ကွမ်းသီး အကင်းအနုသီးများ အဝယ်လိုက်၍ ဈေးကောင်းရရှိပြီး ကွမ်းသီးခြံရှင်တောင်သူများ အဆင်ပြေလျက်ရှိ

ကွမ်းသီး အကင်းအနုသီးများ အဝယ်လိုက်၍ ဈေးကောင်းရရှိပြီး ကွမ်းသီးခြံရှင်တောင်သူများ အဆင်ပြေလျက်ရှိ

ကွမ်းသီးပင်သည် ဧပြီလနှင့်မေလအတွင်း၌ စတင်အပွင့်ပွင့်ကာ   အသီးကင်းနုများ ထွက်လေ့ရှိပြီး ပုံမှန်အားဖြင့် အသီးရင့်မှည့်ချိန်မှသာ ခူးယူခြင်းနှင့် ကြွေကျအသီးများကို လိုက်လံကောက်ယူပြီး ရောင်းဝယ်ခြင်းများ ရှိခဲ့သော်လည်း တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့၌ ယခုနှစ်တွင် ကွမ်းသီးအကင်းအနုများ လိုက်လံဝယ်ယူမှုများ ရှိပြီး ဈေးကောင်းရရှိခြင်းကြောင့် ကွမ်းသီးခြံရှင် ဒေသခံတောင်သူများ အဆင်ပြေလျက် ရှိကြောင်းသိရသည်။

ကလိန်အောင်မြို့၌ နှစ်ရှည်သီးနှံပင် ဖြစ်သည့် ကွမ်းသီးပင်သည်  ရာသီဥတု သဘာဝတောတောင် ရေခံမြေခံ အခြေအနေများအရ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းပြီး နှစ်စဉ်ကွမ်းသီးပင် စိုက်ပျိုးမှု တိုးပွားလျက်ရှိပြီး   မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှာ ကွမ်းသီးပင် စိုက်ပျိုးဧကပေါင်း ၂၅၀၀၀ ဧကကျော်ခန့် ရှိကြောင်း သိရသည်။

ယခုမေလအတွင်း၌ ကလိန်အောင်မြို့တွင် ကွမ်းသီး အကင်းအနုများအား ရောင်းဝယ်သူ ကုန်သည်များမှ လာရောက် ဝယ်ယူလျက်ရှိကာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြသည်။ ကွမ်းသီးအကင်းအနု တစ်လုံးလျှင်  ငွေကျပ် ၄၅ ကျပ်မှ ၅၀ အထိ ဈေးနှုန်းရရှိကာ ဒေသခံခြံပိုင်ရှင်တောင်သူများမှာ ကွမ်းသီး အကင်းအနုများ ခူးယူရောင်းချခြင်းဖြင့် ဝင်ငွေများရရှိကာ အဆင်ပြေလျက် ရှိကြောင်း သိရသည်။