နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့် ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့် ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်

နေပြည်တော်၊ မေ - ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှုလုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက် မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်သည်။

အဆိုပါ ကြိုဆိုထောက်ခံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ၊ အမျိုးသားရေးဆရာတော်များ၊ ငြိမ်းချမ်းရေးကို လိုလားသူ ပြည်သူများ စုစုပေါင်းအင်အား ၃၀၀၀ ဦးခန့် တက်ရောက်ကြသည်။

ရှေးဦးစွာ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းကို သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ထို့နောက် ငြိမ်းချမ်းရေးကိုလိုလားသူ အမျိူးသားရေးရှေ့နေ ဦးအေးပိုင်နှင့် မျိူးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) ဗဟိုအလုပ်အမှု ဆောင်ဆရာတော်ဦးပညာဝံသတို့က ငြိမ်းချမ်းရေးကြိုပမ်းမှု လုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောက်ယှက်မှုများကို ဆန်ကျင်ရှုတ်ချ ပွဲပြုလုပ်သည့်အကြောင်းနှင့် ငြိမ်းချမ်းရေးပန်းတိုင်ဆီ တို့သွားမည်ဟူသည့် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးဟောပြောကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ငြိမ်းချမ်းရေးလိုလားသူပြည်သူ များက “ပြည်ထောင်စုမပြိုကွဲရေး-တို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး -တို့အရေး၊ အချူပ်အခြာအဏာတည်တံခိုင်မြဲရေး-တို့အရေး၊ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး-တို့အရေး၊ ပြည်ပစွက်ဖက်မှုအန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေး-တို့အရေး၊ ငြိမ်ချမ်းရေးပျက်ပြားအောင် ဖျက်ဆီးနေသူများ ကျဆုံးရေး- တို့အရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး အောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ထောက်ခံပွဲကို ရုပ်သိမ်းကြသည်။

    အဆိုပါ ကြိုဆိုထောက်ခံပွဲနှင့် ပတ်သက်၍ စကားသံများကို   ယခုလိုကြားသိ ခဲ့ရပါတယ်-

“ငြိမ်းချမ်းရေးဆိုတာ မြန်မာပြည်တွင် မဟုတ်ဘူး တစ်ကမ္ဘာလုံးနှင့် ဆိုင်ပါတယ်။ ငြိမ်းချမ်းရေး  လက်တွဲခေါ်ခြင်းသည် ငြိမ်းချမ်းခြင်း ကောင်းခြင်းသုခဖြစ်တဲ့ အတွက် ဦးဇင်းတို့ လူသားတစ်ဦး မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ အတွက် အရာအားလုံးကို လက်တွဲခေါ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဟောပြောပွဲကို ကိုယ်တိုင်တက်ရောက် ဟောပြောခြင်းဖြစ်ပါတယ်။ မငြိမ်းချမ်းလို့ ငြိမ်းချမ်းရေးကို ခေါ်နေရတာ။ နှောင့်ယှက်ဖျက်ဆီးတဲ့သူတွေရှိလို့ ငြိမ်းချမ်းရေးခေါ်နေရတာ။ ဒါကြောင့် ဒီပွဲဟာ ကောင်းမြတ်တဲ့ပွဲ မင်္ဂလာတစ်ပါး  ၃၈ ဖြာ မင်္ဂလာထဲမှာလည်း ငြိမ်းချမ်းခြင်း၊ ငြိမ်းအေးခြင်းဟာလည်း မင်္ဂလာပါ။ မင်္ဂလာရှိတဲ့ပွဲလို့ ဦးဇင်းယူဆပါတယ်။ ငြိမ်းချမ်းရေးကိုလိုလားတဲ့ပုဂ္ဂိုလ်တွေဟာ အချင်းချင်း ခိုက်ရန်ကွဲပြားမှုတွေမလုပ်ဘဲနဲ့ အချင်းချင်း ညီညွတ်မှုတွေပြုလုပ်ကြပါ။  ဒါမှသာ ကောင်းမွန်မြတ်တဲ့ နိုင်ငံတော်ဖြစ်မယ်လို့မိဘပြည်သူတွေကို ပြောချင်ပါတယ်”ဟု မျိုးချစ်မြန်မာ  ရဟန်းတော်များသမဂ္ဂ(ရန်ကုန်) ဗဟိုအလုပ်အမှုဆောင် ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။

“ဒီအချိန်မှာ ငြိမ်းချမ်းရေးက သိပ်အရေးကြီးပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကလည်း ငြိမ်းချမ်းရေးကို အလုံးစုံတာဝန်ယူနေတဲ့အချိန်မှာ သူကိုယ်တိုင် ဖိတ်ခေါ်ထားတယ်။ အဲ့တာတွေကြားတဲ့အတွက် ဒီဘက်မှာ ငြိမ်းချမ်းရေးကို ထောက်ခံတဲ့ အနေနဲ့ ပြည်ပစွက်ဖက် ကျူးကျော်မှုတွေ အများကြီးရှိနေတဲ့အချိန်မှာ ကန့်ကွက်ရှုတ်ချ တဲ့အနေနဲ့ ဒီပွဲကိုကျင်းပတယ်လို့ သိရပါတယ်။ လာအားပေးတာပါ။ အမျိုးသားရေး နှင့်ပတ်သက်ရင် ကိုယ်ကိုယ်တိုင် တိုင်းပြည်ကို  ချစ်တဲ့အတွက်ရယ် ဘာသာသာသနာကို ချစ်တဲ့အတွက်ရယ် ထဲထဲဝင်ဝင် ပါဝင်ဖြစ်တယ်။ ပူးပေါင်း ဆောင်ရွက်ဖြစ်တယ်။

တက်လာတဲ့ အစိုးရတိုင်းလည်း ငြိမ်းချမ်းရေးကို လုပ်နေကြတာပါပဲ။ ဒါပေမဲ့ လုံးဝပြီးပြည့်စုံတဲ့ အဆင့်တော့ မရောက်ကြဘူးပေါ့။ ခုတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အလုံးစုံ တာဝန်ယူနေတဲ့အချိန်မှာ သူကိုယ်တိုင်လည်း လိုလိုလားလား ဖိတ်ခေါ်ထားတယ်။ ပြည်သူတွေလည်း အကြမ်းဖက်မှု အန္တရာယ်တွေ အများကြီး ရင်ဆိုင်နေရတယ်။

သံယာတော်တွေအများကြီး အသတ်ခံနေရတယ်။ ပြည်ခိုင်ဖြိုး ပါတီဝင်တွေ အသတ်ခံရတယ်။ မျိုးချစ်တွေ အသတ်ခံနေရတယ်။ ဒလန်ဆိုပြီး တိုင်းပြည်အနှံ့ မြို့တိုင်းမြို့တိုင်းမှာ အသတ်ခံနေရတယ်။ လူလည်းထောင်ချီ သေနေကြပြီ။ ပြည်သူတွေလည်း အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်း နေချင်နေကြပြီ။ ဒါကတော့ ပြည်သူတွေရင်ထဲကဆန္ဒပဲ။ ပြည်သူတွေ ကိုယ်တိုင်လည်း ငြိမ်းချမ်းဖို့အတွက် တည်ဆဲအစိုးရနဲ့ ပူးပေါင်းပါဝင်ပြီး ငြိမ်းချမ်းရေးကို တိုက်တွန်းကြပါ ဖော်ဆောင်ကြပါ။ တိုင်းပြည်ငြိမ်းချမ်းဖို့အတွက်  နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်လို့ ခံယူပါတယ်။   သက်ဆိုင်ရာ အကြမ်းဖက်နေတဲ့    အဖွဲ့အစည်းတွေပဲဖြစ်စေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေပဲဖြစ်စေ၊ ငြိမ်းချမ်းစွာနေလိုတဲ့ ပြည်သူတွေပဲဖြစ်စေ အားလုံးကို တိုက်တွန်းချင်တာကတော့ မြန်မာပြည်ကြီး ငြိမ်းချမ်းသင့်ပါပြီ”ဟု ဦးဝင်းမော်ကပြောသည်။

“ဒီနေ့ပွဲကတော့ ကျွန်မအမြင် တိုင်းပြည်ကို  ချစ်တဲ့ပြည်သူတွေ အကုန်လုံး ပါဝင်သင့်တယ်လို့ ကျွန်မထင်တယ်။ ငြိမ်းချမ်းရေး အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို ထောက်ခံတဲ့အတွက် ကျွန်မဒီနေ့ပွဲကို တက်ရောက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ မြန်မာနိုင်ငံကို အမှန်တကယ်ချစ်တဲ့ ပြည်သူစစ်စစ်တွေကို ကျွန်မ မက်ဆေ့ပေးချင်တာက  ဒီငြိမ်းချမ်းရေးကို ကျွန်မတို့ ထောက်ခံပါတယ်။ ဒီအတူ သူတို့လည်း ကျွန်မတို့နည်းတူ ငြိမ်းချမ်းရေးကို ထောက်ခံမယ်လို့ ထင်ပါတယ်။ ငြိမ်းချမ်းရေးမှာ ဗိုလ်ချုပ်မှူးကြီးရဲ့ ကမ်းလှမ်းချက်ကို လက်ခံတဲ့ လက်နက်ကိုင် ၁၀ ဖွဲ့ကိုလည်း ကျွန်မဒီကနေ ကျေးဇူးတင်ပါတယ်။ ကျွန်မကတော့ ငြိမ်းချမ်းရေး မြန်မြန်ရစေချင်ပါတယ်။ ကျွန်မတို့  ပြည်သူတွေကလည်း ငြိမ်းချမ်းတဲ့ တိုင်းပြည်မှာနေချင်ကြတဲ့ သူတွေမို့လို့ပါ။

ယခုငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပြီး   ကျွန်မတို့နိုင်ငံ ငြိမ်းငြိမ်းချမ်းချမ်းနဲ့    ဖွံ့ဖြိုးတိုးတက်တဲ့ ဘာသာသာသနာ တရားကို ဦးထိပ်ထားတဲ့ တိုင်းပြည်အဖြစ် အမြန်ဆုံး ရောက်ချင်ပါတယ်”ဟု ဒေါ်သီရိနေလင်းက ပြောသည်။