ပွင့်ဖြူမြို့နယ်၌ တစ်နိုင်တစ်ပိုင် သိုး၊ ဆိတ်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများ စီးပွားရေး အဆင်ပြေလျက်ရှိ

ပွင့်ဖြူမြို့နယ်၌ တစ်နိုင်တစ်ပိုင် သိုး၊ ဆိတ်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများ စီးပွားရေး အဆင်ပြေလျက်ရှိ

ပွင့်ဖြူ  မေ  ၁၈

မကွေးတိုင်းဒေသကြီး   ပွင့်ဖြူမြို့နယ် အတွင်းရှိ    ဒေသခံတောင်သူများသည် စိုက်ပျိုးရေး လုပ်ငန်းနှင့်တွဲဖက်၍ မိသားစု ဝင်ငွေ တိုးပွားစေရေးအတွက်   တစ်နိုင်တစ်ပိုင် သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ    ဈေးကောင်းရရှိ၍ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူ မြို့နယ် ကံသာကြီးကျေးရွာအုပ်စု လယ် ဖီလာကျေးရွာမှ  ဒေသခံတောင်သူများ၏ ပြောဆိုချက်အရ သိရသည်။

သိုး၊  ဆိတ်  မွေးမြူရေးလုပ်ငန်းသည် လွှတ်ကျောင်းစနစ်ဖြင့်   မွေးမြူနိုင်သည့် အတွက် အစာဖိုး ကုန်ကျစရိတ်သက်သာ ပြီး မွေးမြူရာတွင်လည်း ခြံများခတ်၍မွေးမြူနိုင်သဖြင့်  အဆင်ပြေလျက်ရှိသည်။ သိုး၊  ဆိတ်အမများသည်   တစ်နှစ်လျှင် အနည်းဆုံး  နှစ်ကောင်နှုန်းခန့်  ပေါက်ပွားသည်။

“ကျွန်တော်က စိုက်ပျိုးရေး လုပ်ငန်းနဲ့ တွဲဖက်ပြီး  တစ်နိုင်တစ်ပိုင်  သိုး၊  ဆိတ် မွေးမြူရေးလုပ်ငန်းကို  လုပ်ကိုင်လာတာ တစ်နှစ်ခွဲလောက်ရှိပါပြီ။   သိုး၊  ဆိတ် မွေးမြူရေး လုပ်ငန်းက လွှတ်ကျောင်းစနစ်နဲ့ မွေးမြူနိုင်တဲ့အတွက်   အစာဖိုးကုန်ကျ စရိတ်သက်သာလို့   အဆင်ပြေပါတယ်။ ဒါပေမဲ့ ရာသီဥတု အခြေအနေပေါ်မူတည် ပြီးတော့ သိုး၊ ဆိတ်ခြံတွေကို ပြောင်းရွှေ့ မွေးမြူရပါတယ်။ အဓိကကတော့ သိုး၊ ဆိတ်တွေ  အစာရေစာ ပေါများတဲ့နေရာ တွေကို   လွှတ်ကျောင်းနိုင်ဖို့ အတွက်ပါ။ သိုး၊ ဆိတ်အမတွေက တစ်နှစ်ကို အနည်းဆုံး  နှစ်ကောင်လောက်ပေါက်တယ်။ အကျိုးဖြစ်ထွန်းမယ်ဆိုရင် လေးကောင် အထိပေါက်တယ်” ဟု သိုး၊ ဆိတ်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ဦးမောင်လွင်က ပြောသည်။

သိုး၊ ဆိတ်ကို ပြည်တွင်း၊ ပြည်ပဈေး ကွက်သို့ တရားဝင် ရောင်းဝယ်ခွင့်ပေးထား သည့်အတွက်  ပွင့်ဖြူမြို့နယ်မှ  ဒေသခံ တောင်သူများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်း နှင့်တွဲဖက်ပြီး တစ်နိုင်တစ်ပိုင် သိုး၊  ဆိတ် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့် အတွက် မိသားစု အပိုဝင်ငွေရရှိပြီး စီးပွားရေး အဆင်ပြေလျက် ရှိကြောင်း သိရသည်။