အသက်အငယ်ဆုံးနှင့် ချန်ပီယံဆုဖလားအစုံ ဆွတ်ခူးနိုင်သည့် ကစားသမားအဖြစ် လီဗာပူးအသင်း လူငယ်ကစားသမား အာနိုးမှတ်တမ်းဝင်

လီဗာပူးအသင်း လူငယ်ကစားသမား  အာနိုးသည် လီဗာပူးအသင်းနှင့်  အက်ဖ်အေဖလား ဆွတ်ခူးနိုင် ခဲ့ပြီးနောက် အင်္ဂလန် ဘောလုံးလောကတွင် အသက်အငယ်ဆုံးနှင့် ချန်ပီယံဆုဖလားအစုံ ဆွတ်ခူးနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ်သာရှိသေးသည့် အာနိုး သည် လီဗာပူးအသင်းအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး  လူငယ်ကစားသမားအဖြစ်  လီဗာပူးအသင်း ယူ-၁၈၊ ယူ-၁၉ နှင့် ယူ-၂၃ အသင်းတို့တွင် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီးနောက်   ၂၀၁၅   ခုနှစ်က  လီဗာပူးအသင်းကို နည်းပြရော်ဂျာတာဝန်ယူကိုင်တွယ် စဉ်က ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုကာ လီဗာပူး အသင်းကြီးနှင့် စတင်ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။

နည်းပြရော်ဂျာတာဝန်ယူကိုင်တွယ်စဉ်က အာနိုး အနေဖြင့် ပွဲထွက်ခွင့်တချို့ စတင်ရရှိခဲ့ပြီးနောက် လက်ရှိနည်းပြ   ကလော့လက်အောက်တွင်လည်း   အဓိကကစားသမားအဖြစ်  ပါဝင်ခွင့်ရရှိနေသူဖြစ် သည်။

အာနိုးသည် လီဗာပူးအသင်းနှင့်အတူ ပထမဆုံး ဆုဖလားအဖြစ်  ၂၀၁၈-၂၀၁၉  ဘောလုံးရာသီက ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပြီးနောက်   ၎င်း၏ အသက် ၂၀ နှစ်တွင်ပင် အသင်းနှင့် အဓိကဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဥရောပ စူပါဖလားချန်ပီယံဆုနှင့် ကလပ်ကမ္ဘာ့ဖလားချန်ပီယံ ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

အာနိုးသည်  လီဗာပူးအသင်း၏ အောင်မြင်မှုများတွင်  အဓိက ကစားသမားအဖြစ်  ဆက်တိုက် ပါဝင်ခွင့် ရရှိခဲ့ပြီးနောက်  ၂၀၁၉-၂၀၂၀  ဘောလုံး ရာသီကလည်း အသင်းနှင့်အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ဆွတ်ခူးရရှိခဲ့သည်။ အာနိုးသည်  ယခုဘောလုံးရာသီတွင်  ကာရာဘောင်းဖလားနှင့် အက်ဖ်အေဖလားတို့ကိုပါ  ဆက်လက် ဆွတ်ခူးနိုင်ခဲ့ပြီးနောက်  အသက်အငယ်ဆုံးနှင့် ချန်ပီယံဆုဖလား အစုံဆွတ်ခူးနိုင်သည့် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref;Opta.com