နှစ်ပေါင်း ၂၅၀၀ ကျော်သက်တမ်းရှိ သစ်သားခေါင်းတလားများကို အီဂျစ်ရှေးဟောင်း သုတေသန ပညာရှင်များတွေ့ရှိ

ကိုင်ရို၊ ပြည်တွင်းရေး

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တောင်ပိုင်း၌ နှစ်ပေါင်း ၂၅၀၀ ကျော်သက်တမ်းရှိ အကောင်းအတိုင်းရှိနေဆဲ ဖြစ်သော သစ်သားခေါင်းတလား ၅၉ လုံးကို ရှေးဟောင်းသုတေသန ပညာရှင်များက ရှာဖွေတွေ့ရှိ ကြောင်း သိရသည်။

အနုလက်ရာများဖြင့် ကောင်းစွာခြယ်သထားသော အဆိုပါ ခေါင်းတလားများအနက် တစ်လုံးကို အောက်တိုဘာ ၃ ရက်တွင် သတင်းမီဒီယာများ ရှေ့မှောက်၌ဖွင့်လှစ်ရာ တောက်ပသောအရောင်များ အသုံးပြုပြီး အရုပ်စာများရေးထိုးထားသော အဝတ်ဖြင့် ပတ်ထားသည့် မံမီအလောင်းကိုတွေ့ရသည်။

အဆိုပါ ခေါင်းတလားများကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာဖြစ်သော ရှေးဟောင်းမမ်ဖစ်မြို့၏ ဆတ်ကာရာရှေးသင်္ချိုင်းကြီး၌ ပြီးခဲ့သည့်သီတင်းပတ်များ အတွင်းကတွေ့ရှိခြင်းဖြစ်သည်။ ဆတ်ကာ ရာ သင်္ချိုင်းသည် နှစ်ပေါင်း ၄၇၀၀ သက်တမ်းရှိနေပြီဖြစ်သည့် ဂျိုဆာပိရမစ်ကြီး၏ အနီးတွင်    တည်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်သုံးပတ်ခန့်တွင် ခေါင်းတလား ၁၃ လုံးကိုတွေ့ရှိပြီးနောက် အခြားခေါင်း တလားများကို မြေအောက်အနက် ၁၂ မီတာမှထပ်မံတွေ့ရှိခြင်း ဖြစ်သည်။ ထို့ပြင် နောက်ထပ် ခေါင်း တလားများလည်း ရှိနေနိုင်သေးကြောင်း ခရီးသွားလာရေးနှင့် ရှေးဟောင်းပစ္စည်းများ ဝန်ကြီးက ပြောသည်။

ထိုခေါင်းတလားများကို မကြာမီအချိန်အတွင်း ဖွင့်လှစ်တော့မည့် ဂီဇာကုန်းပြင်မြင့်ရှိ ဧရာမအီဂျစ် ပြတိုက်တွင် ထားရှိသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဆတ်ကာရာသင်္ချိုင်းနေရာကို ပြီးခဲ့သည့်နှစ်များကတည်းက တူးဖော်မှုများ လုပ်ဆောင်နေခြင်းဖြစ်ပြီး ထိုနေရာမှ ရှေးဟောင်းပစ္စည်းများစွာအပြင် မံမီအဖြစ်ပြုလုပ်ထားသည့် မြွေများ၊ ငှက်များ၊ ပိုးတောင် မာများနှင့် အခြားတိရစ္ဆာန်များကို တွေ့ရှိကြောင်း သိရသည်။        

Ref: The Straits Times