ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကိုသတ်မှတ်သောအရာများက စံချိန်တင်အမြင့်ဆုံးသို့ရောက်ရှိ

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကိုသတ်မှတ်သောအရာများက  ၂၀၂၁ ခုနှစ်အတွင်း စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း ကုလသမဂ္ဂက မေ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် ကမ္ဘာ့စွမ်းအင်စနစ်သည်လည်း လူသားမျိုးနွယ်စုကို ကမ္ဘာပျက်ကပ်ဆိုက်စေ သည်အထိ ဦးတည်နေကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို သတ်မှတ်သော အရာများဖြစ်သည့်   ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏ၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု၊  သမုဒ္ဒရာအပူချိန်နှင့် သမုဒ္ဒရာအတွင်းအက်စစ်ဓာတ်ဖြစ်ပေါ်မှုတို့သည် ပြီးခဲ့သည့်နှစ်တွင်စံချိန်တင်ကြောင်း ကုလသမဂ္ဂ၏  ကမ္ဘာ့မိုးလေဝသအဖွဲ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် လူသားများအနေဖြင့် ရုပ်ကြွင်းလောင်စာညစ်ညမ်းမှုကို အဆုံးသတ်ရမည် ဖြစ်ပြီး   ကမ္ဘာကြီးမီး မလောင်မီ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သို့ အမြန်ဆုံးကူးပြောင်းရမည် ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူး

ချုပ် အန်တိုနီယိုဂူတားရက်ကပြောသည်။

အလားတူ မြေပြင်၊ သမုဒ္ဒရာနှင့် လေထုအတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြောင်းလဲမှုများသည် လူသားများ၏ ပယောဂကြောင့်သာဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ကပြောသည်။

ထို့ပြင် ပြီးခဲ့သည့်ခုနစ်နှစ်သည် ကမ္ဘာ့သမိုင်းတွင် အပူဆုံးသောနှစ်များဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် လာနီညာဖြစ်စဉ်ကြောင့် ကမ္ဘာ့အပူချိန် အနည်းငယ်ကျဆင်းခဲ့သော်လည်း အပူဆုံးနှစ်အဖြစ် စာရင်းဝင်ဆဲ ဖြစ်ကြောင်းနှင့်  ပြီးခဲ့သည့်နှစ်အတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်သည်   စက်မှုခေတ်မတိုင်မီ ကာလကထက် ၁ ဒသမ ၁၁ ဒီဂရီစင်တီ ဂရိတ်ပိုမိုမြင့်မားလာကြောင်း သိရသည်။

Ref:CNA