အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကျင်းပ

(၃၁)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲ အမျိုးသမီးဖူဆယ်ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲအခမ်းအနားကို မေ ၁၄ ရက်တွင် ဗီယက်နမ် နိုင်ငံ  ဟာနမ်မြို့ရှိ  Moung Thanh Luxury ဟိုတယ်၌ကျင်းပသည်။

မြန်မာအမျိုးသမီး ဖူဆယ်အသင်းနည်းပြချုပ် ဦးတင်မောင်ဌေးက “ကျွန်တော်တို့ အုပ်စုအဖွင့်ပွဲစဉ်မှာရင်ဆိုင်ရမယ့် အိမ်ရှင် ဗီယက်နမ်အသင်းဟာ တောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ ဆီးဂိမ်းမှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်အသင်းတိုင်းဟာ အသင်း ကောင်းတွေဖြစ်တာကြောင့် ပွဲတိုင်းကို အကောင်းဆုံး ပြင်ဆင်ကစားသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းဟာ ဆီးဂိမ်းမတိုင်မီ ထိုင်းနိုင်ငံမှာ ရက် ၂၀ ကျော်နေထိုင်ပြီး NSDF ဖိတ်ခေါ်ပြိုင်ပွဲ၊ ကလပ်အသင်းနှစ်သင်းနဲ့ ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ပါတယ်” ဟု ပြော ကြားသည်။

ထို့ပြင် အသင်းခေါင်းဆောင် ခိုင်နှင်းသန့်က “ဆီးဂိမ်းပြိုင်ပွဲမှာ အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ခက်ခဲမှာ ဖြစ်ပေ မယ့် ရလဒ်ကောင်းရဖို့ တစ်ပွဲချင်း အကောင်းဆုံး ပြင်ဆင်ကစားသွားမှာဖြစ်ပါတယ်” ဟုပြောကြားသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် မေ ၁၅ ရက်(ယနေ့)တွင် ဗီယက်နမ်အသင်းနှင့်လည်းကောင်း၊ မေ ၁၇ရက်တွင် ထိုင်းအသင်းနှင့်လည်းကောင်း၊ မေ ၁၉ ရက်တွင် မလေးရှားအသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။        

ကျော်လွင်