နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝူရှူးအားကစားနည်း နန်းကွန့် တုတ်ရှည်ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိသည့် မောင်သိန်းသန်းဦးကို အမေရိကန်ဒေါ်လာ ၃၀၀၀ ဂုဏ်ပြုချီးမြှင့် ဝူရှူးအားကစားနည်းမှ ရွှေ(၁)ခ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝူရှူးအားကစားနည်း နန်းကွန့် တုတ်ရှည်ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိသည့် မောင်သိန်းသန်းဦးကို အမေရိကန်ဒေါ်လာ ၃၀၀၀ ဂုဏ်ပြုချီးမြှင့် ဝူရှူးအားကစားနည်းမှ ရွှေ(၁)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခုထပ်မံဆွတ်ခူးရရှိ

ဗီယက်နမ်  မေ ၁၅

ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့်  (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ  ဝူရှူးအားကစား နည်း Nangun (နန်းကွန့်) တုတ်ရှည်ပြိုင်ပွဲ၌   မောင်သိန်းသန်းဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ  မြန်မာနိုင်ငံအတွက် စတုတ္ထမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရရှိခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွှေတံဆိပ်ဆုရှင် မောင်သိန်းသန်းဦးအား ဂုဏ်ပြုချီးမြှင့်ငွေအမေရိကန်ဒေါ်လာ ၃၀၀၀ ကို  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးက ကိုယ်စားပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး မွန်းလွဲပိုင်းပွဲစဉ်များအဖြစ် ဝူရှူး(ဆန်းဆို)ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ (60 kg) ပြိုင်ပွဲတွင် မစုလှိုင်ဝင်းက ငွေတံဆိပ် (၁) ခု၊ (52 kg) ပြိုင်ပွဲတွင် မချယ်ရီသန်းနှင့် (70 kg) ပြိုင်ပွဲတွင် မောင်မျိုးမင်းထက်တို့က ကြေးတံဆိပ်(၁)ခုစီကို လည်းကောင်း ဆုများအသီးသီးရရှိခဲ့ကြသည်။

ထို့နောက် ညနေပိုင်းတွင် Phu Tho မြို့ရှိ Viet Tri ဘောလုံးအားကစားကွင်း၌ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ၁ ဂိုး- ၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း၊ Cam Pha ဘောလုံးအားကစားကွင်း၌ အမျိုးသမီးဘောလုံး အုပ်စုပတ်လည်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက စင်ကာပူ အသင်းကို ၁ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြေးခုန်ပစ်၊   မြားပစ်၊ ဘိလိယက်၊ စစ်တုရင်၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီးရိုက်၊   ဘော်လီဘော၊ ဝူရှူးနှင့် ကာယဗလကာယအလှ အားကစားပြိုင်ပွဲများကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးထွန်းမြင့်ဦး၊ အုပ်ချုပ်/နည်းပြများ၊ မြန်မာအားကစားအဖွဲ့များနှင့် တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ကြည့်ရှုအားပေးသည်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ယနေ့အထိ ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၅)ခု နှင့် ကြေးတံဆိပ် (၉)ခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်းဆုတံဆိပ်(၁၈)ခုဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု အဆင့်(၇) တွင်  ရပ်တည် လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)