နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို  ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊  ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။  အဆိုပါ သတင်းစာရှင်းလင်းပွဲတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့်  ဌာနဆိုင်ရာမှ တာဝန်ရှိသူများက  သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်းစာရှင်းလင်းပွဲများကို ယခုမေလကစပြီး  တစ်လလျှင်   နှစ်ကြိမ်ဆောင်ရွက်သွားရန်    လျာထားကြောင်း မီဒီယာများကို အသိပေးလိုပါကြောင်း၊ ယခု သတင်းစာရှင်းလင်းပွဲတွင် (တစ်)လတ်တလော ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးကိစ္စရပ်များ၊ (နှစ်) ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ (သုံး) စီးပွားရေးဆိုင်ရာကိစ္စရပ်များ ဖြစ်ပါကြောင်း၊ (တစ်)မှ(သုံး)အထိ မိမိအနေဖြင့်  ရှင်းလင်းပြောကြား သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင် အပိုင်းကို ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားသွားမည် ဖြစ်ကြောင်း၊ ထို့နောက် မေး၊ ဖြေကဏ္ဍဖြစ်ပါကြောင်း၊ မေးခွန်းများ မေးသည့်အခါတွင် စနစ်တကျဖြစ်စေရေး အခမ်းအနားမှူးက မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း၊ ဖိတ်ခေါ်ခံရသည့် မီဒီယာများအနေဖြင့် မေးခွန်းနှစ်ခုစီ မေးမြန်းပေးရန် ဖြစ်ကြောင်း ပြောကြားသည်။

ပထမဦးဆုံးအနေဖြင့် လတ်တလော ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြသွားမည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီထွန်းကားသည့် နိုင်ငံအများစုတွင်   ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဆိုသည်မှာ မရှိသလောက် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းခြင်းမရှိဘဲ ပြည်သူလူထု၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာတောင့်တင်းအောင် တည်ဆောက်နိုင်ရန်ဆိုသည့် စိန်ခေါ်မှုကြီးမားသည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊   ထိုစိန်ခေါ်မှုကြီးသည့် ကိစ္စကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ယူနေသည့် ကာလတာအခိုက်အတန့်အတွင်းတွင် တိုင်းရင်းသား ပြည်သူများ၏  အကျိုးကိုရှေးရှုပြီး လက်တွေ့ကျကျ စိတ်စေတနာထား ဖော်ဆောင်နေပါကြောင်း၊ ထို့ကြောင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအနေဖြင့် တိုင်းပြည်၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားပြည်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို မိန့်ခွန်းတစ်ရပ်   ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်တိုင်   တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကို   တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည်ဟု ပြောကြားခဲ့ပါကြောင်း၊ တိုင်းရင်းသား ပြည်သူအားလုံး ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအရသာကို ခံစားနိုင်ရန်အတွက် ရိုးသားပွင့်လင်းစွာ ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ပြည်သူလူထုအကျိုးကိုရှေးရှုပြီး ငြိမ်းချမ်းရေးကို နှစ်နှစ်ကာကာလိုလားသည့်စိတ်၊ ညီညွတ်စွာပူးပေါင်း ဆောင်ရွက်လိုသည့်စိတ်များနှင့် ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့်ကိစ္စရပ်တွင် သဘောထားကြီးကြီးထားပြီး မိမိတို့၏စိတ်ခံစားချက်၊  အတ္တကိုအခြေခံသည့် ထင်မြင်ယူဆ ချက်များကို ဘေးချိတ်ထားပြီး တစ်ဦးကိုတစ်ဦး၊  တစ်ဖွဲ့ကိုတစ်ဖွဲ့ နားလည်မှုရှိရှိ အပြုသဘောဖြင့် ထိတွေ့ဆက်ဆံကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  မိမိတို့အနေဖြင့် ယခင်အပတ် သတင်းစာရှင်းလင်းပွဲ တွင်လည်း ပြောခဲ့ပြီး ဖြစ်ပါကြောင်း၊   နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်က EAO အဖွဲ့များ တစ်ဖွဲ့ချင်းအလိုက် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးခြင်း ဆိုသည်မှာ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ရတောင့်ရခဲအခြေအနေနှင့် အချိန်အခါဖြစ်ပါကြောင်း၊ အဓိကအဆုံးအဖြတ် ပေးနိုင်သူအချင်းချင်း ရင်းနှီးပွင့်လင်းစွာတွေ့ဆုံနိုင်ရန် လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် ထားရှိသည့်စေတနာ၊ ငြိမ်းချမ်းရေးကို လိုလားသည့် စစ်မှန်သည့် သဘောထားများကို   ထင်ထင်ရှားရှား တွေ့မြင်နိုင်မည် ဖြစ်ကြောင်း၊  ငြိမ်းချမ်းရေးကို မလိုလားသည့် အဖွဲ့အစည်းတချို့၊ လက်နက်ကိုင်တချို့နှင့်   ခေါင်းဆောင်အမည်ခံ လူပုဂ္ဂိုလ်အချို့၏    အဖျက်သဘောဆောင်ပြောဆိုမှု၊ လုပ်ဆောင်မှုများကို ဂရုပြုပြီး ငြိမ်းချမ်းရေး လမ်းစဉ်ကနေ သွေဖည်သွားလိမ့်မယ်ဟု ထင်ရင်မှားမည် ဖြစ်ပါကြောင်း၊ သတ္တိရှိစွာနှင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနှင့်   ငြိမ်းချမ်းရေးရအောင် ဆက်လုပ်သွားမည် ဖြစ်သည့်အတွက် ထပ်လောင်းပြောလိုပါကြောင်း၊     တစ်ချိန်သောကာလတွင် အစိုးရ၊ တပ်မတော်နှင့်တိုင်းရင်းသားပြည်သူ အကျိုးအတွက်    သဘောထားကြီးစွာ နားလည်ပေးခဲ့သည်ကို အမှတ်ရမိလိမ့်မည်ဟု ထင်ပါကြောင်း၊  လိုင်ဇာအဝင်မုခ်ဦးတွင် တပ်မတော်သားများ  ရောက်ရှိနေသည့် မှတ်တမ်းဓာတ်ပုံကို သတိတရနှင့် အမှတ်တရ ဖြစ်နေအောင် ပြလိုပါကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် လက်တွေ့မကျသည့် အကြောင်းပြချက်များ၊ ငြင်းဆန်ချက်များ၊ ကန့်လန့်တိုက်ခြင်းများ၊ ဖျက်လိုဖျက်ဆီး လုပ်လိုမှုများသည် ၎င်းတို့၏ ဒေသခံပြည်သူလူထု   ဒေသအကျိုးအပေါ်   ရိုးသားဖြောင့်မတ်မှုရော အမှန်ရှိလားဆိုသည်ကို စဉ်းစားစရာကောင်းမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်အပေါ် လာရောက်ဆွေးနွေးမည့် အဖွဲ့များသည်    NCA လက်မှတ် ရေးထိုးပြီးသည့်DKBA အဖွဲ့၊ KNU-KNLA(PC) အဖွဲ့၊ ပအိုဝ်း PNLO အဖွဲ့၊ မွန် NMSP အဖွဲ့၊ ရခိုင် ALP အဖွဲ့၊ ရှမ်း RCSS(SSA) အဖွဲ့၊ လားဟူ LDU အဖွဲ့ စသည့် အဖွဲ့ ၇ ဖွဲ့၊ NCA မထိုးရသေးသည့် အဖွဲ့တွင် UWSA “ဝ” အဖွဲ့၊ NDAA မိုင်းလားအဖွဲ့၊ ရှမ်း SSPP (SSA) အဖွဲ့ စသည့် ၃ ဖွဲ့ဖြစ်ပါကြောင်း၊ ထို EAO အဖွဲ့များ၏ ငြိမ်းချမ်းရေး၊ ပြည်သူလူထုအရေးနှင့်   ဒေသအကျိုးအပေါ်ထားရှိသည့် စေတနာတရားကို မိမိတို့အစိုးရနှင့် ငြိမ်းချမ်းရေးကို လိုလားသည့် ပြည်သူလူထုတစ်ရပ်လုံးက   အသိအမှတ်ပြုလေးစားပါကြောင်းကို ဤနေရာမှ အသိပေးပြောကြားလိုပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်က မြန်မာနိုင်ငံရဲ့အရေးကို  မြန်မာနိုင်ငံသား တွေပဲ ဆုံးဖြတ်ဖို့ဖြစ်ပါတယ် ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ ပြည်ထောင်စု တိုင်းရင်းသားအားလုံး    ပြည်ထောင်စုစိတ်ဓာတ်နဲ့ လုပ်မယ်ဆိုရင် တိုင်းပြည်အတွက် ကျွန်တော်တို့ ရည်မှန်းချက်ပန်းတိုင်ကို ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်မယ်ဆိုတဲ့ အမြင်ရှိတယ်ဆိုလို့ ရှိရင် ပြည်ထောင်စုစိတ်ဓာတ်နဲ့ လုပ်ကြမယ်ဆိုလို့ ရှိရင်    ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် မအောင်မြင်စရာ အကြောင်းမရှိဘူးလို့ ပြောကြားခဲ့ပါကြောင်း၊   နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကောင်းမွန်သည့် ရလဒ်ထွက်ပေါ်လာသည်အထိ ဆွေးနွေးသွားမည်ဟု   သန္နိဋ္ဌာန် ချထားပါကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းကူညီသွားကြရန်    မေတ္တာရပ်ခံ လိုပါကြောင်း၊ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး RCSS၊ DKBA နှင့် KNU-KNLA(PC)အဖွဲ့ ၃ ဖွဲ့မှ ဥက္ကဋ္ဌ၊ ခေါင်းဆောင်အဆင့် တက်ရောက်မည်ဖြစ်ပါကြောင်း၊ NMSP ၊ ALP တို့မှ  ဥက္ကဋ္ဌများ၏   ကျန်းမာရေး အခြေအနေအရ      ဒုတိယဥက္ကဋ္ဌများ တက်ရောက်မည်ဖြစ်ပါကြောင်း၊  PNLO နှင့် LDUတို့မှ တွဲဖက်အထွေထွေအတွင်းရေးမှူးအဆင့်ရှိသူများ တက်ရောက်ကြမည်ဟု ပြန်ကြားထားပါကြောင်း၊ LDU အဖွဲ့အနေဖြင့်    ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ကြားမှုအပေါ် ဥက္ကဋ္ဌ ကျာခွန်ဆာ လက်မှတ်ရေးထိုးပြီး ဆွေးနွေးရန်   အသင့်မဖြစ် သေးသည့်အတွက် တက်ရောက်ခြင်းမပြုဟု မူလကပြန်ကြားခဲ့ပါကြောင်း၊ ထိုသို့ပြန်ကြားချက်သည် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ၂ ဦး၏ သဘောထားဖြင့်သာ ပြန်ကြားခြင်း ဖြစ်ကြောင်းကို သိရပါကြောင်း၊  LDU အဖွဲ့အနေဖြင့် ဗဟိုအမှုဆောင်အစည်းအဝေးကို Online မှပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌနှင့်ဒုဥက္ကဋ္ဌတို့  တက်ရောက်ခြင်းမရှိဘဲ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပြီး သဘောတူဆုံးဖြတ်ချက်အရ တွဲဖက်အတွင်းရေးမှူး(၂)အဆင့်ရှိ ကျားယာကွပ် ဦးဆောင်သည့်အဖွဲ့ကို စေလွှတ်တက်ရောက်မည်ဟု ပြန်ကြားထားပါကြောင်း၊ UWSP/UWSA နှင့်  NDAA (မိုင်းလား)အဖွဲ့ ၂ ဖွဲ့ အနေဖြင့် ခေါင်းဆောင်များ၏ ကျန်းမာရေး အခြေအနေနှင့် ခရီးဝေးသွားလာရန် အခက်အခဲများကြောင့် ဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌ အဆင့်ရှိသူများကို ဥက္ကဋ္ဌများကိုယ်တိုင် လက်မှတ်ရေးထိုး  တာဝန်ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လာရောက်ကြမည့်    တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့မှ ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်နိုင်ခြင်း မပြုသည့် ၇ ဖွဲ့မှ ဦးဆောင်တက်ရောက်ကြမည့် ဒုတိယဥက္ကဋ္ဌ/အတွင်းရေးမှူးများအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အားလုံး၏ ကိုယ်စားအဆုံးအဖြတ် ပြုနိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြောင်း   သက်ဆိုင်ရာအဖွဲ့များ၊ ခေါင်းဆောင်များ၏ ပြန်ကြားစာများအရ သိရပါကြောင်း၊ နိုင်ငံတော် အကြီးအကဲအနေဖြင့် EAO တစ်ဖွဲ့ချင်းစီနှင့် တွေ့ဆုံမည်ဖြစ်သကဲ့သို့ PPST ဦးဆောင်မှု အဖွဲ့အားလည်း တွေ့ဆုံ ဆွေးနွေးခွင့်ရရှိရေး  ဆောင်ရွက်ပေးနိုင်ရန် PPST ဦးဆောင်အဖွဲ့မှ ညှိနှိုင်းရေးကော်မတီသို့   စာတစ်စောင် ပေးပို့ခဲ့ပါကြောင်း၊ ညှိနှိုင်းရေးကော်မတီမှ EAO တစ်ဖွဲ့ချင်းစီ၏ လိုလားချက်သဘောတရား တူညီမှု မရှိခြင်းကြောင့် နိုင်ငံတော်အကြီးအကဲအနေဖြင့်  EAO တစ်ဖွဲ့ချင်းစီကိုသာ တွေ့ဆုံမည်ဖြစ်ကြောင်းနှင့် တရားဝင်ဆွေးနွေးလိုပါက ညှိနှိုင်းရေးကော်မတီနှင့် PPST ဦးဆောင်မှုအဖွဲ့တို့ တွေ့ဆုံနိုင်ပါတယ်ဟု ပြန်ကြား ထားရှိပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများကို အစောဆုံး  ယခုလ ၂၀ ရက်နေ့မနက်ဖြန်တွင် စတင်တွေ့မည် ဖြစ်ပါကြောင်း၊ အကြောင်းအရာချင်း မဆက်စပ်သော်လည်း ပြည်သူလူထုကို   သတိထားစရာ ကိစ္စရပ်တစ်ခုကို အသိပေးလိုပါကြောင်း၊ ရဟန်း၊ သံဃာများကို PDF အမည်ခံအကြမ်းဖက်သမားများက ပစ်မှတ်ထားလုပ်ကြံ သတ်ဖြတ်ခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ မေလ ၁၇ ရက်နေ့အထိ ရဟန်း၊ သံဃာ ၄၇ ပါး အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခြင်း ခံခဲ့ရပါကြောင်း၊  ထိုအထဲမှ   စစ်ကိုင်းတိုင်းဒေသကြီးတွင် သံဃာအပါး ၂၄ ပါး၊ မကွေးတိုင်းဒေသကြီးတွင် သံဃာ  ၉ ပါး လုပ်ကြံသတ်ဖြတ်ခံရပါကြောင်း၊ ထိုတိုင်းဒေသကြီးများသည်  ယုံကြည်ကိုးကွယ်မှု အနေဖြင့် ဗုဒ္ဓဘာသာအများဆုံးကိုးကွယ်သူများ နေထိုင်ကြပါကြောင်း၊ အဘယ်ကြောင့် ထိုသို့ဖြစ်ရပါသလဲ၊ ယနေ့တက်ရောက်လာကြသည့် မီဒီယာများအနေဖြင့် မည်သို့ထင်မြင်ယူဆချက်များ ရှိပါသလဲ၊ ထိုသို့အသတ်ခံရသည့် သံဃာတော်အများစုသည် ကျောင်းထိုင်ဆရာတော်များ ဖြစ်ကြပါကြောင်း၊ ကျောင်းထိုင် ဆရာတော်တစ်ပါးဖြစ်လာရန် ဘယ်လောက်မလွယ်မှန်း  အားလုံးသိကြမည် ဖြစ်ပါကြောင်း၊ ရဟန်းသံဃာတော်များသည် သာသနာ့တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်ပါကြောင်း၊ သာသနာ့တာဝန်ကို ထမ်းဆောင်နေကြသည့် သံဃာတော်များနှင့် သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက် ပေးနေကြသည့် ဒါယကာ၊ ဒါယိကာမများ၊ အဖွဲ့အစည်းများ ရင်းနှီးမှုရှိနေခြင်းသည် အစဉ်အလာတစ်ခုဖြစ်ပါကြောင်း၊ ထိုအကြားကဆက်စပ်မှုကို ဖျက်ဆီးပြီး သာသနာတော် ၏ရေသောက်မြစ်ကို ဖြတ်တောက်နေခြင်းက ထိုအကြမ်းဖက် အဖွဲ့အစည်းများ၊ အကြမ်းဖက်သမားများ၏ ရည်မှန်းချက် ဖြစ်ပါကြောင်း၊ နောက်ကွယ်က    ဆက်စပ် နေနိုင်သည့် အကြောင်းအရာအချို့ကို သတိထားမိစေရန် ပြောပြလိုပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ သီလရှင် ၁ ပါးအပါအဝင် ရဟန်းသံဃာ ၇ ပါး PDF များ၏လုပ်ကြံခြင်း ခံခဲ့ရပါကြောင်း၊   မြိုင်မြို့နယ်ဆိုလျှင် အားလုံးက မှတ်မိကြမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲမတိုင်ခင်   မဲဆွယ်ကာလက တည်းက နိုင်ငံသိပြဿနာတစ်ရပ် ဖြစ်ခဲ့သည့် နေရာဖြစ်ပါကြောင်း၊   ဖြစ်စဉ်မှာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် မြိုင်မြို့နယ်၊ ကန်နီကျေးရွာတွင် NLD ပါတီဝင်တစ်ဦးက ပါတီအောင်နိုင်ရေး သီချင်းများ၊ မဲဆွယ်စည်းရုံးမှုများကို နေ့နေ့ညညဆူညံစွာ လွန်လွန်ကဲကဲ နားမခံသာအောင် အသံချဲ့စက်ဖွင့်ပြီး ရွာကိုနှိပ်စက်ခဲ့ပါကြောင်း၊ ယင်းကို မလုပ်သင့်ကြောင်းနှင့် အသံချဲ့စက်အသံတိုးပေးရန် သွားရောက်မေတ္တာရပ်ခံ လာပြောသည့် ရွာသားကို ဝိုင်းဝန်းရိုက်နှက်ခဲ့ပါကြောင်း၊ ထိုဖြစ်စဉ်အပေါ် မကျေနပ်သည့် ရွာသူ၊ ရွာသားများက နေအိမ်ဝင်း အတွင်းသို့ ဝင်ရောက်ခဲ့ပါကြောင်း၊ ထိုအချိန်က အာဏာရပါတီနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများကလည်း  ထိုမတရားမှုအပေါ်တွင် အာဏာနှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး ဘက်လိုက် ရပ်တည်ခဲ့ပါကြောင်း၊ တစ်နည်းအားဖြင့် ဗကပစကားနှင့် ပြောရလျှင် သွယ်ဝိုက်ပြီး အာဏာ တည်ဆောက်ထားသည့် ဒေသဖြစ်ကြောင်းကို သတိပြုမိမည်ဖြစ်ပါကြောင်း၊ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး  မြောက်ခြမ်းတစ်ဝိုက်က အကြမ်းဖက် PDF များကို နောက်ကွယ်က  ကြိုးကိုင်နေသည်မှာ KIA အဖွဲ့ဖြစ်ပါကြောင်း၊  မကွေးတိုင်းဒေသကြီး မြောက်ခြမ်းနှင့် အနောက်မြောက်ခြမ်းတွင်ရှိနေသည့် PDF များကို ကြိုးကိုင် နေသည်မှာ CNF အဖွဲ့ဖြစ်ပါကြောင်း၊ ထို့ကြောင့် တင်ပြပါဗီဒီယိုဖိုင်ကို ဥပမာ ကြည့်ပေး စေလိုပါကြောင်း၊ အဘယ်ကြောင့်ဖြစ်နေသလဲ၊ မည်သို့လုပ်သင့်သလဲ ဆိုသည်ကို ပြည်သူလူထုနှင့် သက်ဆိုင်သူအားလုံး  သိမြင်နိုင်မည်ဟု ပြောလိုပါကြောင်း ပြောကြားပြီး ဗီဒီယိုဖိုင်ကို ပြသသည်။

ယင်းနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် အကာအကွယ်ပေးရမည် ဖြစ်ကြောင်း၊ လူ အများစု ကိုးကွယ်ရာ ဘာသာတရားကို တိုက်ရိုက်ထိပါးခြင်း ဖြစ်ကြောင်း၊ သံဃာတော်များနှင့် ပတ်သက်ပြီး ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ကိုယ်ထိလက်ရောက် စော်ကားခြင်းများရှိလျှင် သတင်းပေးကြစေ လိုပါကြောင်း၊  ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး  ဒုတိယပိုင်းအနေဖြင့် ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ပြောကြားသွားမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေသည့် နိုင်ငံဖြစ်ပါကြောင်း၊ ပြည်သူများလိုလားသည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံဖြစ်ရန်၊ ဒီမိုကရေစီစနစ်ရှင်သန်ခိုင်မာစေရန် ပြည်သူလူထု တစ်ရပ်လုံး ပညာရည်မြင့်မားရန်လိုအပ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်းများအရ မိမိတို့ နိုင်ငံသားအားလုံး၏ ၃ ပုံ ၁ ပုံခန့်သည် အလယ်တန်း အဆင့်ပညာရေးသာ ရှိကြောင်းကို တွေ့ရပါကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့်  နိုင်ငံသားတိုင်းကို  KG+9 (အလယ်တန်းအဆင့်) ပညာပြီးဆုံးသည်အထိ သင်ကြားနိုင်ရေးအလေးထားဆောင် ရွက်လျက်ရှိပါကြောင်း၊ အစိုးရအနေဖြင့် အခြေခံပညာ၊ အဆင့်မြင့်ပညာသင်ကြားမည့် ကျောင်းသား၊  ကျောင်းသူအားလုံး  ကျောင်းနေနိုင်အောင်  လုပ်ပေးမည်ဖြစ်ကြောင်း၊ ပညာသင်ကြားမှုပြီးမြောက်အောင် ပံ့ပိုးမည်ဖြစ်ကြောင်း၊ ကာယကံရှင်များ ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများပညာပြီးမြောက်အောင် သင်ကြားမှုမရှိခဲ့လျှင် ကာယကံရှင် ကျောင်းသား၊ ကျောင်းသူများ မိဘများသာမက နိုင်ငံတော်အတွက်ပါ ဆုံးရှုံးနစ်နာမှုများ ဖြစ်လာစေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလုပ်လုပ်နိုင်သည့် လုပ်အားများ ဆုံးရှုံးခြင်းများ ဖြစ်ပေါ်လာသလို နိုင်ငံသားတစ်ဦးချင်း၏ ဆုံးရှုံးခြင်းများ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ အနေဖြင့် နိုင်ငံတော်တာဝန် စတင်ယူချိန် ကပင် ကိုဗစ်-၁၉ ကြောင့် ပိတ်ထားခဲ့သည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်း ခဲ့ပါကြောင်း၊  ပြီးခဲ့သည့်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကို ကိုဗစ်-၁၉ ရောဂါအကျပ်အတည်းနှင့် နိုင်ငံရေးအမှောင့်ပယောဂများကြားတွင် မိမိတို့ ပညာသင်နှစ်ဆုံးခန်းတိုင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင် အခြေခံပညာ ကျောင်းများအားလုံး၏ စာမေးပွဲအောင်စာရင်းကို ထုတ်ပြန်ပေးနိုင်ခဲ့ပါကြောင်း၊ ဆက်လက်ပြီး မကြာခင်အချိန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ထုတ်ပြန်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာအတန်းများ ကျောင်းအပ်နှံရေးရက်သတ္တပတ်ကို မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူများကျောင်းအပ်နှံ မှုကို လက်ခံ ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ် သင်ကြားသွားမည် ဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးဆောင်ပုဒ် အဖြစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့  ကျောင်းအပ်နှံကြပါစို့ ဟူ၍ သတ်မှတ်ခဲ့ပြီး (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)ကို အပ်နှံရန်၊ (၆)နှစ် အရွယ်ကလေးများကို ပထမတန်း  (Grade-1)ကို အပ်နှံရန် နှိုးဆော် လျက်ရှိပါကြောင်း၊ ထို့အပြင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကာလအတွင်း ကျောင်းအုပ် များ၊ ဆရာ၊ ဆရာမများနှင့် ပညာရေးအရာထမ်း၊ အမှုထမ်းအားလုံး သိရှိလိုက်နာရမည့် အချက်များနှင့် မိဘအုပ်ထိန်းသူ၊ ပြည်သူ များကို  မေတ္တာရပ်ခံပန်ကြားချက်များကို နိုင်ငံပိုင် သတင်းမီဒီယာ များကတစ်ဆင့် အသိပေးနှိုးဆော်လျက် ရှိပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် အခမဲ့ပညာရေး စနစ်ကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် မူလတန်းမှ စတင်ကာ အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပါကြောင်း၊  ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှံသည့် ကလေးများကို  KG အတန်းအတွက် လိုအပ်မည့် ပံ့ပိုးမှုများ နှင့်  Grade-1 မှ Grade-11 အထိ ကျောင်းသားကိုင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို အခမဲ့ဖြန့်ဝေခြင်း၊ ဆရာလမ်းညွှန်စာအုပ်များကို အခမဲ့ဖြန့်ဝေခြင်း၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ဖြန့်ဝေလျက်ရှိသကဲ့ သို့ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကိုဖြန့်ဝေခြင်း စသည်များကို ဖြည့်ဆည်းပေးလျက် ရှိပါကြောင်း၊ ယခုရက်ပိုင်းအတွင်း အွန်လိုင်းပေါ်တွင် တက္ကသိုလ်ဝင်တန်း အောင်စာရင်းနှင့်ပတ်သက်ပြီး ငွေကျပ် ၃ သောင်း၊ ၄ သောင်း စသဖြင့် ပေးရသည်ဟု  သတင်းပြန့်နေကြောင်း၊ အောင်စာရင်း၊ အမှတ်စာရင်းထုတ်ယူ မှုအတွက် ကုန်ကျစရိတ် ငွေ ၄၀၀ ကျပ်၊ ၆၀၀ ကျပ် စသဖြင့်သတ်မှတ်ပြီးဖြစ်ကြောင်း၊ စာတိုက်မှပို့လျှင် စာတိုက်ဖိုးကုန်မည်ဖြစ်ပြီး အများဆုံးကုန်ကျငွေ ၁၀၀၀/၁၅၀၀ ထက်မပို ပါကြောင်း၊ အွန်လိုင်းပေါ်မှ ပြောနေသည့် သုံးလေးသောင်း ကုန်ကျမှုများသည် ပွဲစားများနှင့် လုပ်နေခြင်းဖြစ်ပြီး ယင်းတို့ကိုလည်း မိမိတို့  ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အနာဂတ် ခေါင်းဆောင်များ ဖြစ်လာကြမည့် မျိုးဆက်သစ်လူငယ်များ ပညာရည်မြင့်မားရေးကို ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်ဝပြီး အတွေ့အကြုံရှိသည့် ဆရာ/ဆရာမများ လိုအပ်ပါကြောင်း၊ ထို့ကြောင့် တာဝန်မှ ကင်းကွာနေသည့် ပညာရေး ဝန်ထမ်းများကို ပြန်လည်၍ တာဝန်ထမ်းဆောင်နိုင်ရန် အစိုးရအနေဖြင့် ၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်နေ့မှ စတင်၍  နိုင်ငံပိုင်ရုပ်မြင်သံကြားမီဒီယာများ မှတစ်ဆင့် ပြန်လည် ဖိတ်ခေါ်ထားပါကြောင်း၊ အခြေခံပညာ ဆရာ/ဆရာမ အသစ်များကိုလည်း ထပ်တိုးခန့်အပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျောင်းများ၏ ရုပ်ပိုင်းဆိုင်ရာ တိုးမြှင့်ဖို့၊ ကျောင်းစာကြည့်တိုက်များ၌ စာအုပ်စာတမ်းများ ဖြည့်ဆည်းပေးခြင်း များကိုလည်း ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကျောင်းများဖွင့်လှစ်မှုနှင့် ပတ်သက်ပြီး NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ပြည်ဖျက်မီဒီယာများက ကျောင်းများ မဖွင့်အောင် ခြိမ်းခြောက် နှောင့်ယှက်နေသည် ကိုလည်း တွေ့နိုင်မည် ဖြစ်ပါကြောင်း၊ ပြီးခဲ့တဲ့ ပညာသင်နှစ်များတွင် အကြမ်းဖက်သမားများ၏ နှောင့်ယှက် ဖျက်ဆီးမှုကြောင့် မိုင်းထောင်၊ မိုင်းခွဲ၊ မီးရှို့၊ ဖျက်ဆီးခံခဲ့ရသည့် ကျောင်းပေါင်း ၅၀၄ ကျောင်းရှိခဲ့ပြီး ဆရာ၊ ဆရာမ ၃၇ ဦးသေဆုံးခဲ့ရပါကြောင်း၊ ယခုလည်း ကျောင်းများမဖွင့်ခင်ကတည်းက ခြိမ်းခြောက်မှုများ စတင်လုပ်ဆောင် နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ပြည်ဖျက်မီဒီယာများကလည်း ဖော်ပြနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ဥပမာ-ပင်းတယမြို့နယ် ပညာရေးမှူးရုံးကို မိုင်းထောင်ဖောက်ခွဲသည်ဆိုပြီး မီဒီယာတစ်ခု ဖော်ပြထားကြောင်း၊ မေလ ၉ ရက်နေ့နံနက်ခန့်တွင် လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းသည်  ကျောင်းဖွင့် တော့မည် ဖြစ်၍ ဖောက်ခွဲခြင်း ဖြစ်ပြီး  နောင်တွင် ယခုထက် အားပြင်းသည့်ဗုံးနှင့် ဖောက်ခွဲမည်ဆိုသည့် ခြိမ်းခြောက်မှုမျိုး တွေ့ရပါကြောင်း၊ တစ်ဖက်တွင်လည်း  စာမေးပွဲဖြေဆိုသူများကို တက္ကသိုလ်ဝင်ခွင့် လက်ခံမည် မဟုတ်ဟု NUG ပြောဆိုပြီး ရေးထားသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း၊ အဆိုးဆုံးမှာ စာသင်ကျောင်းများကို မိုင်းထောင်၊ ဘန်ကာဆောက်ပြီး အကြမ်းဖက်အဖွဲ့ အခြေချစခန်းများ အဖြစ် အသုံးပြုနေခြင်းသာ ဖြစ်ကြောင်း ပြောကြားပြီး PDF အမည်ခံ အကြမ်းဖက် အဖွဲ့များက ကျောင်းကိုပိတ်ပြီး ကျောင်းထဲသို့ ဝင်ရောက်နေရာယူကာ အခြေချစခန်းအဖြစ် ပြုလုပ်ပြီး အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်နေသည့် ဗီဒီယိုဖိုင်ကို ပြသသည်။

ပညာရေးနှင့် ပတ်သက်ပြီး ပြည်သူလူထု ကို သိစေလိုသည်မှာတစ်ဖက်တွင် ကျောင်း များမတက်ရန် ပြောကြားနေပြီး လက်တွေ့ကျောင်းများကို မိုင်းထောင်မိုင်းခွဲ မီးရှို့ခဲ့ကြောင်း၊ တစ်ဖက်တွင် ၎င်းတို့ဘက်က ပညာ သင်ပေးနေသည်ဆိုပြီး လုပ်ဆောင်ကြောင်း၊ ထိုအထဲတွင် မည်သည့်မြှုပ်ကွက်များရှိ သည်ကိုကြည့်လျှင် သိနိုင်ပါကြောင်း ပြောကြား၍  ယင်းအကြောင်းအရာများနှင့် ပတ်သက်သည့် ဗီဒီယိုဖိုင်ကို ရှင်းလင်းပြသ ပြီးနောက်    မိဘပြည်သူများအနေဖြင့် အသိ၊ သတိရှိဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ပြောကြားသည်။

မိမိတို့အနေဖြင့် ကျောင်းများဖွင့်လှစ် သည့်အခါ ကျောင်းသား/ကျောင်းသူ လူငယ်များအားလုံး ပညာသင်နှစ် တစ်ခု အောင်မြင်စွာ ပြီးဆုံးပညာသင်ကြားနိုင်ရန် ကျောင်းနှင့်  ကျောင်းပတ်ဝန်းကျင် ဘေးကင်း လုံခြုံရေး မိဘပြည်သူတစ်ရပ်လုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အလားတူ  ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီး ဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များ၊ ဆရာအတတ်ပညာဦးစီး ဌာနရှိ ပညာရေးဒီဂရီကောလိပ်များကို ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ကျောင်းများ အများဆုံးနီးပါး မဖွင့်လှစ်နိုင်သည့်နေရာသည် ချင်း ပြည်နယ်ဖြစ်ကြောင်း ပြောကြားသည်။

ချင်းပြည်နယ်၌ ပညာရည်မြှင့်တင်ရေး ဆောင်ရွက်ရန် အစိုးရ၏ လုပ်ဆောင်ချက်များကို ပြောလိုပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များအနက် ချင်းပြည်နယ်သည် ပညာရေးနှင့်ပတ်သက်ပြီး အားနည်းချက် များရှိခဲ့ပါကြောင်း၊ ယင်းကို ကုစားနိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊  ချင်းပြည်နယ်၌ ယခင်က ၂၀၁၆ ခုနှစ်တွင် ဟားခါးကောလိပ် ဖွင့်လှစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ် အဆင့်မြှင့်တင်ခဲ့ပါကြောင်း၊  မင်းတပ် ကောလိပ်ကို ထပ်မံဖွင့်လှစ်ရန် ဆောက်လုပ် လျက်ရှိပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအနေနှင့် မင်းတပ်၌ စက်မှုလက်မှုသိပ္ပံ  ၁ ခု၊ ဖလမ်း၊ ပလက်ဝနှင့် ထန်တလန်တို့၌ စက်မှုလက်မှု အထက်တန်းကျောင်း ၃ ကျောင်း ထပ်မံဖွင့်လှစ်ရေး စီမံချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် အကြမ်းဖက် ဏီၤ များ လုပ်ရပ်ကြောင့် ချင်းပြည်နယ်ရှိ ရှိပြီးသားကျောင်းအချို့ပင် မဖွင့်လှစ်နိုင်သည့် အနေအထား ဖြစ်ခဲ့ရပါကြောင်း၊ မည်သူတို့နစ်နာနေသည်ကို စဉ်းစားကြည့် စေလိုကြောင်း၊ မိမိပြည်နယ်၊ မိမိလူထု၊ မိမိတို့၏ ချင်းအမျိုးသားများသာ နစ်နာရတာ ဖြစ်ပါကြောင်း၊ ယင်းတို့ကို သတိပြုကြရန်လို ပါကြောင်း၊ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊     ကောလိပ်များ၌ ၂၀၂၀ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ပထမနှစ် သင်တန်းသားအပ်နှံမှု တစ်သောင်း ခုနစ်ထောင်ကျော်ရှိပြီး အပ်နှံရာခိုင်နှုန်း ၃၀.၀၃ (၃၀ ရာခိုင်နှုန်းကျော်)ထဲမှ ကျောင်းတက်သူ ၁၀,၃၂၆ ဦး (တစ်သောင်းကျော်)၊ ပျက်ကွက် ၆,၈၈၉ ဦး (ခြောက်ထောင့်ကိုးရာ နီးပါး) ဖြစ်သည့်အတွက် ၅၉.၉၈ ရာခိုင်နှုန်း (၆၀ ရာခိုင်နှုန်းနီးပါး)ရှိပါကြောင်း၊ ပညာ ရေးဒီဂရီကောလိပ်များတွင်မူ ၂၀၂၀ ပညာ သင်နှစ်အောင် ရှိရင်း ၄,၀၁၃ ဦး(လေးထောင်ကျော်)၊ အပ်နှံ ၂,၃၂၇ ဦး (နှစ်ထောင့် သုံးရာကျော်)၊ ၅၇.၉၉ ရာခိုင်နှုန်း (၅၈ ရာခိုင်နှုန်း) အပ်နှံခဲ့ပါကြောင်း၊ ဆေးတက္ကသိုလ်တက်ရောက်ရန်  ကျောင်းလာ ရောက်အပ်နှံသည်မှာ ယခုအချိန်အထိ အပ်နှံနေဆဲဖြစ်ကြောင်း၊ မနေ့က ဆေးတက္ကသိုလ် အသီးသီး၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ဆေးတက္ကသိုလ် အသီးသီး၌ တစ်ပြိုင်တည်း ကျင်းပခဲ့ပါကြောင်း၊ တက်ရောက်သူပေါင်း သုံးထောင်ကျော်၊ ရာခိုင်နှုန်းအားဖြင့် ၇၀ ရာခိုင်နှုန်းရှိပါကြောင်း၊   ဆက်လက်လာရောက် သင်ကြားမည့် သူများလည်း ရှိပါကြောင်း၊ ကျောင်းမတက်ဘူးဟု မည်သို့ပင် ပြောသည်ဖြစ်စေ   တင်ပြပါဗီဒီယိုဖိုင်ကို ကြည့်ပါက အဖြေကို တွေ့ရပါလိမ့်မည် ဖြစ်ကြောင်း ပြောကြားပြီး တက္ကသိုလ်အသီးသီး၌ ကျောင်းတက်ရောက်နေမှု ဗီဒီယိုဖိုင်ကို ပြသသည်။

မိမိအနေဖြင့်   ၂၀၂၀ ပညာသင်နှစ်ကိုသာ Hightlight ထုတ်တင်ပြရခြင်းမှာ ယင်းလူငယ်လေးများသည် ရိုးသားသည့်၊ အရောင်အသွေးကင်းမဲ့သည့် လူငယ်လေးများဖြစ်ကြောင်း ဂုဏ်ယူစွာပြောလို၍ ဖြစ်ပါကြောင်း၊ ၎င်းင်းတို့ကို နိုင်ငံတော်က အနာဂတ်အတွက် အားကိုးတကြီးမျှော်လင့်နေသည်ဟု ပြောလိုပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တက္ကသိုလ်နည်းပြ     ဆရာ/ဆရာမများ လုံလောက်စွာ ခန့်အပ်နိုင်ရေးအတွက် အရည် အချင်းပြည့်ဝသည့်   ဆရာ၊ ဆရာမများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့်    အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကောင်းမွန်အကျိုးရှိမည့် ကိုယ်စီ မျှော်လင့်ချက် စိတ်ကူးအိပ်မက်များ ပုံဖော်ခွင့် ရရှိလာအောင် ကြိုးပမ်းကြပါဟု ဆုတောင်းပြောကြား တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တတိယပိုင်းအနေဖြင့် မြန်မာ့နိုင်ငံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်ကို ထည့်သွင်း ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်   အနေဖြင့် ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေးရေး တည်ငြိမ်ရေးနှင့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်း တည်ငြိမ်ရေးအတွက် ကဏ္ဍ ၃ ပိုင်းခွဲ၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ငွေကြေး တည်ငြိမ်ရေးကို ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေရေးကြေးရေး ကဏ္ဍသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ  မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်ရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးတည်ငြိမ်ရေး ဆောင်ရွက်ရာတွင် မိမိတို့၏ အဓိက ရည်မှန်းချက်ဖြစ်သည့် ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှုရရှိရန်နှင့် ထိန်းသိမ်း ဆောင်ရွက်ရန်အတွက် ငွေကြေးမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တိုင်းပြည်၏ စီးပွားရေး တိုးတက်မှုနှုန်း ရည်မှန်းချက်၊ သင့်တင့်သည့် ငွေကြေးဖောင်းပွမှုနှုန်းကိုရရှိစေမည့် သီးသန့်ငွေကြေးပမာဏကို ရည်မှန်းချက် သတ်မှတ်ထားရှိသည့်    ငွေကြေးမူဝါဒ မူဘောင်ကို ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဗဟိုဘဏ်အတိုးနှုန်း၊ အပ်ငွေပေါ်တွင် အနိမ့်ဆုံးအတိုးနှုန်းနှင့် ချေးငွေအပေါ် အမြင့်ဆုံးအတိုးနှုန်းတို့ကို   စုစုပေါင်း ၃% အထိ  လျှော့ချသတ်မှတ်ပေးခဲ့ပါကြောင်း၊ ဘဏ်လုပ်ငန်းကဏ္ဍအတွင်း   ငွေကြေးလုံလောက်မှု ရှိရန်နှင့် ငွေကြေးလွယ်ကူမှုကို ပိုမိုထောက်ပံ့နိုင်ရန် ဘဏ်များမှ မြန်မာကျပ်ငွေနှင့်ထားရှိရမည့် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် အချိုးသတ်မှတ်ချက်ကို ၅% မှ ၃.၅% သို့၊  ၃.၅% မှ ၃% သို့ အဆင့်ဆင့်လျှော့ချ ပေးခဲ့ပါကြောင်း၊ ဘဏ်များ၏ ငွေသားစီမံခန့်ခွဲမှု အခြေအနေ ကောင်းမွန်လာသည့် အခြေအနေအပေါ် မူတည်ပြီး  ဗဟိုဘဏ်မှ ဖြေလျှော့ပေးနိုင်သည့်ကိစ္စရပ်များကိုစိစစ်ပြီး အများပြည်သူများ ငွေသား ထုတ်ယူခြင်း ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ယခင် သတ်မှတ်ပမာဏ ကျပ်သိန်း (၂၀)နှင့် ကျပ်သိန်း(၂၀၀) သတ်မှတ်ချက်ကို ကျော်လွန်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် (၁)ပတ်လျှင် အများဆုံး ကျပ်သိန်း(၁၀၀)၊ အဖွဲ့အစည်းများအတွက် (၁)ပတ်လျှင် အများဆုံးကျပ်သိန်း(၁ç၀၀၀)အထိ ထုတ်ယူခွင့်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ခွင့်ပြုပေးခဲ့ပါကြောင်း၊ လက်ရှိတွင်လည်း ဘဏ်အချို့၌အပ်နှံထားသော ငွေသားများ အားလုံး ပြန်လည်ထုတ်ယူနေနိုင်ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အသိပေးကြေညာချက်အရ နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေများ  ဝင်ရောက်လာသည့် အဓိက လမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုများမှ ရငွေများ အပြည့်အဝရရှိရေးသည် အဓိကကျသည့် အချက်ဖြစ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်း အပိုဒ် ၃၅ တို့တွင် ပို့ကုန်တင်ပို့သူက ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ ခြောက်လအတွင်း ယင်း၏ဘဏ်စာရင်းသို့ နိုင်ငံခြားသုံးငွေနှင့် ဝင်ရောက်ဖို့ဖြစ်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို ပို့ကုန် တင်ပို့သည့် နေ့မှစပြီး ခြောက်လအတွင်း ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေနှင့် မပျက်မကွက် ပြန်လည် ထည့်သွင်းစေရန်အတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ   ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကား သည့်လုပ်ငန်း (AD)လိုင်စင်ရဘဏ်များ ပူးပေါင်းပြီး Power Point ပါအတိုင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ (က) AD လိုင်စင်ရဘဏ်များမှ   ဆက်သွယ်ခေါ်ယူစာရင်း ရှင်းလင်းခြင်း  (၃ နှစ်ကြာကာလအတွင်း)၊ (ခ)    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ဆက်သွယ်ခေါ်ယူစာရင်း ရှင်းလင်းခြင်း    (ရက်ပေါင်း ၆၀)၊ (ဂ) သတင်းစာများနှင့်   မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website တွင်   စာရင်းရှင်းလင်းရန် ကြေညာခြင်း(ရက်ပေါင်း ၆၀)၊    (ဃ)စာရင်းရှင်းလင်းမှု မရှိသူများကို စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်   မှတ်ပုံတင်လက်မှတ် (ပသက)  ပိတ်သိမ်းခြင်း (ရက်ပေါင်း ၃၀)၊  (င) ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှ ဦးဆောင်ပြီး ပို့ကုန်တင်ပို့သူများနှင့် အစည်းအဝေး (၅)ကြိမ်ပြုလုပ်ကာ ရှင်းလင်းဆွေးနွေးခြင်း    စသည်တို့ဖြစ် ကြောင်း၊ ပို့ကုန်တင်ပို့သူများအနေဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈-ခ ဖြစ်သည့် မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့်ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ ဟု ဖော်ပြထားရှိပြီး အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ပါက ဥပဒေပုဒ်မ ၄၂-က အရ ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊    ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဆိုသည့် ပြဋ္ဌာန်းချက်များကို   လိုက်နာရမှာဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီများကို အထက်အပိုဒ်ပါအတိုင်း အကြောင်းကြားခြင်း၊  ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ် ပိတ်သိမ်းခြင်း၊ အစည်းအဝေးများ ပြုလုပ်ပြီး ဆွေးနွေးခြင်း တို့ကို အကြိမ်ကြိမ်ပြုလုပ်ပြီး သော်လည်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိဆဲကုမ္ပဏီ ၁၅၈ ခုရှိပြီး အဆိုပါ ကုမ္ပဏီများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၄၂-က အရ အရေးယူဆောင်ရွက်နေပြီး ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များကိုလည်း အမည်မည်းစာရင်း ထည့်သွင်းကြောင်းနှင့် ကျန်ရှိနေသေးသည့် ပို့ကုန်ရငွေဝင်ရောက်ရန် ကျန်ကုမ္ပဏီများကိုလည်း အရေးယူ ဆောင်ရွက်ရန် ဆက်လက်စိစစ်လျက်ရှိသည်ဟု ကြေညာထားပါကြောင်း၊ ငွေကြေးကိစ္စ တည်ငြိမ်အောင် ဆောင်ရွက်နေသကဲ့သို့ အစိုးရအနေဖြင့် မြန်မာနိုင်ငံတော်ရွှေလုပ်ငန်းရှင်များ အသင်းအား ရွှေဆိုင်ပိုင်ရှင် မဟုတ်သည့် ရွှေပွဲစားအချို့သည် ရွှေလုပ်ငန်းရှင်များ အသင်းရုံးတွင် ရောင်းဝယ်ခြင်း မပြုဘဲ လမ်းဘေးတွင် အမှန်တကယ်ဖြစ်သင့်သည့်   ဈေးထက်ပို၍ ဈေးခေါ်ရောင်းချခဲ့သည့်အတွက်   ရွှေဈေးနှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း၊    ထို့ကြောင့် ရွှေဈေးနှုန်း ဆက်လက်မြင့်တက်မှု မရှိစေရေးနှင့် ရွှေဈေးနှုန်း တည်ငြိမ်ရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်တွင်းရွှေဈေးကွက်တွင် ဈေးနှုန်းအဆမတန်မြင့်တက်မှု မရှိစေရေး၊ ကမောက်ကမ မဖြစ်စေရေးနှင့် ဖြစ်သင့်သည့်ဈေးထက် ပိုမိုရောင်းဝယ်မှု မရှိစေရေး တို့အတွက် ရွှေရောင်းဝယ်မှုကို ရွှေလုပ်ငန်းရှင်များ အသင်းရုံးတွင်သာ ရောင်းဝယ်ခြင်းပြုလုပ်ရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊   စည်းကမ်းချက်နှင့် မကိုက်ညီဘဲ လိုင်စင်မဲ့လုပ်ကိုင်နေသူ ၇ ဦးကိုလည်း ခေါ်ယူစစ်ဆေးလျက်ရှိကြောင်းကို အသိပေးလိုပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများ၊ လုပ်ငန်းရှင်များကို ပြည်ပထွက်ခွာမှု မပြုရန် အစိုးရကလုပ်ဆောင်နေသည်ဆိုသော ကောလာဟလများ ထုတ်လွှင့်နေသည်ကိုလည်း တွေ့ရ ပါကြောင်း၊ ယင်းသတင်းများသည် မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ဘဏ်များနှင့် ပတ်သက်ပြီး အခက်အခဲများ ရှိခဲ့ပါကြောင်း၊ ဘဏ်ကြီးအချို့ကို ဆက်လက်ရပ်တည်နိုင်ရေး အစိုးရအနေဖြင့် ကူညီပေးခဲ့ရပါကြောင်း၊ ဖြစ်ရသည့် အကြောင်းရင်းထဲမှ    အဓိကအချက်မှာ စည်းကမ်းနည်းလမ်း မကျစွာ လုပ်ဆောင်ခဲ့သူများ၏ အကျိုးဆက်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် ဘဏ်များ စည်းစနစ်တကျဖြစ်ရေး ဆောင်ရွက်ခဲ့ရပါကြောင်း၊ ယခုထိလည်းလုပ်နေရဆဲ ဖြစ်ပါကြောင်း၊  စီးပွားရေးလုပ်ငန်းရှင် အများစုသည်   ဘဏ်လုပ်ငန်းများနှင့် ပတ်သက်မှုရှိကြပါကြောင်း၊ အများစုသည် ဘဏ်လုပ်ငန်းပိုင်ရှင်များလည်း ဖြစ်ကြပါ ကြောင်း၊ တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံကြရခြင်းများ၊   ဆွေးနွေးရခြင်းများ ရှိပါကြောင်း၊ ယင်းကို မျိုးစုံကောလာဟလထုတ်လွှင့်နေခြင်းဖြစ်ပါကြောင်း၊ လက်တွေ့တွင်လည်း   ၎င်းတို့အနေဖြင့် ပြည်ပခရီး သွားလာမှုများ ရှိပါကြောင်း၊  အစိုးရအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍ စည်းကမ်းနည်းလမ်း မကျစွာ ဆောင်ရွက်နေမှုများ၊ လုပ်ထုံးလုပ်နည်းကို ကျော်လွန်ဆောင်ရွက်နေမှုများကို ပြန်လည်တည့်မတ် လမ်းမှန်ပေါ်ရောက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်နေရခြင်းမှာ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အနာဂတ်အတွက်သာ ဖြစ်ပါကြောင်း၊ ယင်းကဏ္ဍများ၌ စည်းစနစ်တကျ ခိုင်ခိုင်မာမာ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းစကားပါး လိုပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက ရှင်းလင်းပြောကြား ရာတွင် ယခုသတင်းစာ ရှင်းလင်းပွဲတွင် ရှင်းလင်းတင်ပြမည့် အကြောင်းအရာများမှာ (က) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်မှု အခြေအနေ၊ (ခ) အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ နိုင်ငံရေးပါတီများ စစ်ဆေးခြင်းအပါအဝင်   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော် တာဝန်ထမ်းဆောင်ရာတွင်  ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ်ခဲ့ရာတွင် လုပ်ငန်းစဉ် (၁)ဖြစ်သည့် မဲစာရင်းများ စစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့်၊  လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် လုပ်ငန်းစဉ် (၅) ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထ ွေရွေးကောက်ပွဲ ကျင်းပရန် တို့သည်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တိုက်ရိုက်သက်ဆိုင်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လုပ်ငန်းစဉ်(၁)ဖြစ်သည့် မဲစာရင်း များစစ်ဆေးခြင်းအပါအဝင် ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲလက်မှတ်များကို  စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် တွေ့ရှိရသည့်  ကိန်းဂဏန်း အချက်အလက်များနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲ ကာလနှင့် ရွေးကောက်ပွဲအလွန်ကာလများတွင် ဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ်၊ မဲမသမာမှု၊ ဥပဒေ၊ နည်းဥပဒေနှင့်မညီသည့် ဆောင်ရွက်မှုအသေးစိတ်များကို ယခင်သတင်းစာ ရှင်းလင်းပွဲများတွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊  ယခုအချိန်တွင် ၎င်းတို့ကို သင်ခန်းစာယူသုံးသပ်ပြီး နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်များကို အကျဉ်းချုပ် တင်ပြမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အိမ်ထောင်စုလူဦးရေစာရင်းကို လဝကပုံစံ(၆၆/၆)၊ နိုင်ငံသားစိစစ်ရေးကတ်  စတာများနှင့်   မြေပြင်တိုက်ဆိုင် စစ်ဆေးမှု မပြုဘဲ ရှိကောက်စနစ်နှင့်ဆောင်ရွက်ခဲ့ခြင်းကြောင့် မှားယွင်းပြီး မဲမသမာမှုဖြစ်စေသည့် မဲဆန္ဒရှင်စာရင်း   ၁၁.၃  သန်းကျော် (မဲဆန္ဒရှင်ပေါင်းရဲ့ ၂၉.၅၄ %) ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုအခါတွင် ပြင်ဆင်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲစာရင်းပြုစုရာတွင် ကော်မရှင်က သတ်မှတ်ထားသည့် လူဦးရေပုံစံဇယားနှင့်အညီ   ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပြုစုထားသည့်  လူဦးရေ စာရင်းနှင့် လဝကမြို့နယ်ဦးစီးမှူးရုံးကပြုစုထားသည့် လူဦးရေစာရင်းကို အခြေခံပြီး ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင်  အသက် ၁၈ နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများကို   ၎င်းတို့ ကိုင်ဆောင်ထားသည့် နိုင်ငံသား စိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရလက်မှတ်၊ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆)တို့နှင့်  တိုက်ဆိုင် စစ်ဆေးပြီးမှသာ    မဲစာရင်းတွင် ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်းနှင့်   ဖြည့်စွက်ခြင်း များကို သက်ဆိုင်ရာဌာန အသီးသီးတို့က ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်း မပြုမီတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် မြို့နယ်ထွေအုပ်၊   မြို့နယ်လဝက၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲနှင့် သက်ဆိုင်ရာ မြို့နယ်များတွင် ရှိသည့် နိုင်ငံရေးပါတီများက    ကိုယ်စားလှယ်များနှင့် မဲစာရင်းများ ပြည့်စုံ မှန်ကန်စေရန် စိစစ်ရမည်ဖြစ်ကြောင်း၊ အလားတူမဲစာရင်းတွင် တိုးလာမည့် အမည်စာရင်းနှင့်  လျော့သွားမည့် အမည်စာရင်းများကို ပုံမှန်စိစစ်ပြုစုပြီး နောင်ရွေးကောက်ပွဲများတွင် အသုံးပြုနိုင်ရန် သက်ဆိုင်ရာဌာနများက     ပုံမှန်ပေးပို့လုပ်ဆောင်ရမည့် ပြဋ္ဌာန်းချက်များကိုလည်း ထည့်သွင်းတင်ပြအပ်ပါကြောင်း ပြောကြားသည်။

ထို့အတူ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်   ကိုဗစ်-၁၉ ရောဂါ အကြောင်းပြပြီး အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များကို ကြိုတင်မဲပေးခွင့်ပြုခဲ့သည့် အတွက်   ကြိုတင်မဲအရေအတွက်ပေါင်း ၆ သန်းခန့် မဲပေးသူပေါင်း၏ ၂၁ % ကျော် ရှိခဲ့ကြောင်း၊ ကြိုတင်မဲပမာဏ   လွန်စွာများပြားခဲ့ပြီး ဥပဒေနှင့်အညီ   စနစ်တကျ မဆောင်ရွက်ခဲ့သည့်အတွက်   ကြိုတင်မဲကောက်ခံခြင်း၊ ကြိုတင်မဲပေးခြင်းများတွင် မဲမသမာမှုဖြစ်စဉ်များစွာ ဖြစ်ပေါ်ခဲ့ရကြောင်း၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင် ကြိုတင်ဆန္ ဒမဲပေးခွင့်ရှိသည့် မဲဆန္ဒနယ် အတွင်းနှင့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များကို   တိကျစွာဖော်ပြထားပြီး    ကြိုတင်ဆန္ဒမဲပေးရမည့် နည်းလမ်းများကိုလည်း   သတ်မှတ်ထားကြောင်း၊    ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နောင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာလွှတ်တော်  ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြိုတင်ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများကိုသာ စိစစ်ပြီး မဲဆန္ဒနယ် အတွင်းနှင့် မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးခြင်း လုပ်ငန်းစဉ်များကို   ဥပဒေနှင့်အညီ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ယခင်က ရက်ပေါင်း ၁၈၀ အထက်  မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များနှင့် ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နည်းဥပဒေပြင်ဆင်ပြီး ရက်ပေါင်း ၉၀ အထက် မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့ရောက်ရှိရာ မဲဆန္ဒနယ်မဲစာရင်းတွင် ပါဝင်ရန် ပုံစံ( ၃-က)ဖြင့် လျှောက်ထားပြီး ဆန္ဒမဲပေးခွင့်ရရှိသည့် ကိစ္စဖြစ်ကြောင်း၊ ထိုသို့ ခွင့်ပြုခဲ့သည့်အတွက် မဲစာရင်းများ ရှုပ်ထွေးပြီး ဒေသခံတိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ကန့်ကွက်ခြင်းများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် နောင်ကျင်းပမည့်  အထွေထွေရွေးကောက်ပွဲတွင် ရက်ပေါင်း ၉၀ မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များကို ခွင့်မပြုဘဲ မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိရောက်ရာဒေသတွင် ဆန္ဒမဲပေးလိုပါက    မဲစာရင်းထည့်သွင်းခြင်းနှင့် စပ်လျဉ်းပြီး  ပါရှိရမည့် အထောက်အထား ပုံစံများနှင့်အတူ ရောက်ရှိရာဒေသ၏ အိမ်ထောင်စုလူဦးရေ ပုံစံ(၆၆/၆)တို့ပူးတွဲပြီး သတ်မှတ်ရက်အတွင်း လျှောက်ထားမှသာ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက မဲစာရင်းတွင်  ထည့်သွင်းပေးမည် ဖြစ်ပြီး မဲပေးခွင့်ရရှိမည် ဖြစ်ကြောင်း   ပြောကြားသည်။      

ဆက်လက်ပြီး ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့်နိုင်ငံရေးပါတီများ၊    လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာမဲဆန္ဒနယ်မြေအသီးသီးတွင်    စုဝေးဟောပြောခြင်း၊  နိုင်ငံရေးပါတီများ၏ မူဝါဒလုပ်ငန်းစဉ်များကို နိုင်ငံပိုင်မီဒီယာများမှ ဟောပြော၊   ထုတ်လွှင့်ဖော်ပြခြင်းများဖြင့် မဲဆွယ်စည်းရုံးခြင်းများ ဆောင်ရွက်ခဲ့ကြရာတွင် အခွင့်အရေးမညီမျှမှု၊ ကန့်ကွက် တိုင်ကြားမှုများအပါအဝင် ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို ကျော်လွန်ဖောက်ဖျက်လုပ်ဆောင်ခဲ့သည်များကို တွေ့ရှိရကြောင်း၊  ထို့ကြောင့် နောင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများနှင့်   လွှတ်တော် ကိုယ်စားလှယ်များက   ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း ကဏ္ဍကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများတွင် အသစ်ထပ်တိုးပြီး ပြဋ္ဌာန်းနိုင်ရေး   ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့ကြသည်များကို   စိစစ်သည့်အခါတွင်  နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ   ဟုတ်/မဟုတ်နှင့် အသက် ၁၈ နှစ် ပြည့်/မပြည့် စိစစ်၍မရသည့် နိုင်ငံသား စိစစ်ရေးကတ်/လက်မှတ် တစ်မျိုးမျိုးမရှိသည့် မဲဆန္ဒရှင် ၄.၈ သန်းကျော် မဲစာရင်းတွင်ပါရှိပြီး  မဲပေးခဲ့သည်များ၊ မဲဆန္ဒရှင် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြု၍မရသည့် Voter Slip များ ကိုင်ဆောင်ပြသ မဲပေးခဲ့သည်များ တွေ့ရှိရပြီး ဥပဒေနှင့်မညီသည့်   မဲပေးမှုဖြစ်စဉ်များစွာ ပေါ်ပေါက်ခဲ့ကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲရုံမှူး(သို့မဟုတ်) ယင်းက တာဝန်ပေးထားသည့် မဲရုံအဖွဲ့ဝင်သည် မဲလက်မှတ်မထုတ်ပေးမီ     ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ   မှန်/မမှန်ကို မဲစာရင်းပါ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်၊ မဲစာရင်းအမှတ်တို့နှင့် စနစ်တကျတိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှသာ  လက်မှတ်ရေးထိုးစေပြီး မဲလက်မှတ်ထုတ်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံနှင့်   သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးနိုင်ရေး နိုင်ငံရေးပါတီများနှင့်  ၄ ကြိမ် တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးခြင်း၊   စာတမ်းဖတ်ကြားခြင်း၊   ရွေးကောက်ပွဲဒီဇိုင်းအပါအဝင် မဲဆန္ဒနယ် သတ်မှတ်ရေး ကိစ္စများကို အစုအဖွဲ့အလိုက် စာတမ်းဖတ်ကြားခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အဟောသိကံ၊ လေလွင့်ဆုံးရှုံးသည့် မဲများသည် FPTP စနစ်အစားရရှိသည့်   ထောက်ခံဆန္ဒမဲ အချိုးအစားအတိုင်း ရွေးကောက် တင်မြှောက်ခံရမည့်  အချိုးကျကိုယ်စားပြုစနစ် (PR)ကို ကျင့်သုံးရန်နှင့်  မြန်မာနိုင်ငံ၏ စာတတ်မြောက်မှု အပါအဝင် ရွေးကောက်ပွဲ အတွေ့အကြုံတို့အရ ရိုးရှင်းလွယ်ကူသည့် စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ် (Closed List PR)ကို ကျင့်သုံးရန် နိုင်ငံရေးပါတီများက သဘောတူခဲ့ပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည့် လွှတ်တော်အလိုက်  ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ်အရေအတွက် မပြောင်းလဲဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်များ ပိုင်းခြားသတ်မှတ်ခြင်းနှင့် ရွေးကောက် တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊   ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦးစီနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များတွင်    သတ်မှတ်ချက်နှင့်အညီ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦးစီ တင်မြှောက်ရာတွင် FPTP စနစ်ကိုသာ ယခင်အတိုင်းကျင့်သုံးရန် သဘောတူညီခဲ့ကြကြောင်း ပြောကြားသည်။

PR စနစ်ကို   ကျင့်သုံးခြင်းအားဖြင့် တိုင်းရင်းသားပါတီများ၊ လူနည်းစုကိုယ်စားပြုပါတီငယ်များအနေဖြင့် မိမိနယ်မြေဒေသအလိုက်    ရရှိသည့်ဆန္ဒမဲအရေအတွက်အပေါ် မူတည်၍ ရွေးချယ်ခံရသည့် အခွင့်အရေး ပိုမိုရရှိပြီး လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ်နေရာများ အချိုးကျရရှိကာ မိမိတို့လူမျိုးစုများနှင့် ဒေသအကျိုးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနှင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများကို အချိုးကျကိုယ်စားပြုစနစ်(PR) ကျင့်သုံးဆောင်ရွက်နိုင်ရေး ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ နောက်ပိုင်းကာလများတွင် ဖြစ်ပေါ်ခဲ့သည့်   ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ၊ တရားမဲ့ပြုကျင့်မှုများနှင့် စပ်လျဉ်းသည့် ကန့်ကွက်လွှာများ အလွန်များပြားသည့်ကိစ္စ ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၁)အရ  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းများ၊ မဲလက်မှတ်များ စစ်ဆေးခြင်းအပါအဝင်   ရွေးကောက်ပွဲဖြစ်စဉ်များကို စစ်ဆေးဖော်ထုတ်ချက်အရ ထပ်မံတွေ့ရှိသည့်   မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုနှင့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများကိုလည်း ပြီးခဲ့သည့်သတင်းစာရှင်းလင်းပွဲများတွင် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် အလားတူ မဖြစ်စေရန်အတွက် မဲဆန္ဒရှင်များ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အပါအဝင် ရွေးကောက်ပွဲနှင့် ပတ်သက်သူအားလုံးကို မဲဆန္ဒရှင် အသိပညာပေးခြင်းနှင့် ပြည်သူလူထုအသိပညာပေးခြင်း( Voter and Civic Education)များကို ကျယ်ကျယ်ပြန့်ပြန့်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ နိုင်ငံရေးပါတီများစစ်ဆေးခြင်း အပါအဝင်   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က   ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို တင်ပြမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက်   သက်ဆိုင်ရာ မြို့နယ်အလိုက်    မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဦးစီးဌာနများမှ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆)ကို အခြေခံပြုစုထားသည့်စာရင်းနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၏ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကောက်ယူပြုစုထားသည့် မြေပြင်လူဦးရေ စာရင်းတို့ကို တိုက်ဆိုင် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းကို တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ မြို့နယ် ၃၂၅ မြို့နယ်တွင် ဆောင်ရွက်လျက်ရှိရာတွင် ယနေ့အထိ ဆောင်ရွက်ပြီး ၃၃ မြို့နယ်၊ ဆောင်ရွက်ဆဲ ၂၆၄ မြို့နယ်နှင့် ဆောင်ရွက်ရန်ကျန် ၂၈ မြို့နယ်ဖြစ်ကြောင်း၊   သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံရေးပါတီများ   စစ်ဆေးခြင်းနှင့် စပ်လျဉ်းပြီး    ဆက်လက်တင်ပြမည်ဖြစ်ကြောင်း၊   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေ၊   နည်းဥပဒေများနှင့်အညီ တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီ၏ စာရင်းများကို စစ်ဆေးလျက်ရှိရာ လက်ရှိစစ်ဆေးရန်ကျန် ၁၀ ပါတီဖြစ်ပါကြောင်း၊ ၎င်းပါတီများအနက် တချို့ပါတီများ၏ စာရင်းများကို စစ်ဆေးရန်   ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ဆက်သွယ်မရဘဲ၊ တိမ်းရှောင်နေသည့် ပါတီအချို့လည်း ရှိကြောင်း၊ စစ်ဆေးရန်ကျန်သည့်   တချို့ပါတီများအနေနှင့် နယ်မြေလုံခြုံရေးနှင့်  အုပ်ချုပ်မှုဆိုင်ရာအခက်အခဲရှိသည်ကို  သိရသည့်အတွက် ယင်းပါတီနှင့် ဆက်လက်ညှိနှိုင်းပြီး စစ်ဆေးရေးဆောင်ရွက်မှာဖြစ်ကြောင်း၊    မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီအနေနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၄ (က)နှင့်အညီ စစ်ဆေးခံရန် ကာလသတ်မှတ်၍ ညွှန်ကြားခဲ့သော်လည်း ထပ်မံပျက်ကွက် သည့်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ၂၄ (ဂ) အရ ယင်းပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို (၁)နှစ် ယာယီရပ်ဆိုင်းရန်နှင့်  ယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း ကော်မရှင်က ညွှန်ကြားထားသော     ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများ စစ်ဆေးခံနိုင်ရေး ဆောင်ရွက်ခြင်းမှအပ ကျန်လုပ်ငန်းများ ရပ်ဆိုင်းထားရန်၊   နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၄ (ဃ)အရ ညွှန်ကြားခဲ့ပြီး ဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ်   အထွေထွေ ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များနှင့် စစ်ဆေးတွေ့ရှိသည့် ချို့ယွင်းအားနည်းချက်များကို   သုံးသပ်၍လည်းကောင်း၊ နိုင်ငံရေးပါတီများ၏ စာရင်း များကို စစ်ဆေးတွေ့ရှိချက်များအရလည်းကောင်း၊ မြန်မာနိုင်ငံနှင့်သင့်လျော်သော ရွေးကောက်ပွဲစနစ်ဖြစ်သည့်   အချိုးကျကိုယ်စားပြုစနစ်(PR)   ကျင့်သုံးနိုင်ရေးအတွက် လည်းကောင်း သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း    ရှင်းလင်း ပြောကြားသည်။

နိဂုံးချုပ်အနေနှင့်     ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်မှ လုပ်ငန်းစဉ်(၁)ပါ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ   အခန်း(၁၁)ပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လုပ်ငန်းစဉ်(၅)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။       

ဆက်လက်ဖော်ပြပါမည်။