နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် မေ - ၁၉

နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သမဝါယနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့်နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းတို့ တက်ရောက်ကြသည်။

 ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက် ပြီး Green City ၊ Clean City၊ Smart City အဖြစ် တိုးတက်အောင်ဆောင်ရွက်၍ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေသည် စတုရန်းမိုင် ၂၇၂၄ ရှိပြီး၊ စိုက်ပျိုးမြေဧရိယာ စုစုပေါင်း ၃၂၀၀၀၀ ကျော်ရှိကြောင်း၊ အလားတူ ရေလှောင် တမံ၊ ဆည်နှင့် ကန်စုစုပေါင်း ၃၂ ခုရှိကြောင်း၊ အရှေ့ရိုးမနှင့် အလယ်ရိုးမကြားတွင် ရှိပြီး ပေါင်းလောင်း(စစ်တောင်းမြစ်)၊ ငလိုက်ချောင်း၊ ဆင်သေချောင်းများ အပါအဝင် ချောင်း၊ မြောင်းများရှိပြီး မြေဆီမြေနှစ်ကောင်းမွန်ကြောင်း၊ ထို့ကြောင့် နေပြည်တော် ကောင်စီ နယ်မြေအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်၍ ရကြောင်း၊ ထို့ကြောင့်လည်း ယခင်က နေပြည်တော်တွင် စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးနှင့်ကုသရေးတက္ကသိုလ်နှင့် သစ်တောတက္ကသိုလ်တို့ကို ရွှေ့ပြောင်းခဲ့သည်ကို သိရှိရကြောင်း။

နေပြည်တော်နယ်မြေအတွင်း ကျွဲ၊ နွား၊ ဆိတ်၊ ဝက်များနှင့် ကြက်များလည်း မွေးမြူဖြစ်ထွန်းလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ တပ်ကုန်းမြို့ပတ်ဝန်းကျင်တွင် လည်း မွေးမြူရေးဇုန်များဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေဆီမြေဩဇာများ ကောင်းမွန်ပြီးဖြစ်ကြောင်း၊ နေပြည်တေ်ကောင်စီနယ်မြေတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ တက္ကသိုလ်များ ရှိသကဲ့သို့ ဝန်ကြီးဌာနများ ရုံးစိုက်ရာနယ်မြေလည်းဖြစ်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို စံပြဆောင်ရွက်နိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးအတွက် အဓိကလိုအပ်ချက်မှာ မြေ၊ ရေ၊ နည်းနှင့် မျိုးတို့ဖြစ်ကြောင်း၊ နွေရာသီတွင် စိုက်ပျိုးမြေများရေလုံလောက်စွာ ရရှိနိုင်ရေးအတွက်လည်း မြစ်ချောင်း များရှိပြီးဖြစ်သဖြင့် မြစ်ရေတင်လုပ်ငန်များကို အကောင်အထည်ဖော် ဆောင်ရွက် ပေးခြင်းဖြင့် ရာသီမရွေးသီးနှံများကို သီးထပ်သီးညှပ်များဖြင့် စိုက်ပျိုးနိုင်မည်ဖြစ် ကြောင်း၊ မြေဩဇာများရရှိရေး၊ မျိုးကောင်းမျိုးသန့်များရရှိရေးနှင့် စိုက်ပျိုးရေး နည်းပညာများ ခေတ်မီအောင် ဆောင်ရွက်ပေးခြင်းဖြင့် သီးနှံစိုက်ပျိုးမှုများ များစွာ တိုးတက်ကောင်း မွန်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုး၍ရသည့် မြေများကို စနစ်တကျ ဖြင့်ပြုပြင်၍ စိုက်ပျိုးရေးလုပ်ငန်များကိုအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လို ကြောင်း။

မိမိတို့၏ အမျိုးသားရေး ရည်မှန်းချက်သည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုး၍ရသည့် မြေသယံ ဇာတများ ရှိပြီးဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်၍ရကြောင်း၊ မွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်ကျသည့် မွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက် နိုင်မည်ဆိုပါက မွေးမြူရေးထွက်ကုန်များထုတ်လုပ်နိုင်ပြီး ဒေသတွင်းလိုအပ်ချက် နှင့်အခြားတိုင်းဒေသကြီများသို့ပါ တင်ပို့ရောင်းချနိုင်ကြောင်း၊ ၎င်းတို့မှဇီဝမြေဩဇာ များထုတ်လုပ်နိုင်ပြီး စိုက်ပျိုးရေးအတွက်လည်း အထောက်အကူပြုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင် မည်ဆိုပါက ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်လာမည် ဖြစ်သကဲ့ သို့ အလုပ်အကိုင် အခွင့်လမ်းများပေါများခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး၏စံပြအဖြစ် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦးနှင့် ဦးလှမိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်ဦး နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းတို့က နေပြည်တော် ကောင်စီနယ်မြေအတွင်း မြေအသုံးချမှုဆိုင်ရာများ၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ထုတ်လုပ်နေမှုအခြေအနေများ၊ ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှုနှင့် စိုက်ပျိုးရေပေးဝေမှုအခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးတောင်သူများကို သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန်စီစဉ် နေမှုအခြေအနေများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ သီးနှံများကို သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရန် အတွက် မြစ်ရေတင်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က စိုက်ပျိုးရေးလုပ်ငန်းများအတွက် နွေရာသီ၌ ရေလိုအပ်ချက်များရှိကြောင်း၊ အဆိုပါ ရေလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများနှင့် နေရောင် ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများကို အသေးစားမြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်မည်ဆိုပါက ငွေကြေးကုန်ကျမှုများလည်း သက်သာမည်ဖြစ်ကြောင်း၊ ရေကို လည်းလိုအပ်သလောက်သာ အကျိုးရှိစွာဖြင့်အသုံးချရန်လိုကြောင်း၊ စိုက်ပျိုးရေး ကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဓိကသီးနှံဖြစ်သည့် စပါး၊ ပြောင်း၊ ပဲနှင့် ဆီထွက်သီးနှံများရှိသည့်အနက် နေပြည်တော်နယ်မြေအတွင်း စပါးကို အဓိကထား စိုက်ပျိုးမည်ဆိုပါက တတ်နိုင်သမျှ မျိုးအနည်းဆုံးဖြစ်စေရန်နှင့် အထွက်နှုန်းတိုးအောင် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်မှသတ်မှတ်ထားသည့် အထွက်နှုန်းများအတိုင်း ပြည့်မီစေရန်အတွက် ကြိုးစားစိုက်ပျိုးရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေဩဇာနှင့်သဘာဝ မြေဩဇာများရရှိရေးနှင့် အောင်ရေ ရရှိရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက် ပေးရန်လိုကြောင်း၊ သဘာဝမြေဩဇာ ရရှိရေးအတွက် ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းများ မှထွက်ရှိသည့် ဇီဝမြေဩဇာများ ကိုလည်း အကျိုးရှိစွာအသုံးချ၍ရကြောင်း၊ ထို့ကြောင့် ကျွဲ၊ နွားများ မွေးမြူရာတွင် လှောင်မွေးသည့်စနစ်ဖြင့် စနစ်တကျမွေးမြူရန် လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များမှ တိရစ္ဆာန်အစာ များလည်းထွက်ရှိသဖြင့် မွေးမြူရေး လုပ်ငန်းအတွက်လိုအပ်သည့် တိရစ္ဆာန်အစာများ လုံလောက်စွာရရှိမည်ဖြစ်ကြောင်း။

မြေများကို စနစ်တကျထိထိရောက်ရောက်အသုံးချ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို ယှဉ်တွဲဆောင်ရွက်ရန်လိုကြောင်း၊ နေပြည်တော်နယ်မြေတွင် သရက်စိုက်ပျိုး ရေးနှင့် မွေးမြူရေးဆောင်ရွက်ရန်အတွက် ပုဂ္ဂလိကများကို ခွင့်ပြုထားကြောင်း၊ အဆိုပါ စိုက်ပျိုးမွေးမြူရေး ပြုလုပ်ရန်ခွင့်ပြုထားသည့် မြေများပေါ်တွင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို သတ်မှတ်စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်မှု ရှိစေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်စေရေး တာဝန်ရှိသူများအားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ တောင်သူများ ၏ အကျိုးစီးပွား တိုးတက်အောင်ဆောင်ရွက်ပေးပြီး ကုန်ထုတ် လုပ်ငန်းများတိုးတက် အောင် ဆောင်ရွက်ပေးမည်ဆိုပါက မိမိတို့ပြည်တွင်း၌အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမည်ဖြစ်သဖြင့် လုပ်အားများကို အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ကြောင်း။

စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက် ဆောင်ရွက်ရာတွင် သိုလှောင်ထား သည့်ရေများကိုလည်း စနစ်တကျဖြင့် အသုံးချရန်လိုကြောင်း၊ ရေကိုအဟောသိကံ အသုံးမပြုဘဲရှိသည့်ရေကို အကျိုးရှိရှိအသုံးချရန်နှင့် ရေရရှိအောင်ဖန်တီးဆောင်ရွက် ရန်လိုကြောင်း၊ ရေရှိရေးဆောင်ရွက်ရာတွင် ရေဝေရေလဲသစ်တော်ဧရိယာ များကိုစနစ် တကျဖြင့်ထိန်းသိမ်းထားရှိ၍ ရာသီဥတုကောင်းမွန်အောင် ဆောင်ရွက်ခြင်းနှင့် ရေ ဖလှယ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့သို့ ဆောင်ရွက်နိုင်ရန် အတွက်စီမံခန့်ခွဲမှုများ ကောင်းမွန်ရန်လိုကြောင်း၊ စီမံခန့်ခွဲမှုများ ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ကုန်ကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။

ဒေသအတွင်းထွက်ရှိသည့် သီးနှံများကိုလည်း အိမ်တွင်းစက်မှုလုပ်ငန်းများဖြင့် Dry food များဆောင်ရွက်၍ တန်ဖိုးမြှင့်ထုတ်ကုန်များကိုထုတ်လုပ်ပြီး ပြည်တွင်း ပြည်ပများသို့တင်ပို့ရောင်းချ၍ရကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မီးခိုးမထွက် သည့် အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများအတွက် နိုင်ငံတော်မှ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြအတွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်သကဲ့သို့ လျှပ်စစ်ဓာတ်အားလည်း လုံလောက်စွာရရှိကြောင်း၊ ထို့ကြောင့် နေပြည်တော်ကို Green City ၊ Clean City ၊ Smart City ဖြစ်အောင် ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း စံပြအဖြစ်ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့နိုင်ငံအတွက် အခွင့်အလမ်းများ များစွာ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပထမဦးစွာစိုက်ပျိုးရေးလုပ်ငန်းများကို နည်းစနစ်တကျဖြင့် စိုက်ပျိုး၍ အထွက်နှုန်းများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများကိုလည်း လှောင်မွေး စနစ်ဖြင့် စနစ်တကျမွေးမြူရန်လိုကြောင်း၊ ထိုမှတစ်ဆင့်အထွက်နှုန်းကောင်းမွန်သည့် သီးနှံမျိုးကောင်းမျိုးသန့်များနှင့် မွေးမြူရေးတိရစ္ဆာန် မျိုးကောင်းမျိုးသန့်များကို တိုးတက်စိုက်ပျိုးမွေးမြူ၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် ကောင်းမွန် သည့် စီမံခန့်ခွဲမှုများနှင့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ဖြင့် မှာကြားခဲ့ကြောင်းသတင်းရရှိသည်။