မြေနေရာမရွေးသွားနိုင်ပြီး ရေထဲမှာပါမောင်းနိုင်မယ့် လျှပ်စစ်ဆိုင်ကယ်

ရိုဘိုဆစ်စတမ်ဆိုတဲ့ကုမ္ပဏီက လျှပ်စစ်ဆိုင်ကယ်တစ်မျိုးကို တီထွင်ဖန်တီးလိုက်ပါတယ်။ သူ့ရဲ့ပုံစံအရ ဆိုရင်တော့ အဲဒီဆိုင်ကယ်က မြေနေရာမရွေး မောင်းနှင်နိုင်မယ့် အနေအထား ရှိပါတယ်။

မြေနေရာမရွေးဆိုတဲ့နေရာမှာ သဲကန္တာရ အတွင်းဖြစ်စေ၊ နှင်းတောထဲဖြစ်စေ ဘယ်လိုမြေအမျိုးအစားမှာမဆို မောင်းနှင်နိုင်တာကို ဆိုလိုတာပါ။

သူ့ရဲ့အားသာချက်က ဒါတင်ပဲလား ဆိုတော့မဟုတ်ပါဘူး။ အဲဒီဆိုင်ကယ်ကို ရေထဲမှာလည်းမောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။

ဒီလိုမောင်းနှင်နိုင်ဖို့အတွက် လုပ်ပေးရမယ့် တစ်ခုတည်းသော အလုပ်ကတော့ ကုန်း၊ရေ နှစ်သွယ်သွားနည်းလမ်းကို ပြောင်းပေးလိုက်ရုံပါပဲ။

ကျွန်တော်တို့အားလုံးဟာ   သယ်ယူပို့ဆောင်ရေးမှာ လျှပ်စစ်စွမ်းအင်ကို အဓိကထားအသုံးပြုလာကြပါပြီ။   ဒီအချက်ကို ရိုဘိုဆစ်စတမ်က မမေ့ထားပါဘူး။

ဒါကြောင့်လည်း သူတို့ရဲ့ ဆိုင်ကယ်ကို လျှပ်စစ်စွမ်းအင် အသုံးပြုဆိုင်ကယ်အဖြစ် တီထွင်ဖန်တီးထားတာပါ။  ဒါနဲ့  သူတို့ တီထွင်ထားတဲ့ ဆိုင်ကယ်ကိုတော့ Ultra Bike လို့ အမည်ပေးထားပါတယ်။

Ultra Bike ရဲ့တာယာတွေက အလွန်ကြီးမားပါတယ်။ သာမန်ဆိုင်ကယ်တွေမှာ ပါတဲ့တာယာတွေနဲ့ လားလားမှမတူပါဘူး။

ပြီးတော့    သာမန်ဆိုင်ကယ်တွေလိုနောက်ဘီးယက်စနစ်မဟုတ်ဘဲ နှစ်ဘီးယက် စနစ်ဖြစ်တာကြောင့် လမ်းကြမ်းနေရာ တွေမှာပါ   သွားရလာရတာ တော်တော်လေး အဆင်ပြေစေမှာပါ။

သူ့ရဲ့ဘော်ဒီပိုင်းကိုကြည့်ဦးမလား။ ဘာအဆင်တန်ဆာမှမပါပါဘူး။   ဒီအတွက်အလေးချိန်ကိုပေါ့ပါးစေပါတယ်။ ဒါကြောင့်လည်း ရေပေါ်မှာသွားလို့ရနိုင်တာ ဖြစ်ပါလိမ့်မယ်။

မြေနေရာမရွေးသွားလို့ ရနိုင်တဲ့  ဒီဆိုင်ကယ်မှာ ရှော့ဘားတွေက ပုံမှန်အတိုင်း နောက်ဘက်မှာသာ တပ်ဆင်ထားတာတွေ့ရပါတယ်။ ဘာမှထူးထူးခြားခြား သိပ်မရှိပါဘူး။

ကုမ္ပဏီအနေနဲ့   သူတို့ဆိုင်ကယ်ကို သူများတွေထက် ထူးခြားအောင်ဖန်တီးထားတဲ့ ကဏ္ဍတစ်ခုကတော့   လျှပ်စစ်စွမ်းအင် အသုံးပြုမောင်းနှင်နိုင်ခြင်းပါပဲ။

အဲဒီဆိုင်ကယ်မှာ LiFePo4 ဘက်ထရီတပ်ဆင်ထားပြီး   ရေစိုခံနည်းပညာကို အသုံးပြု ပေးထားပါတယ်။ ဒါ့အပြင် အပူချိန် အနုတ် ၂၀ ဒီဂရီစင်တီဂရိတ်ကနေ ၆၀ ဒီဂရီစင်တီဂရိတ်အထိကို ခံနိုင်ရည် ရှိပါတယ်။

အားသွင်းနိုင်တဲ့ အကြိမ်ပေါင်းကတော့ ၂၀၀၀ ဖြစ်ပါတယ်။ ၁ ဒသမ ၆ ကီလိုဝပ်နာရီရှိတဲ့ အဲဒီဘက်ထရီကို တစ်ခါအား အပြည့်သွင်းထားပြီးပြီဆိုရင် မိုင် ၄၀ လောက်အထိ ခရီးသွားလာနိုင်စေပါလိမ့်မယ်။

တကယ်လို့များ  တောကြီးမျက်မည်းထဲမှာ ဘက်ထရီအားကုန်သွားပြီဆိုရင် ဘယ်လိုလုပ်မလဲ။  ဒီအတွက် ကတော့ Ultra Bike ဆိုင်ကယ်မှာ  ဓာတ်ဆီစွမ်းအင်သုံးမီးစက်ငယ်တစ်လုံး ပါပါသေးတယ်။   အဲဒီမီးစက်ကိုတော့ ပုံမှန်ဆိုင်ကယ်တွေမှာ ပါတဲ့ ဆီတိုင်ကီနေရာမှာ ထားရှိထားတာပါ။

အဲဒီမီးစက်ကနေထွက်ရှိတဲ့ မီးအားက ၈၀၀ ဝပ်သာရှိပေမယ့်    ဒီပမာဏက ဆိုင်ကယ်မှာပါတဲ့ ဘက်ထရီကိုအားသွင်းဖို့နဲ့ စိုးရိမ်ကြောင့်ကြမှုကင်းစွာ ခရီးဆက်နိုင်ဖို့ အထောက်အပံ့ကောင်း ဖြစ်ပါလိမ့်မယ်။

ဆီတိုင်ကီနေရာမှာ မီးစက်ကဝင်ပြီးနေရာ ယူသွားတာကြောင့် မီးစက်မောင်းဖို့ ဓာတ်ဆီကို  ဘယ်နေရာကနေ သယ်ရမလဲဆိုတာ ထပ်ပြီး စဉ်းစားရပြန်ပါတယ်။

ဒါပေမဲ့သိပ်တော့မစဉ်းစားလိုက်ရပါဘူး။

တာယာကွင်းတွေနဲ့အလယ်တိုင်ကြားက လွတ်နေတဲ့နေရာမှာ   ဆီတိုင်ကီကို ထည့်ထားပါတယ်။ အဲဒီဆီတိုင်ကီတစ်လုံးဟာ ဓာတ်ဆီ ၅ ဂါလန်ကျော်ဆံ့ပါတယ်။

ဆိုင်ကယ်ရဲ့ ဘီးတွေမှာ ၁ ကီလိုဝပ်ကို ပုံမှန်ထုတ်ပေးနိုင်တဲ့ လျှပ်စစ်မော်တာတွေ တပ်ဆင်ထားပါတယ်။ ဒါကြောင့် သဲပြင်တွေ၊ နှင်းတောတွေထဲမှာ ခရီးသွားလာမှုကိုပုံမှန်အတိုင်းအခက်အခဲမရှိ လုပ်ဆောင်နိုင်စေ ပါလိမ့်မယ်။

သူ့ရဲ့အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို မိုင် ၃၀ နှုန်းဖြစ်ပါတယ်။  ဒီပမာဏနှုန်းထားဟာ လမ်းကြမ်းခရီးနှင်သူ အတွက်တော့ နှေးတယ်လို့မဆိုသာပါဘူး။

တကယ်လို့များ   လမ်းကြမ်းခရီးသွားနေရင်းနဲ့   ရေကိုဖြတ်ကျော်ရဖို့ ဖြစ်လာပြီဆိုရင်တော့   ရေပေါ်လေမှုတ်ကူရှင်ကို တပ်ဆင်ပြီး အသုံးပြုနိုင်ပါသေးတယ်။

အဲဒီရေပေါ်လေမှုတ်ကူရှင်ကို ကွန်ပရက်ဆာမှာ တပ်လိုက်တဲ့အခါ    ဆိုင်ကယ်က ရေပေါ်သွား ဆိုင်ကယ်လိုဖြစ်လာမှာ ဖြစ်ပြီး ဘီးတွေရဲ့ရေယက်အားနဲ့   ရှေ့ကိုသွားနိုင်စေမှာ ဖြစ်ပါတယ်။

တကယ်လို့များ    စွမ်းအင်ချွေတာ လိုတယ်ဆိုရင်တော့ နှစ်ဘီးယက်စနစ်ကို နောက်ဘီးယက်စနစ် အဖြစ်ပြောင်းလဲပြီး တော့လည်း မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဒီဆိုင်ကယ်ကို အမှာတင်ထားမယ်ဆိုရင် လုပ်ဆောင်ချက် အားလုံးပါဝင်တဲ့ူအမေ ငြုန တစ်စီးကို အမေရိကန်ဒေါ်လာ ၂၇၉၀ ကျသင့်မှာ ဖြစ်ပြီး ပစ္စည်းကိုတော့ ဒီနှစ်သြဂုတ်လမှာ ပေးပို့သွားမယ်လို့ ရိုဘိုဆစ်စတမ်ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။         

Ref: IE