ယခုဘောလုံးရာသီ အီတလီစီးရီးအေ ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိမည့်အသင်း အောင်ပွဲခံ အခမ်းအနားကို နေရာနှစ်နေရာခွဲ၍ ကျင်းပရန် စီစဉ်ထား

အီတလီစီးရီးအေဘောလုံးအဖွဲ့ချုပ်က ယခုဘောလုံးရာသီ အီတလီစီးရီးအေပြိုင်ပွဲတွင် ချန်ပီယံဆုရရှိမည့် အသင်း အောင်ပွဲခံအခမ်းအနားကို နေရာနှစ်နေရာ ခွဲ၍ ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။

ယခုဘောလုံးရာသီတွင်  အီတလီစီးရီးအေပြိုင်ပွဲ၌    ပြိုင်ပွဲပြီးဆုံးရန်  တစ်ပွဲအလိုရောက်ရှိချိန်အထိ ချန်ပီယံဖြစ်မည့်အသင်း  ထွက်ပေါ်ခြင်း မရှိသေးဘဲ နောက်ဆုံးပွဲစဉ်အထိ အေစီမီလန်အသင်းနှင့် အင်တာ မီလန် အသင်းတို့က အဆုံးအဖြတ်ကစားရမည် ဖြစ်သည်။

အီတလီစီးရီးအေပြိုင်ပွဲပြီးဆုံးရန်    တစ်ပွဲအလို ရောက်ရှိနေချိန်တွင်  အေစီမီလန်အသင်းက  ရမှတ် ၈၃ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေသော်လည်း အင်တာမီလန်အသင်းက အဆင့် (၂)နေရာ၌ ရမှတ် ၈၁ မှတ်ရရှိထားပြီး ၎င်းတို့နှစ်သင်းကြား  ရမှတ်ကွာဟမှုမှာ   နှစ်မှတ်သာဖြစ်သည့်အခြေ အနေကြောင့်   အီတလီစီးရီးအေဘောလုံး အဖွဲ့ချုပ်ကလည်း နောက်ဆုံးပွဲစဉ် ကစားမည့် အချိန်တွင် ချန်ပီယံ ဆုပေးပွဲ အခမ်းအနားကို နေရာနှစ်နေရာခွဲ၍ ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။

အီတလီစီးရီးအေပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင် အေစီမီလန်အသင်းအနေဖြင့်   သရေတစ်မှတ်ရရှိမည်ဆို ပါက  ၁၁  နှစ်ကြာဝေးကွာနေသည့် ချန်ပီယံဆုဖလား ကို  ပြန်လည်ဆွတ်ခူးနိုင်မည်ဖြစ်ပြီး   အင်တာမီလန် အသင်း အတွက်လည်း ချန်ပီယံဆုကာကွယ်ရန် အခွင့်အရေးရှိနေဆဲ ဖြစ်ကြောင်း သိရသည်။    

Ref:Dailymail