ကာဗာနီကို နှစ်နှစ်စာချုပ်ဖြင့်ခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရရှိ ဆန်ချိုကိုခေါ်ယူရန် ဆက်ကြိုးစားနေပြီး ပယ်လစ္စထရီကိုလည်း ခေါ်ယူမည်

မန်ချက်စတာ၊  ဘောလုံး

မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီကုန်ချိန်က ပီအက်စ်ဂျီအသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးပြီး    ထွက်လာခဲ့သော ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီကို နှစ်နှစ်စာချုပ်ဖြင့်ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်။

အသက် ၃၃ နှစ်ရှိပြီဖြစ်သော ကာဗာနီသည် အောက်တိုဘာ ၅ ရက်တွင် မန်ယူ၌ ဆေးစစ်မှု ခံယူပြီးပါက မန်ယူကစားသမားအဖြစ် တရားဝင်စာချုပ်ချုပ်ဆို မိတ်ဆက်မည်ဖြစ်ကြောင်း၊ ကာဗာနီ အတွက် အခွန်ဆောင်အပြီး တစ်ပတ်လစာ ပေါင် ၂၁၀၀၀၀ ပေးရမည်ဖြစ်ကြောင်း သတင်းများက အခိုင်အမာ ဖော်ပြနေကြသည်။

ကာဗာနီ၏ အေးဂျင့် ဂူဂလီရယ်မူနီက အောက်တိုဘာ ၃ ရက်ကပင် ကာဗာနီ မန်ယူအသင်းသို့   ပြောင်းမည့်သတင်းနှင့် ပတ်သက်၍ “ဒါအမှန်ပဲ။ သဘောတူညီမှုရ ထားတယ်” ဟု ပြောသည်။

မန်ယူအသင်းသည် ကာဗာနီကိုခေါ်ယူရန် သဘောတူညီထားသော်လည်း ဒေါ့မွန်အသင်းမှ အင်္ဂလန် တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုကိုခေါ်ယူရေးအတွက် လက်မလျှော့သေးဘဲ ဈေးကွက်မပိတ်မီ ဆက်လက်ဆွေးနွေးနေပြီး ဥရုဂွေးလူငယ် ကြယ်ပွင့်ဖြစ်သော အသက် ၁၈ နှစ်အရွယ် တောင်ပံ တိုက်စစ်ကစားသမား ဖာကန်ဒိုပယ်လစ္စထရီကိုလည်း အောက်တိုဘာ ၅ ရက်တွင် အပြီးသတ် ခေါ်ယူနိုင်ရန် စီစဉ်နေသည်။  

မန်ယူအသင်းသည် သြဂုတ်လအတွင်းက အေဂျက်မှ ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူထားပြီး ဆန်ချိုနှင့် ဗီလာအသင်းခေါင်းဆောင် ဂရီယာလစ်ရှ်တို့ကို ခေါ်ယူရန် စီစဉ် ခဲ့သော်လည်း COVID-19 ရောဂါကြောင့် ဘဏ္ဍာရေး အကျပ်အတည်းရှိလာသဖြင့် တန်ကြေးကြီး သောအပြောင်းအရွှေ့များကို မတတ်နိုင်၍ ဆန်ချိုအတွက် ဒေါ့မွန်တောင်းဆိုသည့် ပေါင် ၁၀၈ သန်း မပေးဘဲ ပေါင်သန်း ၉၀ ကို အရစ်ကျပေးရန် ကမ်းလှမ်းသဖြင့် မရနိုင်သေးခြင်းဖြစ်သည်။

မန်ယူအသင်းသည် ခံစစ်မှူးဒါလောကို အေစီမီလန်ထံ အငှားစေလွှတ်လိုက်ပြီး အန်းဒရီယက်စ်ပါရီး ယားကို လာဇီယိုထံ အငှားချလိုက်သော်လည်း စမောလင်း၊ ရိုဂျိုနှင့် ဂိုးသမား ရိုမာရိုတို့ကို အသင်း တွင် နေရာမပေးနိုင်သကဲ့သို့ တခြားအသင်းများသို့ စေလွှတ်ရန်ကိစ္စမှာလည်း အပြီးသတ် ဆောင် ရွက်နိုင်ခြင်းမရှိသေးပေ။ ထို့ပြင် ပေါ်တိုခံစစ်မှူး အဲလက်စ်တဲလက်စ်ကိုလည်း ခေါ်ယူရန် ကြိုးစားနေ ဆဲဖြစ်သည်။   

Ref:Dailymail