နေပြည်တော်အတွင်း၌ နွေစပါးလျာထားချက်ထက် ဧက ၉၀၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့

နေပြည်တော်၊ စိုက်ပျိုးရေး

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း၌ ၂၀၂၁-၂၀၂၂ စိုက်ပျိုးရာသီတွင် နွေစပါးစိုက်ပျိုးမှုလျာထားချက်ထက် ဧက၉၀၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နွေစပါးစိုက်ပျိုးမှုနှင့် ပတ်သက်ပြီး ညွှန်ကြားရေးမှူး ဦးဝင်းထိန်က “အခုစိုက်ရာသီမှာ နွေစပါးစိုက်ဖို့လျာထားတာက ၁၈၈၀၃ ဧကဖြစ်ပါတယ်။ ဒါပေမဲ့ လျာထားချက်ထက် ၉၁၇၅ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ နေပြည်တော်မှာ  နွေစပါးအနေနဲ့ စပါးမျိုး ၁၁ မျိုးလောက်စိုက်ကြတယ်။ တောင်သူအများစုစိုက်ကြတာကတော့ စပါးမျိုး သုံးမျိုးလောက်ရှိပါတယ်။ အဲဒါတွေက ဆင်းသုခ၊ ထိုင်းနှံကောက်နဲ့ စူပါနှံကောက်မျိုးတွေဖြစ်ပါတယ်။ စူပါနှံကောက်ကတော့ စိုက်ပျိုးမှုအများဆုံးဖြစ်ပါတယ်။ ဒီစပါးမျိုးက သက်တမ်း တိုစပါးမျိုးဖြစ်တဲ့အပြင် အထွက်နှုန်းလည်းကောင်းတဲ့အတွက် တောင်သူတွေက အဓိကမျိုးအဖြစ် ရွေးချယ်ကြတာ ဖြစ်ပါတယ်။  နွေရာသီမှာစိုက်တဲ့ မနောသုခနဲ့ ဆင်းသုခစပါးတွေကို မိုးစပါးအတွက် မျိုးစပါးအနေနဲ့ပြန်ပြီးသုံးကြတယ်။ ထိုင်းနှံကောက်နဲ့  စူပါနှံကောက်ကိုတော့ ရိတ်သိမ်းပြီးတာနဲ့ ပွဲစားတွေကနေတစ်ဆင့် တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံတွေကို  တင်ပို့ရောင်းချကြပါတယ်” ဟု  ပြောသည်။

၂၀၂၁-၂၀၂၂ နွေစပါးစိုက်ပျိုးရာသီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ မြို့နယ်အလိုက် နွေစပါးစိုက်ပျိုးမှုအခြေအနေမှာ တပ်ကုန်းမြို့နယ်တွင် ၆၈၃၁ ဧက၊ ဇေယျာသီရိမြို့နယ်တွင် ဧက ၃၈၀၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၉၈ ဧက၊ ဥတ္တရသီရိမြို့နယ်တွင် ၆၄၆ ဧက၊ ပျဉ်းမနားမြို့နယ်တွင် ၃၅၅၈ ဧက၊ လယ်ဝေးမြို့နယ်တွင် ၁၃၁၄၂ ဧက၊ ဇမ္ဗူသီရိမြို့နယ်တွင် ၁၀၂၅ ဧက၊ ဒက္ခိဏ သီရိမြို့နယ်တွင် ၂၀၉၈ ဧက စုစုပေါင်း ၂၇၉၇၈ ဧကဖြစ်သည်။

နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းနွေစပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ တစ်ဧကအထွက်နှုန်းမြင့်မားရေး၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေးအတွက် နွေစပါးစံပြကွက်များ စိုက်ပျိုးခြင်း၊ တောင်သူအသိ ပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ ပိုးမွှားအန္တရာယ်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ်ကူညီ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ပြည့်ဖြိုး(မြဝတီ)