ယုတ် ပျက်စီးကြောင်း ဟောကြား ထားပါသည်။ လူတစ်ဦးတစ်ယောက် အလှူဒါနပြုလျှင် ကျန်သူများကသာဓုခေါ်ကြသည်မှာ ကောင်းမှုပြုသူများကိုအားပေးခြင်း၊ ထပ်တူဝမ်းမြောက်ခြင်းဖြစ်သည်။ ထို့အတူ မကောင်းမှုပြုသူများကိုလည်း ကျန်သူများက အဝေးကရှောင်ကြဉ်သည်။ အားပေးအား မြှောက်ပြုခြင်းမရှိကြ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံအတွင်း နိုင်ငံသားများ အားလုံးကောင်းကျိုးကို သယ်ပိုးဆောင်ရွက်နေသလို ပြည်သူအများကိုးကွယ်ရာ ဘာသာသာသနာကို ချီးမြှင့်မြှောက်စားနေသည့် အတွက် နိုင်ငံတော်အစိုးရ၏ ကောင်းသော လုပ်ရပ်များ သည် ကောင်းသောအကျိုးကိုပေးနေမည်သာ ဖြစ်ပါသည်။ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံအရပ်ရပ်ရှိ ဘုရားပုထိုးစေတီ ကျောင်း ကန်များ၌ ဘုရားဖူးသူများ၊ ဗောဓိပင်များ၌ ကဆုန်ညောင်ရေသွန်းလောင်းကြသူများမှာ လွန်စွာများပြားလှပါသည်။ ကဆုန်လပြည့် နေ့တွင် မန္တလေးမြို့၌ သံဃာတော် ၁၀၂၆၄ ပါးဆွမ်းလောင်းပွဲမှာ မြန်မာနိုင်ငံ၏ ထေရဝါဒဗုဒ္ဓဘာသာထွန်းကားမှုကို ပြသနေသကဲ့သို့ လွန်စွာကြည်နူးဖွယ်ကောင်းလှသည့် ကုသိုလ်ပွဲလည်းဖြစ်သည်။ လူအများစုသည် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းတွင် မွေ့လျော် လျက်ရှိကြောင်း ဤမြင်ကွင်းများက ဖော်ညွှန်းလျက်ရှိသည်။ ကုသိုလ်ကောင်းမှုပြုသူတိုင်းတွင် ကုသိုလ်ပြုရန်ပြင်ဆင်နေစဉ်၊ ကုသိုလ်ပြုနေစဉ်၊ ကုသိုလ်ပြုပြီးနောက်တွင်  ထိုကုသိုလ်အတွက် တစိမ့်စိမ့်တွေးကာဝမ်းသာကြည်နူးရသည်။ စေတနာသုံးတန် အရင်းခံကာ လှူဒါန်းရခြင်းကြောင့် ကောင်းကျိုးများပြားလှသည်။ ထိုသို့ နိုင်ငံတော်အကြီးအကဲနှင့် တိုင်းသူပြည်သားများသည် ဘာသာ၊ သာသနာအကျိုးကို အမြဲအလေးပေး ဆောင်ရွက်နေသောကြောင့် မြန်မာနိုင်ငံနှင့်ဗုဒ္ဓဘာသာကား ထွန်းလင်း တောက်ပမြဲ ထွန်းလင်းတောက်ပလျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။