နိုင်ငံနှင့်ပြည်သူများအတွက် ငြိမ်းချမ်းရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မေ ၁၆ ရက်)

ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထိရောက်သည့်အဖြေတစ်ခုထွက်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ EAO များ၏ အလိုဆန္ဒများ၊ တိုင်းပြည်၏ အလိုဆန္ဒများဖြင့် နှစ်ဖက်လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး အကျိုးရှိသည့် ဆွေးနွေးပွဲဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟူသော နိုင်ငံတော်အကြီးအကဲ၏ ရင်တွင်းဆန္ဒစေတနာ စကားသည် တိုင်းရင်းသား ပြည်သူအားလုံး ဝမ်းသာဖွယ်ကောင်းလှသည့် ငြိမ်းချမ်းရေး ဖိတ်ခေါ်စကားဖြစ်သည်။ စိတ်ရင်းမှန်၊ စေတနာမှန်ဖြင့် နိုင်ငံနှင့်ပြည်သူများအတွက် ငြိမ်းချမ်းရေးဖြစ်ပေသည်။

နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြမည်ဆိုပါက မြန်မာနိုင်ငံ၏ နှစ်ပေါင်းရှည်ကြာနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွားမည်ဖြစ်သည်။ အစိုးရနှင့်တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသောပြည်ထောင်စုစနစ်ကို အာမခံထားပြီးဖြစ်ပါသည်။ တကယ်ဖြစ်ချင် သောဆန္ဒရှိကြမည်ဆိုပါက ငြိမ်းချမ်းရေးသည် မရနိုင်စရာအကြောင်းရှိမည်မဟုတ်ပေ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဧပြီ ၂၂ ရက်နေ့တွင် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဆောင်ရွက်ခဲ့သည်။ ၂၀၂၂ ခုနှစ် ပြည်ထောင်စုနေ့သည် စိန်ရတုပြည်ထောင်စုနေ့ဖြစ်သလို ၂၀၂၃ခုနှစ် လွတ်လပ်ရေးနေ့မှာ စိန်ရတု လွတ်လပ်ရေးနေ့ ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် ယနေ့အချိန်ထိငြိမ်းချမ်းမှုအရသာ၊ ဒီမိုကရေစီ၏ အနှစ်သာရကိုအပြည့်အဝမရသေးသည့်အတွက် ငြိမ်းချမ်းရေးရရန် ဖိတ်ခေါ်ကမ်းလှမ်းနေခြင်း ဖြစ်သည်။ တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ကိုယ်တိုင် အဖွဲ့ဝင်နှစ်ဦးနှင့်အတူ တက်ရောက်ရန်ဖိတ်ကြားထားပြီး နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ချစ်ခင်ရင်းနှီးစွာ ဆွေးနွေးမည် ဖြစ်ပါသည်။

လွတ်လပ်စွာ ဆွေးနွေးနိုင်ရန်အတွက် ထိုသို့ဖိတ်ခေါ်ခြင်းဖြစ်ပြီး ထိုသို့တွေ့ဆုံဆွေးနွေးမှုကြောင့် ရသင့်သည့် အဖြေတစ်ခုရရှိ လာမည်ဖြစ်ပါသည်။ ဒီမိုကရေစီဆိုသည်မှာ အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်သည့်အစိုးရစနစ်ဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေး စနစ်ပင်ဖြစ်သည်။ တိုင်းရင်းသား နယ်မြေများအလိုက် လိုအပ်ချက်များ၊ တောင်းဆိုချက်များနှင့် အခွင့်အာဏာခွဲဝေခံစားခြင်းများ၊ မျှဝေခံစားခြင်းများရရှိ စေရန်ဆောင်ရွက်ကြရန်ဖြစ်သည်။ နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ရာတွင် ဒီမိုကရေစီ၏ အနှစ်သာရကို ပျက်ယွင်းမှုမရှိစေရန်နှင့် ရသင့်ရထိုက်သည့်အခွင့်အရေးများရရှိစေရေး နှစ်ဖက်မျှတစွာ ဆောင်ရွက်နိုင်ကြရန် ဖြစ်ပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ NCA လက်မှတ်ရေးထိုးထားသောအဖွဲ့မှ ခုနစ်ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးခြင်းမပြုရသေးသောအဖွဲ့ သုံးဖွဲ့တက် ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်သည့်အဖွဲ့အချို့မှာ အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားသော NUG ၊ CRPH ၊ PDF တွေနှင့်ဆက်နွှယ်နေပြီး ပြည်ပနိုင်ငံနှင့်ဆက်နွှယ်မှုရှိနေသည့်အဖွဲ့များဖြစ်သည်။ “နိုင်ငံအရေးမှာ ကိုယ့်ပြည်တွင်းအရေးမှာ ပြည်ပကပါဝင်နေသမျှကာလပတ်လုံး တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ဆိုတာ တော်တော် ခက်ပါတယ်။ မြန်မာနိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲဆုံးဖြတ်ဖို့ဖြစ်ပါတယ်။ တခြားပြည်ပနိုင်ငံတွေကနေပြီးတော့ ဝင်ရောက် စွက်ဖက်ပြီး ဆုံးဖြတ်ရအောင်ဆောင်ရွက်ပေးလို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ဖို့ ဖြစ်မယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့အားနဲ့ပဲရအောင်ဆွေးနွေးပြီးတော့မှ ကျွန်တော်တို့သွားချင်တဲ့၊ ပြည်သူကနေ သွားချင်တဲ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ကို မရောက်ရောက်အောင် ကျွန်တော်တို့ချီတက်ပါမယ်” ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေ ၁၂ ရက်တွင်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး(၄/၂၀၂၂)သို့တက်ရောက်အမှာစကားပြောကြားရာ၌  ထည့်သွင်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အောင်မြင်စွာလုပ်ဆောင်နိုင်ရေးမှာ ငြိမ်းချမ်းရေးကိစ္စရပ်များနှင့် များစွာ ဆက်နွှယ်လျက်ရှိသည်။ နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းရေးရရှိမှသာ ပြည်သူတစ်ရပ်လုံးငြိမ်းချမ်းခြင်း၏ အရသာကို ခံစားနိုင်ကြ မည်ဖြစ်သည်။ ဒေသတစ်ခုတည်း၊ အုပ်စုတစ်ခုတည်း အလေးထားဆောင်ရွက်သွားမည်ဆိုပါကလည်း ပြည်သူများ၏ ဆန္ဒနှင့် ကိုက်ညီရန် ခဲယဉ်းနေမည်ဖြစ်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် တကယ်ငြိမ်းချမ်းရေးကိုလိုချင်ပါက ငြိမ်းချမ်းရေး လိုချင်သော စိတ်ဆန္ဒနှင့် ငြိမ်းချမ်းရေး ဆွေးနွေးကြရန်သာဖြစ်သည်။

ပြည်သူများ၏ ဆန္ဒအတိုင်း ဒီမိုကရေစီလမ်းကြောင်းသို့ ရောက်ရှိနေချိန်တွင် ဒီမိုကရေစီတကယ် မှန်မှန်ကန်ကန်ဖြစ်ချင်ပါက ဒီမိုကရေစီ လိုချင်သောဆန္ဒ၊ ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြသော ပြည်ထောင်စုတိုင်းရင်းသားအားလုံး ပြည်ထောင်စု စိတ်ဓာတ်ဖြင့် လုပ်ဆောင်မည်ဆိုလျှင် တိုင်းပြည်အတွက် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိမည်မှာမလွဲပါကြောင်း ရေးသားလိုက် ရပေသည်။   ။