နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တရားမဝင်သစ်များဖမ်းဆီးရမိ

နေပြည်တော်  မေ  ၁၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီး ရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထု အခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၉-၅-၂၀၂၂ မှ ၁၅-၅-၂၀၂၂ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနများမှပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၄၉.၁၀၃၉ တန်၊ သစ်မာ ၄၀.၆၉၅၈ တန်၊ အခြား ၆၀.၈၈၁၄ တန် စုစုပေါင်း ၁၅၀.၆၈၁၁ တန်၊ တရားခံ ၂၄ ဦး၊ ယာဉ်/ယန္တရား ၁၂ စီး ဖမ်းဆီး ရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၂-၅-၂၀၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် ဘိုင်းဒါးဘိနယ် ရန်ကုန်-မန္တလေး  အမြန်လမ်းမိုင်တိုင် အမှတ် ၇၆/ဝ၊ လမ်းအနောက်ဘက် ၄ ဖာလုံ ခန့်အကွာ ဘိုင်းဒါးကြိုးဝိုင်း အကွက်အမှတ် ၁၀၈ အတွင်းမှ   တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား ၁၄၄ ချောင်း (၁၈.၂၁၄၄)တန်အား   ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။