ဟံသာဝတီယူနိုက်တက်အသင်းကို အသင်းပိုင်ရှင်က ဆုကြေး ငွေကျပ် သိန်း ၅၀၀ ထပ်မံချီးမြှင့်

ရန်ကုန်၊ ဘောလုံး

ယခုနှစ်ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်   ဟံသာဝတီယူနိုက်တက်အသင်းကို အသင်းပိုင်ရှင်က ဆုကြေးငွေကျပ် သိန်း ၅၀၀ ထပ်မံချီးမြှင့်ခဲ့ ကြောင်း အသင်းအထွေထွေမန်နေဂျာ ဦးထွန်းထွန်းလင်းက ပြောသည်။

ယခုနှစ် မြန်မာနေရှင်နယ်လိဂ်တွင် ဟံသာဝတီယူနိုက်တက်အသင်း ဒုတိယဆုရရှိခြင်းသည် အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ပြီး အအောင်မြင်ဆုံး နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့ပြင် ဟံသာဝတီ ယူနိုက်တက်အသင်းသည် လာမည့်နှစ်တွင် AFC Cup ပြိုင်ပွဲကိုလည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

“ချန်ပီယံဆုနဲ့လွဲခဲ့ပေမယ့် ဒုတိယဆုရတဲ့အတွက် အသင်းပိုင်ရှင်က ငွေကျပ်သိန်း ၅၀၀ ထပ်ချီးမြှင့်ပါ တယ်။ မြန်မာနေရှင်နယ်လိဂ်က ချီးမြှင့်တဲ့ ဆုမဟုတ်ဘဲ အသင်းပိုင်ရှင်က ထပ်မံချီးမြှင့်တာပါ။ ဒါ့ပြင် အခုရာသီမှာ တစ်ပွဲချင်းနိုင်ပွဲအလိုက် ဆုကြေးသတ်မှတ် ပေးတာလည်း ရှိပါတယ်။ ဒါကလည်း တစ်ရာသီလုံးစာ  စုစုပေါင်း ဆုကြေး ငွေကျပ် သိန်း ၅၀၀ နီးပါးရပါတယ်။ ကစားသမားတွေ ကြိုးစား ချင်လာအောင် အသင်းပိုင်ရှင်က ချီးမြှင့်တာဖြစ်ပါတယ်”ဟု ဦးထွန်းထွန်းလင်းက ပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် တစ်ပွဲချင်းနိုင်ပွဲအလိုက် ပြိုင်ဘက်အသင်းများ၏ အဆင့်ရပ် တည်မှုပေါ်မူတည်၍ ဆုကြေးများ ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး အမြင့်ဆုံး(က) အဆင့်အသင်းကို အဝေး ကွင်း၌ အနိုင်ရပါက ငွေကျပ် သိန်း ၈၀ နှင့် အိမ်ကွင်း၌အနိုင်ရပါက ငွေကျပ်  သိန်း  ၆၀၊ အနိမ့်ဆုံး (ဂ)အသင်းကို အဝေးကွင်း၌ အနိုင်ရပါက ငွေကျပ် သိန်း ၃၀ နှင့် အိမ်ကွင်း၌အနိုင်ရပါက ငွေကျပ် သိန်း ၂၀ ချီးမြှင့်ခဲ့သည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် အားလုံးပြီး ဆုံးချိန်တွင် ၁၃ ပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံး ရမှတ် ၄၁ မှတ်ဖြင့် ဒုတိယဆုရရှိခဲ့ခြင်းဖြစ်သည်။

ကိုရဲ