အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများတွင် AGTI ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် သင်ကြားလျက်ရှိ

နေပြည်တော် မေ ၂၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှု လက်မှုသိပ္ပံများကို မေ ၁၂ ရက်မှစတင်၍ ပုံမှန်ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိရာ AGTI ကျောင်းသား၊ ကျောင်းသူများ   အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများတွင် AGTI သင်တန်းများကို ကိုဗစ်-၁၉ ကျန်းမာရေး စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးနှင့် “တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနှင့်ကျောင်းများ ပြန်လည် ဖွင့်လှစ် ချိန်တွင် လိုက်နာဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး စီစဉ်ဆောင်ရွက်မှု အခြေအနေဆန်းစစ်ပုံစံ” များနှင့် အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီး လိုအပ်သော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ခန်း၊ လက်တွေ့ခန်း၊ အလုပ်ရုံနှင့် ကျောင်းသားဆောင်များ ဖြည့်ဆည်းပေးခြင်း၊ သင်ကြားသင်ယူမှုအတွက် စက်ပစ္စည်းများ၊ လက်တွေ့ခန်းသုံးပစ္စည်းများ ဖြည့်ဆည်း ထားရှိခြင်း၊ တက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းနှင့် အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဖွင့်လှစ်လျက်ရှိသည့် အစိုးရနည်းပညာ ကောလိပ်လေးကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ ၂၂ ကျောင်းတို့၌ ကျောင်းအလိုက်   မြို့ပြအင်ဂျင်နီယာသင်တန်း၊ အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင် နီယာသင်တန်း၊ သုတနည်းပညာသင်တန်း၊ စက်မှုလုပ်ငန်းအင်ဂျင်နီယာသင်တန်း၊ စက်မှုလယ်ယာနည်းပညာသင်တန်း၊ မော်တော် ယာဉ်ပြုပြင်ထိန်းသိမ်းမှု နည်းပညာသင်တန်း၊ စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာသင်တန်းတို့ကို သင်ကြားလေ့ကျင့်ပေး လျက်ရှိပြီး   ဖွင့်လှစ်ဆဲသင်တန်းများ၏   ကျောင်းအပ်လက်ခံ နောက်ဆုံးနေ့ရက်ကိုလည်း ၂၀၂၂ ခုနှစ် မေ ၃၁ ရက်အထိ တိုးချဲ့လက်ခံ ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

AGTI ဒီပလိုမာ သုံးနှစ် သင်တန်းအောင်မြင်စွာ ပြီးဆုံးပါက သင်တန်းဆင်းများအနေဖြင့် အင်ဂျင်နီယာကျွမ်းကျင်အဆင့်ဆိုင်ရာ   အလုပ်အကိုင်များအား စက်မှုနှင့် စီးပွားရေးလုပ်ငန်းများ၌ Technician Level အဆင့် အင်ဂျင်နီယာ ကျွမ်းကျင်ပညာရှင်အဖြစ် လွယ်ကူစွာ ဝင်ရောက်လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။ ထို့ပြင် သင်တန်းသားများ၏ ပညာရည်ထူးချွန်မှုအလျောက်   နိုင်ငံ အတွင်းရှိ နည်းပညာတက္ကသိုလ်များမှ ပို့ချလျက်ရှိသည့် အင်ဂျင်နီယာဘွဲ့(B.E) သင်တန်းများနှင့် အစိုးရနည်းပညာ ကောလိပ်များ တွင် ဖွင့်လှစ်မည့် အင်ဂျင်နီယာနည်းပညာဘွဲ့ (B.Tech) သင်တန်းများသို့ သတ်မှတ်ထားသည့် ဝင်ခွင့် စံသတ်မှတ်ချက်များနှင့် ပြည့်မီပါ က ဆက်လက် တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)