ပဲပုပ်၏ကျန်းမာရေးအကျိုးကျေးဇူးများ

ပဲပုပ်၏ကျန်းမာရေးအကျိုးကျေးဇူးများ

ပဲပုပ်သည် နိုင်ငံတကာသုံး အစားအစာဖြစ်၍ ပဲပုပ်ကို Soybean, Soja Bean, Soya Bean ဟု အမျိုးမျိုးခေါ်ကြသည်။  Fabaceae မျိုးရင်းဝင်ဖြစ်ပြီး ပဲပုပ်၏ သိပ္ပံအမည်မှာ Glycine max ဖြစ်သည်။ ပဲပုပ်သည် အရသာကောင်းပြီး စားသုံးမှုများပြားသော သီးနှံ တစ်မျိုးဖြစ်သည်။ လေ့လာမှုမှတ်တမ်းများအရ ပဲပုပ်သည် ကမ္ဘာ့အရေးကြီးဆုံး သီးနှံ ၁၀ မျိုးအနက် အမှတ်စဉ်(၆)တွင်ချိတ်သော သီးနှံဖြစ်ကြောင်းနှင့် ကမ္ဘာ့အရေးကြီးဆုံးသီးနှံ ၁၀ မျိုးမှာ ပြောင်း၊ ဂျုံ၊ ဆန်၊ အာလူး၊ ပီလောပီနံ၊ ပဲပုပ်၊ ကန်စွန်းဥ၊ နှံစားပြောင်း၊ ဝဥနှင့်  Plantains ခေါ် ချက်စားရသော ငှက်ပျောသီး တစ်မျိုးတို့ဖြစ်ကြောင်း သိရသည်။

မြန်မာပြည်တွင် ပဲပုပ်ကို မည်သည့်သက္ကရာဇ်တွင် စတင်စိုက်ပျိုးခဲ့သည်ကို သီးနှံသမိုင်းတွင်မတွေ့ရသော်လည်း ဂန္ဓာလရာဇ်ပြည် ခေါ် စိနတိုင်းပြည် ခေါ် တရုတ်ပြည်၏ရှေးဟောင်းစာပေများတွင် ထိုတိုင်းပြည်၌ ပဲပုပ်ပင်အမြောက်အမြားစိုက်ပျိုး၍ အလွန်အဖိုး ထိုက်တန်သောအစားအစာတစ်ခုအဖြစ် လူတို့စားသုံးခဲ့ကြောင်း ရေးသားဖော်ပြထားသည်ကို လေ့လာမှတ်သားရသည်။ ပဲပုပ်တွင် အရောင်အသွေး အမျိုးမျိုးရှိရာ အဝါရောင်၊ အညိုရောင်၊ အနက်ရောင်နှင့်အစိမ်းရောင်ရှိသောပဲမျိုးမှာ လူသိအများဆုံးဖြစ်ပြီး အထူးသဖြင့် အဝါရောင်နှင့် အစိမ်းရောင်ပဲမျိုးကို စားသုံးမှုပိုပါသည်။   ပဲပုပ်ဆိုသည့်အတိုင်း  သူ့အမည်နှင့်လိုက်ဖက်အောင်  (မကြိုက် တတ်သူများအတွက်) ပုပ်အဲ့အဲ့အနံ့ရှိသော်လည်း ကြိုက်တတ်သူများအတွက်မူ ထိုအနံ့ကပင် ပဲပုပ်၏ အရည်အသွေး တစ်ရပ် ဖြစ်သည်။

ပဲပုပ်ကို ပြည်ထောင်စုဖွား ရှမ်းတိုင်းရင်းသားများ အလွန်ကြိုက်နှစ်သက်စွာ စားလေ့ရှိသော အစားအစာတစ်မျိုးဖြစ်သောကြောင့်   “ရှမ်းရိုးရာအစားအစာ (ရှမ်းပဲပုပ်)” ဟူ၍လူသိများခဲ့သော်လည်း ယနေ့ခေတ်မှာ ရှမ်းတိုင်းရင်းသားများသာမက တိုင်းရင်းသားလူမျိုးစုံ နှစ်ခြိုက်စွာ စားသုံးလာကြသော အစားအစာဖြစ်နေပါသည်။ ပဲပုပ်အမျိုးမျိုးရှိသည့်အနက် “ရွှေဝါ” ပဲပုပ်မျိုးသည် ပိုမွှေးပိုဆိမ့်သော အရသာထူးသဖြင့် ရှမ်းပြည်နယ်တွင် ၁၉၅၅ ခုနှစ်မှာ အထူးတလည် တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း လေ့လာမှတ်သားရသည်။ ပဲပုပ်ကို အချပ်လိုက် အခြောက်လှန်းထားသော ပဲပုပ်ချပ်အချိုသို့မဟုတ် ပဲပုပ်ချပ်အစပ်အဖြစ်လည်းကောင်း၊ ခပ်ပျော့ပျော့ ပဲငါးပိအဖြစ် တစ်ဖုံ ဝယ်ယူရရှိနိုင်သည်။

ပဲပုပ်နှင့် နိုင်ငံတကာစားသုံးမှု

ပဲပုပ်၏ဇာတိမှာ တရုတ်၊ မန်ချူးရီးယားနှင့် ဂျပန်တို့ဖြစ်ကြပြီး ထိုနိုင်ငံများတွင် ရာဇဝင်မပေါ်ခင် ခေတ်ကာလကတည်းကပင် ပဲပုပ်ကို စိုက်ပျိုးစားသုံးခဲ့ကြပြီး ယနေ့ကာလ ပဲပုပ်ဆီထုတ်လုပ်သော နိုင်ငံအလိုက် လေ့လာကြည့်ရာတွင် တရုတ်နိုင်ငံက ထိပ်ဆုံးတွင် ရှိနေကြောင်း တွေ့ရသည်။ ပဲပုပ်၏အာဟာရဓာတ် ပေါကြွယ်ဝပုံကို တစ်စထက်တစ်စသိရှိလာကြရာ အမေရိကန်၊ ဥရောပ၊ အာဖရိက၊ အီဂျစ်၊ ရုရှား၊ မြန်မာ နှင့်နီပေါ စသည့်နိုင်ငံများတွင်ပါ တွင်ကျယ်စွာ စိုက်ပျိုးလျက်ရှိနေကြသည်။

ပဲပုပ်ကို နိုင်ငံတကာစားသုံးမှုနှင့် ပတ်သက်၍

ဗဟုသုတတစ်ရပ်အနေဖြင့် ဝေမျှရပါလျှင်-

  • တရုတ်ပြည်ကြီး၏ ယဉ်ကျေးမှုနှင့် ဆက်စပ်လျက်ရှိသော မွန်မြတ်သည့်သီးနှံငါးမျိုးတွင် ပဲပုပ်သည် တစ်မျိုးအပါအဝင်ဟု ဆိုထားပါသည်။
  • ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဂျာမနီတွင် ပဲပုပ်မှ အာဟာရဖြစ်စေတတ်သည့်ဓာတ်များကို သိပ္ပံနည်းဖြင့်ထုတ်ယူပြီး ဆေးလုံး ကလေးများကဲ့သို့ ကယ်လိုရီ ၁၅၀၀ ခန့်ပါရှိသော ရိက္ခာလုံးကလေးများပြုလုပ်ကာ “နာဇီရိက္ခာလုံးကလေး” ဟု အမည်ပေး၍ ဂျာမန်စစ်တပ်အတွက် ထုတ်ဝေပေးခဲ့ကြောင်း၊ စစ်သားတစ်ယောက်အတွက် ၎င်းရိက္ခာလုံးကလေး နှစ်လုံး သို့မဟုတ် သုံးလုံးစားထားလျှင် တစ်နေ့တာလုံး အင်အားမဆုတ်ယုတ်ဘဲ ကျန်းမာစွာ နေနိုင်ကြောင်း သိရသည်။
  • ရုရှား-ဂျပန်စစ်ပွဲကြီးတွင်လည်း ဂျပန်စစ်သားများ စစ်မြေပြင်တွင် ခံနိုင်ရည်ရှိရေးအတွက် ဂျပန်အစိုးရက ပဲပုပ်ပင်ကို အများဆုံး အားထားခဲ့ကြောင်း သိရသည်။
  • ပဲပုပ်ကို လူသားတို့အာဟာရသီးနှံအဖြစ် စားသုံးရုံမျှမက အမေရိကန်ပြည်တွင် ပဲပုပ်မှ ဆော့စ်၊ နို့၊ ဒိန်ခဲ၊ ကော်ဖီ၊ ကိတ်၊ စည်သွတ်ဘူးများအပြင် တိရစ္ဆာန်အစားအစာများသာမက  ပဲပုပ်ဆီဖြင့် စာရေးမင်၊ ပုံနှိပ်မင်၊ ဆပ်ပြာ၊ ရော်ဘာတု၊ ဓာတ်ဆီ၊ ပလတ်စတစ်၊ ခဲတံ၊ အရောင်တင်ဆီ၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ပိုးမွှားသတ်ဆေး၊ ကြွေဆေး၊ ဆီစိမ်စက္ကူ၊ သားရေတု၊ ဖယောင်းတိုင်၊ သိုးမွေးတု၊ သုတ်ဆေး၊  သကြားလုံး စသည်ဖြင့်  လူ့အသုံးအဆောင်ပစ္စည်းအမျိုးပေါင်း ၂၀၀၀ တို့ကိုလည်း ထုတ်လုပ်နိုင်သည်။ တရုတ်၊ မန်ချူးရီးယားနှင့် ကိုရီးယားနိုင်ငံတို့တွင် ပဲပုပ်ပင်၏ အမြစ်နှင့်အရိုးများကို ထင်းအဖြစ်လည်း ကောင်း၊ အရွက်ကို အခြောက်လှန်း၍ ဆေးလိပ်အဖြစ်သောက်ကြသည်။ အင်ဒိုနီးရှားနိုင်ငံ ကြံခင်းများတွင် ပဲပုပ်ဖြင့် မြေသြဇာ ကောင်းအောင် ပြုပြင်စိုက်ပျိုးကြသည်။

ပဲပုပ်နှင့်ကျန်းမာရေး

ပဲပုပ်တွင် အဓိကပါဝင်သော အာဟာရဓာတ်မှာ ပရိုတင်းဓာတ်ဖြစ်သည်။ အခြားသောကောင်းမွန်သည့် ဆီနှင့် carbs တို့လည်း ပါရှိသည်။ ပြုတ်ထားသောပဲပုပ် ၁၀၀ ဂရမ် (၃ ဒသမ ၅ အောင်စ)တွင် ပါရှိသည့် အာဟာရဓာတ်များမှာ ကယ်လိုရီ ၁၇၃၊ ရေဓာတ် ၆၃ ရာခိုင်နှုန်း၊ ပရိုတင်း ၁၆ ဒသမ ၆ ဂရမ်၊ Carbs ၉ ဒသမ ၉ ဂရမ်၊ သကြားဓာတ် ၃ ဂရမ်၊ အမျှင်ဓာတ် ၆ ဂရမ်၊ အဆီဓာတ် ၉ ဂရမ်၊  Saturated ၁ ဒသမ ၃ ဂရမ်၊ Monounsaturated ၁ ဒသမ ၉၈ ဂရမ်၊ Polyunsaturated ၅ ဒသမ ၀၆ ဂရမ်၊ အိုမီဂါ-၃ ဓာတ် သုည ဒသမ ၆ ဂရမ်၊ အိုမီဂါ-၆ ဓာတ် ၄ ဒသမ ၄၇ ဂရမ် စသည်တို့အသီးသီးပါရှိနေကြသည်။

  • ပဲပုပ်တွင် ခွန်အားနှင့်သွေးနီအား တိုးတက်စေသော သံဓာတ်များ အလုံအလောက်ပါရှိနေသောကြောင့် သက်သတ်လွတ် စားသူများအတွက် သံဓာတ်ဖြည့်စွက်စာအဖြစ် အားကိုးထိုက်ပါသည်။
  • ပဲပုပ်တွင်ပါရှိသောအသားဓာတ် ခေါ် ပရိုတင်းဓာတ်က အခြားသောသီးနှံပင်များထဲရှိ ပရိုတင်းဓာတ်မျိုးနှင့်မတူဘဲ သာလွန် ကောင်းမြတ်သော ပထမတန်းစား ပရိုတင်းဓာတ်ဖြစ်သည်။
  • ပဲပုပ်တွင်ပါရှိသော ပရိုတင်းဓာတ်သည် အမဲသား၊ ကြက်ဥနှင့်နွားနို့တို့တွင်ပါရှိသော ပရိုတင်းဓာတ်နှင့် အမျိုးအစား တူညီရုံမျှ မက ပဲပုပ်တွင် ပရိုတင်းဓာတ်ပါဝင်မှုပိုများသည်။ ထူးခြားချက်မှာ ပဲပုပ်တွင်ပါရှိသော ပရိုတင်းပမာဏသည် အမဲသားထက် နှစ်ဆ၊ ကြက်ဥထက် သုံးဆ၊ နွားနို့ထက် ၁၁ ဆပိုမိုပါဝင်သည်။
  • ပဲပုပ်တွင် ကစီဓာတ်ပါဝင်မှုလွန်စွာနည်းသဖြင့် အဝလွန်သူများနှင့် ဆီးလွန်ရောဂါရှိသူတွေအတွက် ကောင်းကျိုးပြုသည်။
  • ပဲပုပ်က ပိန်သောသူကို ဝဖြိုးစေခြင်း၊ အသားအရေကို အရွယ်တင်နုပျိုစိုပြည်စေခြင်း၊ ဝမ်းချုပ်ရောဂါကို ကုသနိုင်ခြင်း၊ ကြွက်သား၊ အရေပြားနှင့်အကြောများကို အားကောင်းစေခြင်း၊ ခန္ဓာကိုယ်တွင်း အပူဓာတ်ဖြည့်ပေး၍ အားပြည့်စေခြင်း၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်နှင့်အစာအိမ်တို့ကို ကျန်းမာစေခြင်း၊ ဗီတာမင်အေဓာတ်ကြွယ်ဝ၍ မျက်စိကို အားကောင်း စေခြင်း၊ ဦးနှောက်နှင့် အာရုံကြောများကို အားပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါသည်။
  • ပဲပုပ်က အရိုးနှင့်သွားများကို ခိုင်မာစေခြင်း၊ အရိုးကြီးထွားမှုကိုအားပေးခြင်း၊ ကိုယ်ခန္ဓာထွားကျိုင်းစေခြင်း စသည်တို့ကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအနေဖြင့် မဖြစ်မနေ ပဲပုပ်စားပေးသင့်ပါသည်။
  • ပဲပုပ်ကိုအပူပေး၍ ချက်ပြုတ်ထုတ်လုပ်ထားသော ပဲနို့ဒိန်ခဲကို နွားနို့ဒိန်ခဲနှင့် နှိုင်းယှဉ်ကြည့်ပါက ပဲနို့ဒိန်ခဲ၏အနံ့အရသာက သာလွန်ကောင်းမွန်သည်။ ပဲနို့ဒိန်ခဲကလည်း နွားနို့ဒိန်ခဲနည်းတူ လူသားတို့၏ အစာအိမ်နှင့်အူလမ်းကြောင်းကို အကျိုးပြုပေး သောပိုးမွှားလေးများပါရှိနေပြီး ထူးခြားချက်မှာ ပဲနို့ဒိန်ခဲထဲရှိ ၎င်းအကျိုးပြုပိုးမွှားလေးများက အရွယ်အစားပိုကြီးကာ  ပို၍လည်း ဆေးစွမ်းထက်မြက်ကြောင်း လေ့လာသိရှိရပါသည်။

သက်သတ်လွတ်သမားများအားထားရာ ပဲပုပ်ဟင်းလျာများ

ပဲပုပ်စေ့ကို သရေစာအဖြစ် အစိမ်းလိုက်ကြော်၍ စားနိုင်သလို၊ ပြုတ်၍သုပ်စား၊ ချက်စားနိုင်ပါသည်။ သက်သတ်လွတ်ဟင်းလျာအဖြစ် ပဲပုပ်ထောင်းကြော်၊ ပဲပုပ်ကြက်သွန်ကြော်၊ ပဲပုပ်မြေပဲကြော်၊ ပဲပုပ်ဂျူးမြစ်ကြော်၊ ပဲပုပ်ကြော်ချက်၊ ပဲပုပ်မြေပဲချက်၊ ပဲပုပ်စေ့ဟင်းချို၊ ပဲပုပ်မီးကင်၊ ပဲပုပ်ချဉ် စသည်ဖြင့် မိမိနှစ်သက်ရာ ပုံစံအမျိုးမျိုးတို့ဖြင့် ဖန်တီးစားသောက်နိုင်သည်။ ကချင်ပြည်နယ်တွင် ပဲပုပ်ကို အမဲသားနှင့်ရော၍ အစပ်ချက်စားလေ့ရှိကြသည်။ ပဲပုပ်ကြိုက်တတ်လွန်းသူများက ပဲပုပ်ခြောက် ၁၀ ချပ်ခန့်ကို မီးအေးအေးတွင် ဝင်းဝါလာအောင်ကင်၍ အအေးခံကာ ညက်ညက်ထောင်းပြီးနောက် တာရှည်ခံအောင် ဖန်ပုလင်းဘူးထဲထည့်ကာ စားသုံးကြသည်။

မုန်ညင်းရွက်နှင့်ပဲပုပ်သည် လွန်စွာလိုက်ဖက်သောကြောင့် မုန်ညင်းဟင်းချိုထဲမှာ ပဲပုပ်ထောင်းမှုန့်ထည့်ခတ်၍ သောက်သုံးခြင်းဖြင့် အရသာထူးလှပါသည်။ ထို့ပြင် ခရမ်းသီးမီးဖုတ်သုပ် သို့မဟုတ် ခရမ်းချဉ်သီးမီးဖုတ်သုပ်ထဲမှာလည်း ပဲပုပ်ထောင်းမှုန့်ကိုထည့်၍ သက်သတ် လွတ်သုပ်စားခြင်းဖြင့် ထမင်းမြိန်စေပါသည်။ (သက်သတ်လွတ်မဟုတ်သော ဟင်းလျာများအတွက် ပဲပုပ်သုံးလျှင် ငါးပိသုံးရန်မလိုပါ။ ဤအရသာနှစ်မျိုး ပေါင်းစပ်မိပါက အရသာဓာတ် ပျက်ပြယ်သွားတတ်သည်) ဗဟုသုတတစ်ရပ်အနေဖြင့် ဖော်ပြရလျှင် ပဲပုပ်သည် ပဲပိစပ် လုံးဝမဟုတ်ပါ။ အထက်တွင်ဖော်ပြထားသည့်အတိုင်း ပဲပုပ်က  Soybean, Soja Bean, Soya Bean ဖြစ်ပြီး  ပဲပိစပ်က  Horse Gram ခေါ် မြင်းစားပဲဖြစ်ပါသည်။ (စကားချပ်-ပဲပိစပ်တွင် ပရိုတင်းဓာတ်ကြွယ်ဝသဖြင့် ပြိုင်မြင်းများကို ကျွေးမွေးရာမှ ဈေးကွက်တွင် မြင်းစားပဲဟု အမည်တွင်ခြင်းဖြစ်ကြောင်း၊ ပဲပိစပ်ကိုလူတို့စားသုံးခြင်းဖြင့်လည်း အာဟာရများရရှိစေ ကြောင်း လေ့လာမှတ်သားရပါ၏။) ပဲပုပ်စေ့က အဆီထွက်ရှိပြီး ပဲပိစပ်က အဆီလုံးဝမထွက်ပါ။ ယနေ့မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာစားသုံးဆီ ဈေးကွက်တွင် တွေ့ရသော Soyabean Oil သည် ပဲပုပ်ဆီသာဖြစ်ပါသည်။  သို့သော်  လူအများစုက Soyabean Oil ကို ပဲပိစပ်ဆီဟု ထင်မှတ်မှားနေကြသည်။

အချုပ်အားဖြင့်ဆိုသော် ကမ္ဘာ့အရေးကြီးဆုံး သီးနှံစာရင်းဝင်ပဲပုပ်ကို “အစာလည်းဆေး၊ ဆေးလည်းအစာ” အဖြစ်    သက်သတ်လွတ် သမားများလည်း အာဟာရရှိရှိစားသုံးသင့်ပါကြောင်းနှင့် ပဲပုပ်ဆီခေါ် Soyabean Oil ကို စားသုံးခြင်းဖြင့်လည်း အလားတူ ကျန်းမာရေး အာနိသင်များ ရရှိနိုင်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။   ။

ပေါက်ပေါက်