(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာအသင်းအနေဖြင့် ဗီယက်နမ်အသင်းအား အပြန်အလှန် ယှဉ်ပြိုင်ကစားနိုင်ခဲ့သော်လည်း ကျဉ်းမြောင်းသော ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ရ

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာအသင်းအနေဖြင့် ဗီယက်နမ်အသင်းအား အပြန်အလှန် ယှဉ်ပြိုင်ကစားနိုင်ခဲ့သော်လည်း ကျဉ်းမြောင်းသော ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ရ

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို  ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပလျက်ရှိရာ အာဆီယံနိုင်ငံအသီးသီးမှ နိုင်ငံကိုယ်စားပြု အားကစားအသင်း၊  အဖွဲ့များ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး   ဘောလုံးအားကစား ပြိုင်ပွဲတွင်    မြန်မာအမျိုးသမီး ဘောလုံးအသင်းအနေဖြင့်    အုပ်စုအဆင့်ကို ကျော်ဖြတ်၍ အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

အကြိုဗိုလ်လုပွဲစဉ်ကို ယနေ့ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအမျိုးသမီး ဘောလုံးအသင်းအနေဖြင့် အိမ်ရှင်ဗီယက်နမ် အမျိုးသမီး ဘောလုံးအသင်းနှင့်  ယှဉ်ပြိုင်ကစားခဲ့ရသည်။ အိမ်ရှင်ဗီယက်နမ် အမျိုးသမီးဘောလုံး အသင်းအနေဖြင့် အစဉ်အလာရှိသည့် အသင်းဖြစ်ပြီး    အိမ်ရှင်အသင်း ဖြစ်သည်နှင့်အညီ  ပရိသတ်အား၊ ကစားအားအသာဖြင့် မြန်မာအသင်းအား ယှဉ်ပြိုင်ခဲ့ပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဖိအားပေးကစားနိုင်ခဲ့သော်လည်း မြန်မာအမျိုးသမီး ဘောလုံးအသင်းအနေဖြင့် ဂိုးကံခေခဲ့ခြင်း၊  ဗီယက်နမ်ဂိုးသမား၏ လက်စွမ်းပြ   ကာကွယ်ခြင်းများကြောင့် ဗီယက်နမ်အမျိုးသမီး ဘောလုံးအသင်းက မြန်မာအမျိုးသမီး ဘောလုံးအသင်းအား ပထမပိုင်း ပွဲကစားချိန်  ၂၇ မိနစ်တွင် သွင်းယူခဲ့သည့် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအမျိုးသမီးဘောလုံး အသင်းအနေဖြင့် နိုင်ငံချစ်စိတ်အပြည့်ဖြင့်  ကိုယ်စွမ်း ဉာဏ်စွမ်းများကို   အပြည့်အဝအသုံးချပြီး တစ်ဦးချင်း အားသွန်ခွန်စိုက်   ကြိုးပမ်း၍ ယှဉ်ပြိုင်ကစားခဲ့သော်လည်း    အိမ်ရှင် ဗီယက်နမ်အသင်းအား ၁ ဂိုး ဂိုးမရှိရလဒ်ဖြင့် ကံအကြောင်းမလှစွာဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ထိုသို့ ကျဉ်းမြောင်းသော ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ရသော်လည်း  မြန်မာပြည်သူလူထ အပအဝင် အခြားသော ဘောလုံးဝါသနာရှင် ပရိသတ်များ၏    တစ်ခဲနက်ထောက်ခံ အားပေးမှုများစွာကို   အပြည့်အဝရရှိခဲ့သည်။

တစ်ဖက်တွင် ကစားခဲ့သည့် ထိုင်းအမျိုးသမီး ဘောလုံးအသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီး ဘောလုံးအသင်းတို့၏ အကြိုဗိုလ်လုပွဲစဉ်တွင် ထိုင်းအသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောကြောင့်    ဗိုလ်လုပွဲတွင် ထိုင်းအမျိုးသမီး ဘောလုံးအသင်းနှင့် အိမ်ရှင်ဗီယက်နမ် အမျိုးသမီးဘောလုံး အသင်းတို့ ယှဉ်ပြိုင်ဗိုလ်လု ကစားရမည်ဖြစ်ပြီး မြန်မာအမျိုးသမီး ဘောလုံးအသင်းနှင့် ဖိလစ်ပိုင် အမျိုးသမီး ဘောလုံးအသင်းတို့သည် မေ ၂၁ ရက်တွင် တတိယနေရာလုပွဲကို ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သတင်းရရှိသည်။