အာသံပြည်နယ်ရှိ ပြည်သူငါးသိန်းကျော် ရေလွှမ်းမိုးမှုမှ ဘေးလွတ်ရာ ထွက်ပြေးရ

အိန္ဒိယနိုင်ငံ  အရှေ့မြောက်ပိုင်းဒေသ အာသံပြည်နယ်ရှိ  ပြည်သူငါးသိန်းကျော်သည် မိုးကြိုကာလ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဖြစ်ပွားသော ရေလွှမ်းမိုးမှုမှ ဘေးလွတ်ရာထွက်ပြေးရကြောင်းနှင့် ထိုရေလွှမ်းမိုးမှုအတွင်း လူခုနစ်ဦးသေဆုံးကြောင်း တာဝန်ရှိသူများက မေ ၁၈ ရက်တွင် ပြောသည်။

ထို့ပြင် အခြေအနေများသည် ယခုထက်ပိုမိုဆိုးဝါးလာနိုင်ကြောင်း ၎င်းတို့က သတိပေးထားသည်။

တိဗက်တွင်မြစ်ဖျားခံကာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့သို့ စီးဆင်းသည့်    ကမ္ဘာ့အကြီးဆုံး  မြစ်တစ်စင်း ဖြစ်သော ဗြဟ္မပုတ္တရမြစ်မှ မြစ်ရေသည် ပြီးခဲ့သည့်သုံးရက်အတွင်း အာသံပြည်နယ်ရှိ     မြစ်ကမ်းပါးများကို တိုက်စားသွားပြီး ကျေးရွာပေါင်း ၁၅၀၀ ကို ရေအောက်နှစ်မြှုပ်လိုက်သည်။

ထို့ပြင်   ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းမှုသည်   လာမည့်နှစ်ရက်အတွင်း ဆက်လက်ဖြစ်ပေါ် နိုင်သည့် အတွက် မြစ်ရေကြီးမှုနှင့် ရေလွှမ်းမိုးမှုမှာ ယခုထက်ပိုဆိုးလာနိုင်ကြောင်း တာဝန်ရှိသူများက   ပြောသည်။

အိန္ဒိယတပ်မတော်မှ  စစ်သည်များက ဟိုဂျေးခရိုင်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ်   သွားမရ၊ လာမရ ပိတ်မိနေသည့် ပြည်သူ ၂၀၀၀ ကျော်ကို ကယ်ဆယ်ပေးနိုင်လိုက်ကြောင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို   ဆက်လုပ်နေကြောင်း ပြည်နယ်ကျန်းမာရေး ဝန်ကြီးက ပြောသည်။

ရေလွှမ်းမိုးမှုဒဏ်ကို  အဆိုးဝါးဆုံး ခံစားရသည့်ဒေသမှာ   ဒီမာဟာဆိုခရိုင်ဖြစ်ပြီး ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများကြောင့် မီးရထားလမ်းများနှင့် ကားလမ်းများ ပျက်စီးနေကြောင်း အာသံပြည်နယ် အခွန်ဝန်ကြီးဂျိုဂျန်မိုဟန်က ပြောသည်ဟု သိရသည်။

Ref:TST