အသင်းခေါင်းဆောင်တိုးဆက်နိုင်အပါအဝင် ပြည်တွင်းကစားသမား ၁၀ ဦးကို စစ်ကိုင်းယူနိုက်တက် အသင်း တစ်နှစ်သက်တမ်းတိုး

ရန်ကုန်၊ ဘောလုံး

မြန်မာနေရှင်နယ်လိဂ်ကလပ် စစ်ကိုင်းယူနိုက်တက်အသင်းသည် အသင်းခေါင်းဆောင် တိုးဆက်နိုင် အပါအဝင် ပြည်တွင်း ကစားသမား ၁၀ ဦးကို တစ်နှစ်စီ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကစားသမား ၁၀ ဦးမှာ အသင်းခေါင်းဆောင် တိုးဆက်နိုင်၊ ဇွန်မိုးအောင်၊ ကျော်စွာမင်း၊ ပျော်ဒူအောင်၊ အေဇင်မှူး၊ ထက်ဇော်ထွန်း၊ မျိုးမင်းဖြိုး၊ ဖုန်းသူနိုင်၊ ကောင်းထက်ကျော်နှင့် ချစ်စိုးပိုင် တို့ဖြစ်သည်။

ယင်းကစားသမားများသည် ယခုနှစ်ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည့်အတွက်   သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အသင်းမှာ ဒီနှစ်ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကစားသမား အများစုရှိ တယ်။ လက်ရှိတော့ အသင်းခေါင်းဆောင် တိုးဆက်နိုင်အပါအဝင် ကစားသမား ၁၀ ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားတယ်။ ကျန်တဲ့ကစားသမားတွေလည်း သက်တမ်း တိုးဖို့ရှိပါတယ်။ သူတို့နဲ့ညှိနှိုင်းပြီးရင် သက်တမ်းတိုး စာချုပ်ချုပ်ဆိုမှာပါ။ ပြည်ပကစားသမားတွေကို သက်တမ်းတိုး၊ မတိုးဆိုတာ  အသင်းတာဝန်ရှိသူတွေနဲ့ ပြန်လည်ညှိနှိုင်းဖို့ရှိပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းယူနိုက်တက်အသင်းသည် ယခုနှစ်တွင် ပြည်ပကစားသမားများအဖြစ် နိုက်ဂျီးရီးယား   ကွင်းလယ်ကစားသမား ဖရိုင်းဒေး၊ ဂါနာနောက်ခံကစားသမား မန်ချွန်ဘီနှင့် ဂါနာတိုက်စစ်မှူး ပက်ထရစ်တို့ကို ခေါ်ယူအသုံးပြုခဲ့သည်။

စစ်ကိုင်းယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီ မြန်မာနေရှင်နယ် လိဂ်ပွဲစဉ်အားလုံးပြီး ဆုံးချိန်တွင် ငါးပွဲနိုင်၊ နှစ်ပွဲသရေ၊ ၁၁ ပွဲရှုံး ရမှတ် ၁၇ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၇) နေရာ၌ ရပ်တည်နိုင်ခဲ့သည်။                

ကိုရဲ