မအူပင်မြို့နယ်၌ မွေးမြူရေးငါးရှဉ့်များ ဈေးကောင်းရနေ

မအူပင်မြို့နယ်၌ မွေးမြူရေးငါးရှဉ့်များ ဈေးကောင်းရနေ

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ၌မွေးမြူသည့်   မွေးမြူရေးငါးရှဉ့်များ ဈေးကောင်းရနေကြောင်း မအူပင်မြို့နယ်ရှိ ငါးရှဉ့်ရောင်းဝယ်ရေး လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

ဧပြီလက   ငါးရှဉ့်တစ်ပိဿာလျှင် ငွေကျပ်  ၅၅၀၀   ခန့်သာဈေးရရှိခဲ့ပြီး မေလပထမပတ်တွင်   ငါးရှဉ့်တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ အထိ ဈေးကောင်း ရရှိလာကာ လက်ရှိ ငါးရှဉ့်တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀ အထိ ဈေးကောင်းရရှိနေ ကြောင်း သိရသည်။

“မွေးမြူရေးငါးရှဉ့်နဲ့ သဘာဝအတိုင်း ဖမ်းဆီးရရှိတဲ့ငါးရှဉ့်က   ဈေးအတူတူပါပဲ။ သဘာဝအတိုင်း ရှာဖွေဖမ်းဆီးတဲ့ ငါးရှဉ့်တွေကိုတော့   မြစ်ချောင်း၊  မြောင်းတွေနဲ့လယ်ကွင်းတွေကနေ အများဆုံး ရှာဖွေရရှိတာဖြစ်ပါတယ်။  သဘာဝငါးရှဉ့်ကတော့  ဆောင်းရာသီနဲ့မိုးရာသီမှာသာ များများ ရရှိတာဖြစ်ပါတယ်။  မွေးမြူရေးငါးရှဉ့်ကတော့ တစ်နှစ်ပတ်လုံး ရရှိတာဖြစ်ပါတယ်။ စားသုံးသူတွေကတော့ မွေးမြူရေးငါးရှဉ့်ကို ပိုပြီးကြိုက်နှစ်သက်မှုရှိကြတယ်။ လက်ရှိမှာ ငါးရှဉ့်တစ်ပိဿာကို ငွေကျပ် ၈၀၀၀ အထိ ဈေးကောင်းရနေပါတယ်။ ရန်ကုန် ဈေးကွက်ကလည်း ကုန်ချိန်များများ မှာယူမှုရှိတယ်”ဟု မအူပင်မြို့နယ်ရှိ ငါးရှဉ့်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးထက်စွမ်းက ပြောသည်။

မအူပင်မြို့နယ်၌ ငါးရှဉ့်အများဆုံး မွေးမြူလျက်ရှိပြီး ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိကာ ထိုမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့  တင်ပို့ရောင်းချခြင်း ဖြစ်ကြောင်း  သိရသည်။