နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

ယမန်နေ့မှအဆက်

Myanmar National Post သတင်းဌာနမှ နောင်တော်လေးက ယနေ့ တိုင်းပြည်အတွင်း၌ အကြမ်းဖက်မှုများကျူးလွန်နေကြသည့် အဖွဲ့အစည်းများရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကလည်း အကြမ်းဖက် အဖွဲ့အစည်းများဖြစ်သည်ဟု တရားဝင် ကြေညာထားပြီးဖြစ်ပါကြောင်း၊ အဆိုပါအကြမ်းဖက်အဖွဲ့အစည်းများမှာ မည်သည့် ပါတီမှပေါ်ပေါက်လာသည့် အဖွဲ့အစည်းများ ဖြစ်သည်ကို သိလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိဆိုသည့် ပြဋ္ဌာန်းချက်၏ သဘောတရားနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် မည်ကဲ့သို့သော လုပ်ရပ်များ လုပ်ဆောင်ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိနိုင်သည်ကို ရှင်းလင်းပြောကြားပေးစေလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး ယခုမေးမြန်းသည့်မေးခွန်းကို ပြန်လည် ဖြေကြားရမည်ဆိုပါက တရားမဝင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ၊ ၎င်းက ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ ကြောင်း၊ အလားတူ မတရားအသင်းအဖြစ် ကြေညာထားသည့်  CRPH ၊ ယင်းကဖွဲ့စည်းသည့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၊ ယင်းက ထပ်မံဖွဲ့စည်းသည့် PDF နှင့် ၎င်းအဖွဲ့၏ လက်အောက်ခံအဖွဲ့အစည်းများကိုလည်း အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် အကြမ်းဖက် တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ အချက်များ မှာ မိမိတို့ထုတ်ပြန်ကြေညာခဲ့သည့် အခြေအနေများဖြစ်ကြောင်း၊ ထိုအကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် မည်သည့်ပါတီနှင့် ဆက်စပ်မှုရှိသည်ကို ယခုမေးမြန်းသည့် သတင်းထောက်ကြီးအပါအဝင် အခြားပုဂ္ဂိုလ်များလည်း မြင်တွေ့ကြားသိပြီး ဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ သတင်းထောက်ကြီး မေးမြန်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၇ ပါ နိုင်ငံရေးပါတီတစ်ရပ် ဆက်လက် ရပ်တည်နိုင်မှု မရှိသည့်ကိစ္စနှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၂ အရ ပါတီတစ်ခုရပ်တည်ပိုင်ခွင့်မရှိသည့် ပြဋ္ဌာန်းချက်များကို ဆက်လက်ရှင်းပြလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၇ တွင် နိုင်ငံရေးပါတီတစ်ခု ဆက်လက် ရပ်တည် ပိုင်ခွင့်မရှိသည့် အကြောင်းအရာ ၄ ခုရှိကြောင်း၊ အဆိုပါကိစ္စများမှာ ဥပဒေနှင့်အညီ မတရားအသင်းအဖြစ်ကြေညာခံရခြင်း၊ နိုင်ငံတော်ကို လက်နက်စွဲကိုင်၍ တိုက်ခိုက်နေသည့် သောင်းကျန်းသူအဖွဲ့အစည်းများ၊ အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းများ၊ မတရားအသင်းဟု ကြေညာထားသည့်အဖွဲ့အစည်းများ၊ အဆိုပါအဖွဲ့အစည်းများနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်း များနှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေဆက်သွယ်ခြင်း၊ အားပေးကူညီခြင်း တစ်ခုခုကိုလုပ်ဆောင်သည်ဖြစ်စေ၊ နိုင်ငံခြား တိုင်းပြည် တစ်ခုခု၏ အစိုးရ၊ (သို့မဟုတ်) ဘာသာရေး အဖွဲ့အစည်းတစ်ခု၊ အဖွဲ့အစည်းတစ်ခုခု၊ ပုဂ္ဂိုလ်တစ်ဦးဦး၏ ငွေကြေး၊ ပစ္စည်း၊ အထောက်အပံ့များကို တစ်နည်းနည်းဖြင့် ရယူသည့်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များဖြစ်ကြောင်း၊ နောက်တစ်ခုမှာ ဘာသာရေးကို နိုင်ငံရေးအရ အလွဲသုံးစားပြုသည့် အဖွဲ့အစည်းများဖြစ်ကြောင်း၊ ထိုအဖွဲ့အစည်းများဆိုပါက ပုဒ်မ ၄၀၇ နှင့် ငြိစွန်းကြောင်း၊ ထိုကဲ့သို့ ငြိစွန်းပါက ပုဒ်မ ၄၀၈ အရ အဆိုပါပါတီကို နိုင်ငံရေးပါတီအဖြစ်မှပယ်ဖျက်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ယင်းမှာ နိုင်ငံရေး ပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိသည့် ပုဒ်မ ၄၀၇ ဖြစ်ကြောင်း၊ အခြားတစ်ခုမှာ နိုင်ငံရေးပါတီများ ဆက်လက် ရပ်တည် ပိုင်ခွင့်မရှိသည့် ပုဒ်မ ၁၂(က)ဖြစ်ကြောင်း၊ ထိုပုဒ်မတွင် အချက် ၇ ချက်ရှိကြောင်း၊ နံပါတ်(၁)အချက်မှာ နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲများတွင် ၎င်းတို့အနေဖြင့် အနည်းဆုံး သတ်မှတ်ထားသည့် ကိုယ်စားလှယ်အရေအတွက် အတိုင်းဝင်ရောက် ယှဉ်ပြိုင် နိုင်မှုမရှိခြင်း၊ မတရားအသင်းအဖြစ်ကြေညာခံရခြင်း၊ နိုင်ငံတော်ကို လက်နက်စွဲကိုင်တိုက်ခိုက်နေသည့် သောင်းကျန်းသူ အကြမ်း ဖက်အဖွဲ့အစည်းများ၊ မတရားအသင်းများ၊ ၎င်းအဖွဲ့အစည်းများနှင့်ဆက်စပ်ခြင်း၊ အဆိုပါအဖွဲ့အစည်းများကို အားပေးကူညီခြင်း တို့ကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းများ၊ အခြားတစ်ခုမှာ ပုဒ်မ ၆ ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရာတွင် တင်ပြရ သည့် ခံဝန်ချက်ဖြစ်ကြောင်း၊ ထိုခံဝန်ချက်များကို ဖောက်ဖျက်ခြင်းလည်းပါဝင်ကြောင်း၊ နောက်တစ်ခုမှာ နိုင်ငံတော်ပိုင်ငွေကြေး၊ ပစ္စည်း၊ အဆောက်အဦများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေရယူသုံးစွဲသည့်  အဖွဲ့အစည်းများဖြစ်ကြောင်း၊ အခြားတစ်ခုမှာ ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်တစ်ခုဖြစ်ကြောင်း၊ ထိုပုဒ်မတွင်ပါဝင်သည့် အရည်အချင်းများနှင့် ကိုက်ညီသူများကိုသာ နိုင်ငံရေး ပါတီဝင် အဖြစ် စည်းရုံးရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အရည်အချင်းမကိုက်ညီသူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုဘဲ ထိမ်ချန် ထားခြင်း၊ လက်ခံထားခြင်းပြုပါကလည်း ပြစ်မှုကျူးလွန်ရာရောက်ပါကြောင်း၊ အခြားတစ်ခုမှာ နိုင်ငံတစ်ဝန်းတွင် မိမိတို့သတ်မှတ် ထားသည့် ပါတီဝင်အရေအတွက် ပြည့်မီအောင် စည်းရုံးနိုင်ခြင်းမရှိပါကလည်း အဆိုပါပါတီအနေဖြင့် ပုဒ်မ ၁၂(က)ပါ အချက်များကို ဖောက်ဖျက်ကျူးလွန်ရာရောက်ကြောင်း၊ ပုဒ်မ ၁၂(ခ)အရ ပုဒ်မ ၁၁(က)ပါ အချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသည့်ပါတီအား နိုင်ငံရေး ပါတီစာရင်းမှပယ်ဖျက်၍ ထိုပါတီကို ဖျက်သိမ်းရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက် သွားရန်ရှိသည်ဟုသာ ဖြေကြားလိုကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar National Post သတင်းဌာနမှ နောင်တော်လေးက အစောပိုင်းက ပြန်လည်ဖြေကြားရာတွင် အကြမ်းဖက် အဖွဲ့အစည်းများ ထွက်ပေါ်လာသည့်ပါတီအား အားလုံးသိပြီးသားဖြစ်လိမ့်မည်ဟုသာ ပြန်လည်ဖြေကြားခဲ့ကြောင်း၊ မိမိလည်း မိမိသိသည့် အတိုင်းသာ ပြောမည်ဖြစ်ကြောင်း၊ အဆိုပါ ပါတီမှာ NLD ပါတီဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် လူကြီးမင်း ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခြင်းမပြုသည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါ ပါတီကို အားလုံးသိပြီးဖြစ်ကြောင်း၊ ထိုပါတီနှင့် ပတ်သက် ဆက်စပ်သည့် အကြောင်းအရာများကိုလည်း သတင်းထောက်ကြီး ယခုမေးမြန်းနေကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပြန်လည် ဖြေကြားပေးမည်ဖြစ်ကြောင်း၊ ထိုပါတီနှင့်ပတ်သက်၍ ပြောရမည်ဆိုပါက အားလုံးသိကြသည့် ပါတီဖြစ်ကြောင်း၊ အဆိုပါကိစ္စကို ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး ယခုလက်ရှိတွင် မိမိတို့အနေဖြင့် လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များကို သတင်း ထောက်ကြီးများလည်း သိပြီးဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ဆက်စပ်မှုများကိုစစ်ဆေး၍ အတည်ပြုရန်သာလိုတော့ကြောင်း၊ လက်ရှိ ဖြစ်တည်မှုများ၊ အခြေအနေများကိုစိစစ်၍ ငြိစွန်းမှုအခြေအနေကို စစ်ဆေးရန်လိုအပ်ကြောင်း၊ အခြားနိုင်ငံရေးပါတီများကိုလည်း ငြိစွန်းမှုရှိ၊ မရှိ စစ်ဆေးနေကြောင်း၊ စစ်ဆေးဆဲဖြစ်ပြီး စစ်ဆေးရန်ကျန်နေသေးကြောင်း၊စစ်ဆေးပြီးစီး၍ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ငြိစွန်းသည်ဆိုပါက ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

တဲ့ပြောသတင်းဌာနမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက ၂၀၂၃ ရွေးကောက်ပွဲတွင် PR စနစ်ကိုစတင်ကျင့်သုံးသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ယခုသတင်းစာရှင်းလင်းပွဲအစောပိုင်းတွင် ပြောခဲ့ကြောင်း၊ ပါတီ အများစုက ကျင့်သုံးကြမည့် စနစ်ဖြစ်သည်ဟုလည်း ပြောခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များကိုမူ ယခင်အတိုင်း ပြောင်းလဲမှု မရှိဟု ပြောထားကြောင်း၊  လတ်တလောတွင် ယခင်ရှိပြီးဖြစ်သည့် ခရိုင် ၇၅ ခရိုင် အပြင် ခရိုင်အသစ် ၄၅ ခရိုင်ကို ထပ်မံ ဖွဲ့စည်း ခဲ့ကြောင်း၊ ထို့ကြောင့် ခရိုင်ကိုကိုယ်စားပြုမည်လား၊ မြို့နယ်ကို ကိုယ်စားပြုမည်လား၊ တိုင်းဒေသကြီး၊ ပြည်နယ်ကို ကိုယ်စား ပြုမည် လားဆိုသည်ကို သိလိုကြောင်း၊ PR စနစ်၏သဘောတရား၊ မဲပေးပုံပေးနည်း၊ PR စနစ်၏ ခွဲတမ်းစနစ်များကို မဲဆန္ဒရှင် ပြည်သူ အားလုံးသိရှိနိုင်ရန်အတွက် TV မှလည်း ကောင်း၊ သတင်းစာမှလည်းကောင်း အသိပညာပေးလုပ်ငန်းများကို မည်သည့် အချိန်ခန့်တွင် စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြောရမည်ဆိုပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် PR စနစ်နှင့်ပတ်သက်သည့် စာအုပ်အတွဲ(၁)ကို ထုတ်ပြီးဖြစ်ကြောင်း၊ ကြေညာ၍ ဖြန့်ချိ သွားမည် ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် အတွဲ(၂)ကိုပြုစုနေကြောင်း၊ အဆိုပါစာအုပ်တွင် PR နှင့်ပတ်သက်သည့် အကြောင်းအရာများ ပါဝင်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင့်သုံးနေသည့် PR စနစ်များအကြောင်းလည်းပါဝင်ကြောင်း၊ ထိုစာအုပ်မှာလည်း မကြာမီ ထွက်ရှိလာမည်ဖြစ်ကြောင်း၊ အလားတူ မိမိတို့ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ Website တွင်လည်း PR စနစ်နှင့် ပတ်သက်သည့် ဆောင်းပါးများနှင့် အချက်အလက်များကို တင်ထားကြောင်း၊ ထိုသို့ဆောင်ရွက်ထားရုံသာမကဘဲ လွန်ခဲ့သည့်  ရက်သတ္တ ၃ ပတ်ခန့်က သတင်းစာရှင်းလင်းပွဲတွင်လည်း PR စနစ်နှင့်ပတ်သက်၍ အခြေခံအချက်အလက်များကို မိမိတင်ပြခဲ့ ကြောင်း၊ PR စနစ်နှင့်ပတ်သက်သည့် စာတမ်းများလည်း ပြုစုထားကြောင်း၊ အချက်အလက်များလည်းရှိကြောင်း၊ မိမိတို့ လုပ်ဆောင် ရမည့် Timeline အတိုင်း ပညာပေး(Civic and Voter Education)လုပ်ငန်းများကို ပြည်သူများသိရှိနိုင်ရန် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

တဲ့ပြောသတင်းဌာနမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက မိမိဆိုလိုသည်မှာ ထိုကဲ့သို့မဟုတ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေသည့်စာအုပ်များကို မိမိတို့မီဒီယာများအား တစ်အုပ်စီပေးပြီးဖြစ်ကြောင်း၊ ထိုစာအုပ်ပါအကြောင်းအရာများကို ပြည်သူ လူထုထံသို့ ချပြရန်အတွက် မိမိတို့လည်း မစွမ်းဆောင်နိုင်ကြောင်း၊ မိမိတို့တွင်လည်း အခက်အခဲများရှိကြောင်း၊ မိမိဆိုလိုသည်မှာ PR စနစ်ကို ကျင့်သုံးမည်ဆိုပါက ပြည်သူလူထုအနေဖြင့် ၎င်းတို့ရွေးချယ်လိုသည့် လွှတ်တော်ကိုယ်စားလှယ်၏ ရပိုင်ခွင့်မည်ကဲ့သို့ ရှိသည်ကို    သိလိုကြမည်ဖြစ်ကြောင်း၊ ယခုကျန်ရှိနေသည့် တစ်နှစ်ကျော်ခန့်အချိန်ကာလအတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ လည်း ကောင်း၊ သတင်းစာမှလည်းကောင်း PR စနစ်၏ မဲပေးပုံပေးနည်း၊ PR စနစ်၏ ရရှိသည့် ခွဲတမ်းပုံစံ စသည်တို့ကို ပြည်သူ လူထုသိရှိနိုင်ရန် မည်သည့်အချိန်ခန့်တွင် အသိပညာပေးချပြသွားမည်ကို သိလိုခြင်းဖြစ်ကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြောရမည်ဆိုပါက ပညာပေး စာအုပ်များ ထုတ်ဝေပြီးဖြစ်ကြောင်းကိုလည်း အစောပိုင်းက မိမိပြောခဲ့ပြီးဖြစ်ကြောင်း၊ တင်ပြခဲ့သည့်အထဲတွင် မိမိတို့လုပ်ဆောင် ထားသည့် Pamphlet နမူနာများကိုလည်း Civic and Voter Education တွင်ပြထားကြောင်း၊ Pamphlet များမှာ ပြည်သူတစ်ဦး ချင်းစီကို ဝေပေးနိုင်လောက်သည့် အနေအထားရှိကြောင်း၊ အကျဉ်းချုပ်ရေးသားထားသည့် Pamphlet များကိုပင် ကြိုတင်ပြင်ဆင် ထားကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်သည့် ဥပဒေလည်းရှိကြောင်း၊ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ဥပဒေနှင့် နည်းဥပဒေများကို လည်း တင်ပြထားဆဲဖြစ်ကြောင်း၊ အတည်ပြုထုတ်ပြန်ပြီးပါက Legally အဆင်ပြေပြီဖြစ်ကြောင်း၊ ထိုအချိန်မှသာလျှင် မိမိတို့ အနေဖြင့် တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုကိစ္စကိုလည်း အားလုံး၏ သဘောတူညီမှု ရရှိပြီးဖြစ် ကြောင်း၊ ဥပဒေ၊ နည်းဥပဒေကြောင်းအရလည်း အသေးစိတ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းများ အတွက်လည်း လိုအပ်သည်များကို ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ သို့သော် တရားဝင်ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းရမည်ဖြစ်ကြောင်း၊ ထိုကိစ္စများပြီးစီးပါက တရားဥပဒေနှင့်အညီ အသိပညာပေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သတင်းထောက်ကြီး မေးမြန်းခဲ့သည့်ကိစ္စများလည်း ရှိကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မူလခရိုင် ၇၅ ခရိုင်ရှိရာမှ နိုင်ငံတော်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးတိုးတက်မှု အခြေအနေနှင့် အုပ်ချုပ်မှုကိစ္စများ၊ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ အဆင်ပြေစေရန်အတွက် ခရိုင် ၄၆ ခရိုင် တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း၊ စုစုပေါင်း ၁၂၁ ခရိုင်ရှိပါကြောင်း၊ PR စနစ်ကိုကျင့်သုံးရာတွင် ပြည်သူ့လွှတ်တော်ဖွဲ့စည်းခြင်း၊ အမျိုးသားလွှတ်တော်ဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဖွဲ့စည်းခြင်းနှင့် ပတ်သက်သည့် ဥပဒေများကိုလည်း အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း၊ ပုဒ်မ ၃၃၀၊ ပုဒ်မ ၁၆၈၊ တစ်မြို့နယ်လျှင် ၂ ဦးစီဆိုသည့် သတ်မှတ်ချက်များဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကိုယ်စားလှယ်ဦးရေအတိုင်းသာ ရွေးကောက် တင်မြှောက် သွားမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရန်အတွက် ပုဒ်မ ၃၉၉ အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင်  တာဝန်နှင့်  လုပ်ပိုင်ခွင့်များရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀  အရ မဲဆန္ဒနယ်သတ်မှတ်ခြင်းနှင့် ရွေးကောက်ပွဲ ကျင်းပပေးခြင်းတို့သည် မိမိတို့၏ တာဝန်ဖြစ်ကြောင်း၊ PR စနစ်နှင့် FPTP စနစ်တို့၏ အဓိကခြားနားချက်မှာ FPTP စနစ်တွင် တစ်ဦးတည်းကိုသာရွေးချယ်ကြောင်း၊ မဲအများဆုံးသူတစ်ဦးသာရကြောင်း၊ မဲဆန္ဒနယ်တစ်နယ်လျှင် လွှတ်တော် ကိုယ်စား လှယ်တစ်ဦးဖြစ်ကြောင်း၊ ထို့ကြောင့် ဆန္ဒမဲရာခိုင်နှုန်း အများဆုံးရရှိသူက နိုင်သည့်သဘောဖြစ်ကြောင်း၊ ကျန်သည့် ကိုယ်စားလှယ် လောင်းအားလုံး၏ မဲရလဒ်မည်မျှဖြစ်စေကာမူ တစ်ဦးချင်းမဲရလဒ်အရ ရာခိုင်နှုန်းအများဆုံးရရှိသူက အနိုင်ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်ဦးချင်းဆန္ဒမဲရရှိမှု အများဆုံးရရှိသူက ဆန္ဒမဲအားလုံးကိုရယူသွားသည့် သဘောဖြစ်ကြောင်း၊ ၎င်းက ၃၀ ရာခိုင်နှုန်း ခန့်ဖြင့် အနိုင်ရရှိခဲ့သော်လည်း အခြား မဲဆန္ဒရှင်များ၏ ၇၀ ရာခိုင်နှုန်းခန့်သော ဆန္ဒမဲများနှင့် ထိုဆန္ဒမဲများရရှိခဲ့သည့် နိုင်ငံရေး ပါတီများမှာ အခွင့်အရေးများ လုံးဝဆုံးရှုံးသွားမည်ဖြစ်ကြောင်း၊ PR စနစ်တွင် မဲဆန္ဒနယ်များကို ကျယ်ပြန့်စွာသတ်မှတ်ကြောင်း၊ ထိုသို့သတ်မှတ်ပြီး ကိုယ်စားလှယ် တစ်ဦးက ၅၀ ရာခိုင်နှုန်းရရှိသည်၊ ကျန်တစ်ဦးက ၄၀ ရာခိုင်နှုန်းရရှိသည်၊ ကျန်တစ်ဦးက ၃၀ ရာခိုင်နှုန်း ရရှိသည်၊ အခြားတစ်ဦးက ၂၀ ရာခိုင်နှုန်းရရှိသည်၊ အခြားတစ်ဦးက ၁၀ ရာခိုင်နှုန်းရရှိသည်ဆိုပါက ထိုကဲ့သို့ ရာခိုင်နှုန်း အလိုက် ဆန္ဒမဲရရှိခဲ့သည့် နိုင်ငံရေး ပါတီများအနေဖြင့် ၎င်းတို့ရရှိခဲ့သည့်ဆန္ဒမဲ အချိုးအစားအလိုက် လွှတ်တော်အတွင်းသို့ ကိုယ်စား လှယ်များ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ဥပမာဆိုရပါက လွှတ်တော်အတွင်း၌ ကိုယ်စားလှယ် ၁၀ ဦး ရှိသည်ဆိုပါက ဆန္ဒမဲ ၅၀ ရာခိုင်နှုန်းရရှိသည့် နိုင်ငံရေးပါတီအနေဖြင့် အဆိုပါလွှတ်တော်အတွင်းသို့ ကိုယ်စားလှယ် ၅ ဦး တက်ရောက်ခွင့် ရရှိမည်ဖြစ် ကြောင်း၊ အလားတူ ဆန္ဒမဲ ၄၀ ရာခိုင်နှုန်းရရှိသည့် နိုင်ငံရေးပါတီအနေဖြင့်လည်း ကိုယ်စားလှယ် ၄ ဦးတက်ရောက် ခွင့်ရရှိမည် ဖြစ်ကြောင်း၊ ထို့အတူ ဆန္ဒမဲ ၃၀ ရာခိုင်နှုန်းရရှိသည့် နိုင်ငံရေးပါတီ၊ ဆန္ဒမဲ ၂၀ ရာခိုင်နှုန်းရရှိသည့် နိုင်ငံရေးပါတီနှင့် ဆန္ဒမဲ ၁၀ ရာခိုင်နှုန်းရရှိသည့် နိုင်ငံရေးပါတီများအနေဖြင့်လည်း ၎င်းတို့ရရှိခဲ့သည့် ရာခိုင်နှုန်းများအလိုက်  လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များ၏ ဆန္ဒမဲအားလုံး အဟောသိကံမဖြစ်ဘဲ ၎င်းတို့ရရှိခဲ့သည့် ဆန္ဒမဲရာခိုင်နှုန်း အလိုက် ကိုယ်စားလှယ်များ အချိုးကျရရှိမည်ဖြစ်ကြောင်း၊ အစောပိုင်းက မိမိတင်ပြခဲ့သည့်အတိုင်း တိုင်းရင်းသားပါတီများနှင့် လူနည်းစု ပါတီများအတွက် အခွင့်အရေး တန်းတူညီမျှရရှိမည်ဖြစ်ကြောင်း၊ ဆန္ဒမဲများ အလဟဿမဖြစ်သည့် ရွေးကောက်ပွဲ စနစ်ဖြစ်သည့်အတွက် မြန်မာနိုင်ငံနှင့်လည်း ကိုက်ညီသည့်စနစ်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ အားလုံးကလည်း သဘောတူသည့် အတွက် ထိုစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မဲဆန္ဒနယ်သတ်မှတ်ခြင်းကို စနစ်တကျ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အစောပိုင်းက သတင်းထောက်ကြီး ပြောခဲ့သည့် ခရိုင်များဖွဲ့စည်းမှုသည် မဲဆန္ဒနယ်သတ်မှတ်ခြင်းနှင့် ဆက်စပ်မှုရှိကြောင်း၊ မဲဆန္ဒနယ်များသတ်မှတ်ရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့အတွက် မဲဆန္ဒနယ်များ သတ်မှတ်ပေး ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်များအတွက် တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ် သတ်မှတ်၍ ကိုယ်စားလှယ် ၂ ဦးကို PR စနစ်ဖြင့် ရွေးချယ်၍ရကြောင်း၊ ကျန်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များနှင့် အမျိုးသား လွှတ်တော်မဲဆန္ဒနယ်များ ခွဲဝေရာတွင် ထိုဒေသ၏ ပထဝီဝင်အနေအထား၊ နေထိုင်သည့်လူမျိုးစုများ၊ အုပ်ချုပ်မှုအရ လမ်းပန်းဆက်သွယ်မှုအနေအထား၊ လူဦးရေထူထပ်မှု အခြေအနေတို့ကို မူတည်၍ အားလုံး အတွက် ညီညွတ်မျှတစေရန် အကျယ်အဝန်းသတ်မှတ်၍ အဆိုပါနေရာ အတွက် ရွေးကောက်တင်မြှောက်မည့် ကိုယ်စားလှယ် အရေအတွက်ကို သတ်မှတ်မည်ဖြစ်ကြောင်း၊ ထိုသို့သတ်မှတ်ပြီးမှသာ လွှတ်တော် ၃ ရပ်စလုံးအတွက် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ကြောင်း၊ အခြားတစ်ခုမှာ အမျိုးသားလွှတ်တော်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသ ၆ ခုရှိကြောင်း၊ အဆိုပါဒေသများမှာ ကိုယ်စားလှယ်တစ်ဦးစီ ရွေးရသည့်အတွက် FPTP စနစ်ကိုသာ ကျင့်သုံးရမည်ဖြစ်ကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် သတ်မှတ်ထားသည့် တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးစီသာ ရွေးချယ်ရသည့် အတွက် FPTP စနစ်ကိုသာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ သတင်းထောက်ကြီးမေးမြန်းခဲ့သည့် ပြည်သူလူထုကို အသိပညာ ပေးသည့် လုပ်ငန်းကိုလည်း မိမိတို့အနေဖြင့် အချိန်မီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Trend ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးမင်းမောင်ဦးက မဲမသမာမှုကြောင့် NLD ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် အောက်ခြေ အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ အရေးယူခံထားရမှုအခြေအနေကို သိလိုကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ရွေးကောက်ပွဲကော်မရှင်အနေဖြင့် သဘောတူလက်ခံနိုင်မှု  ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီးမေးမြန်းသည့်ကိစ္စကို ပြန်လည်ဖြေကြားရမည် ဆိုပါက ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ တာဝန်ရှိသည့်ပုဂ္ဂိုလ်များကို အရေးယူမှုများရှိကြောင်း၊ တာဝန်ရှိသည့် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကိုလည်း အရေးယူခြင်းများရှိကြောင်း၊ ရွေးကောက်ပွဲ တွင် မဲမသမာမှုများ လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းစည်းကမ်းဥပဒေများကို ကျော်လွန်ဖောက်ဖျက်ဆောင် ရွက်ခဲ့သည့် နိုင်ငံတော် အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များနှင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီအချို့လည်းပါဝင်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်များမှ ပုဂ္ဂိုလ်များလည်းပါဝင်ကြောင်း၊ ပြည်သူလူထုအချို့လည်းပါဝင်ကြောင်း၊ အမှုတွဲအားဖြင့် အမှုတွဲ ၇၀ ကျော်ခန့်ကို စစ်ဆေးဆောင်ရွက်ဆဲဖြစ်ကြောင်း၊ အချို့ကော်မရှင်အဖွဲ့ခွဲများနှင့် ပတ်သက်ပြီး တာဝန်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများကို အရေးယူခြင်းများလည်းရှိကြောင်း၊ ပြီးပြတ်သည့် အမှုတွဲများရှိသကဲ့သို့ မပြီးပြတ် သေးသည့် အမှုတွဲများလည်းရှိကြောင်း၊ အရေးယူဆောင်ရွက်မှုအခြေအနေအသေးစိတ်ကို မိမိအနေဖြင့် နောင်သတင်းစာ ရှင်းလင်းပွဲ များတွင် ထပ်မံချပြသွားမည်ဖြစ်ကြောင်း၊ နောင်လာမည့် ရွေးကောက်ပွဲများတွင် NLD ပါတီဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိ/မရှိကိုမူ ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟုသာ ပြောလိုကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈ တွင် ပါဝင်ကြောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ ဥပဒေ ၃၆၉ တွင်လည်း ပါဝင်ကြောင်း၊ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်ပါက ရွေးကောက်တင်မြှောက်ပိုင်ခွင့်ရှိသကဲ့သို့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်လည်းရှိကြောင်း၊ ပြည်သူလူထုအနေဖြင့် ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပိုင်ခွင့်လည်းရှိကြောင်း၊ နိုင်ငံသားများ၏ အခွင့်အရေးများဖြစ်ကြောင်း၊ အလားတူ သက်ဆိုင်ရာလွှတ်တော်၊ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ တွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိသူများကို ဖော်ပြထား ကြောင်း၊ ထို့ကြောင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိသူများ ဖြစ်နေပါက ရွေးကောက်တင်မြှောက်၍ မရကြောင်း၊ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသူဖြစ်ပါက ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပါတီဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ သတ်မှတ်သည့်ဥပဒေနှင့်ကိုက်ညီပါက နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအတိုင်း ရရှိမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်ငြိစွန်းခြင်း၊ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိခြင်းများရှိပါက ရွေးကောက် တင်မြှောက် ခံရမည် မဟုတ်ကြောင်း ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်းသတင်းဌာနမှ အယ်ဒီတာချုပ်ဦးမိုးဟိန်းက NUG အကြမ်းဖက်ဝန်ကြီး ဇင်မာအောင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး  တွေ့ဆုံသည့်ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းလိုကြောင်း၊ ယင်းမေးခွန်းမမေးမြန်းမီ ဇင်မာအောင်နှင့် မိုးဇော်ဦး အစရှိသည့် (၂၀၂၁) ပြည်ပြေးအုပ်စု၏ နောက်ခံသမိုင်းအကျဉ်းနှင့် မိမိပါဝင်ခဲ့သည့် ၁၉၈၈ ခုနှစ် ပြည်ပြေးလမ်းပြမြေပုံ၊ ယခုအသေခံပြီး မိုက်မိုက်မဲမဲ တိုက်နေကြသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး PDF လူငယ်များနှင့် ပြည်ပြေးလုပ်ရန်ကြိုးစားနေကြသည့် ပြည် ပြေး အပေါင်းသိရန်အတွက် ၁၉၈၈ က ပြည်ပြေးတစ်ဦးဖြစ်ခဲ့သည့် မိမိအနေဖြင့် မိမိတို့တွေ့ကြုံခဲ့ရသည့်အတွေ့အကြုံများကို အနည်းငယ် ရှင်းပြလိုကြောင်း၊ NLD မှ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမနိုင်နိုင်အောင်လုပ်ရန် စီမံကိန်းချထားကြောင်း၊ အကယ်၍ မဲမနိုင်နိုင်အောင်လုပ်သည့်နေရာတွင် မဲမသမာမှုပေါ်ပေါက်ခဲ့၍ တပ်မတော်မှဝင်၍ ထိန်းသိမ်းခဲ့ပါက Target Plan လေးခုချခဲ့ ကြောင်း၊ ယင်းတို့မှာ CIA Channel ၊ MI-6 (အင်္ဂလိပ်ထောက်လှမ်းရေး) Channel ၊ OIC (အစ္စလာမ်နိုင်ငံများအဖွဲ့ချုပ်) Channel ၊ ဂျော့ဆိုးရော့ (OSI)တို့ဖြစ်ကြောင်း၊ တပ်မတော်မှ ရွေးကောက်ပွဲမဲမသမာမှုကြောင့် အာဏာထိန်းခဲ့သည့်အခါတွင် စင်ပြိုင်ပြည်ပြေး အစိုးရတစ်ရပ်ဖွဲ့ရန် ယခင်ကတည်းက ကြိုတင်စီမံထားပြီးဖြစ်ကြောင်း၊ ထိုသို့ကြိုတင်ရေးဆွဲထားသည့် ဇာတ်ညွှန်းတွင် သုံးမည့် ဇာတ်ကောင်များမှာ ဇင်မာအောင်၊ မိုးဇော်ဦး၊ အိသဉ္ဇာမောင်၊ မင်းကိုနိုင်၊ ဂျင်မီ၊ ဖြိုးဇေယျာသော် အစရှိသည့် ၎င်းတို့ကြိုမွေး ထားသည့်  CIA နှင့် MI-6 ကနှစ်ပေါင်း ၂၀ ခန့်ကတည်းက ကြိုတင်မွေးထားသည့်  ဇာတ်ကောင်များကို ၎င်းတို့ဖွဲ့မည့် စင်ပြိုင် အစိုးရ NUG တွင် ထည့်သုံးရန် ရေးဆွဲထားသည့် Plan ရှိကြောင်း၊ ယင်းတို့အထဲတွင်  ဇင်မာအောင်သည် ၁၉၉၈ ခုနှစ်၊ နဝတ လက်ထက်တွင် ထိန်းသိမ်းခံရပြီး ၂၀၀၉ ခုနှစ်တွင် ထောင်မှလွတ်မြောက်လာကြောင်း၊ ၂၀၁၁ ခုနှစ်တွင် အမေရိကန်နိုင်ငံတွင်ရှိသည့် သမ္မတ ရော်နယ်ရီဂန်ကိုယ်တိုင်ဦးဆောင်ပြီး  ၁၉၈၃ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သည့် (National Endowment For Democracy၊ NED) ဆိုသည့် အလွန်ကြီးမားသော အမေရိကန်က ဘီလီယံချီထောက်ပံ့ထားသည့် ရန်ပုံငွေများကိုအသုံးပြုပြီး NED Branch အနေဖြင့် ဇင်မာအောင် ဦးဆောင်ပြီး ရန်ကုန်နိုင်ငံရေး သိပ္ပံဆိုပြီးထူထောင်ခဲ့ကြောင်း၊ တစ်နည်းအားဖြင့် ဇင်မာအောင်သည် CIA လက်ခွဲဖြစ် သည့် NED ၏ ငွေကြေးအထောက်အပံ့ဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးသိပ္ပံထူထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဇင်မာအောင်သည် CIA ၏လူဖြစ်ကြောင်း၊ NUG တွင် နိုင်ငံခြားရေး ဒုတိယဝန်ကြီးလုပ်နေသည့် မိုးဇော်ဦးသည် MI-6 မှဖြစ်ကြောင်း၊ ၎င်းသည် ၂၀၀၉ ခုနှစ်တွင် ထောင်မှလွတ်မြောက်လာပြီး ထိုင်းနိုင်ငံသို့ထွက်သွားကြောင်း၊ ထိုမှတစ်ဆင့် MI-6 ကိုချိတ်ဆက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် NLD အစိုးရဖြစ်လာသည့်အခါတွင် ဒေါ်အောင်ဆန်းစုကြည်ရုံးအဖွဲ့တွင် Chief of staff ဖြစ်လာကြောင်း၊ ၎င်းကို ၂ နှစ်အကြာ တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အင်္ဂလန်သို့စေလွှတ်ပြီး Master ထပ်မံယူစေခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် မိုးဇော်ဦး ပြန်ရောက် လာပြီး ဒေါ်အောင်ဆန်းစုကြည်၏ အရေးကြီးဆုံးရုံးအဖွဲ့၏ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ဇင်မာအောင်နှင့်မိုးဇော်ဦး အပါအဝင် ပြည်ပြေးအားလုံး၏ ပြဿနာသည် မြန်မာနိုင်ငံတွင် ပြည်ပြေးသုံးဆက်ရှိခဲ့ကြောင်း၊ ၁၉၇၀ တွင် ဦးနုမျိုးဆက်၊ မိမိတို့ ဒုတိယမျိုးဆက်၊ တတိယမှာဇင်မာအောင်တို့ မိုးဇော်ဦးတို့ မျိုးဆက်ဖြစ်ကြောင်း၊ ယခုကဲ့သို့ဖြစ်လာမှသာ ၎င်းတို့လှုပ်ရှားမှု အစီအစဉ် ရှိလာမည်ဖြစ်သည့်အတွက် ကြိုတင်ကြံစည်ထားပြီး တပ်မတော်အာဏာ ထိန်းနိုင်သည့်ဖြစ်စဉ်ကို ကြိုတင်စောင့်ဆိုင်းပြီး ဇာတ်ညွှန်း ဆွဲထားပြီးဖြစ်ကြောင်း၊ NCGUB ဒေါက်တာ စိန်ဝင်းခေါင်းဆောင်သည့် အမျိုးသားညွန့်ပေါင်းအစိုးရ စင်ပြိုင်အစိုးရမာ နယ်ပလော၌ ဖွဲ့စဉ်က မိမိကိုယ်တိုင်မီခဲ့ကြောင်း၊ KNU ဘက်နှင့် ဗိုလ်ချုပ်ဘရန်ဆိုင်း၊ ဗိုလ်ချုပ်မြဘက်နှင့် ထောင်လိုက်သော်လည်း နောက်ပိုင်း တွင် တော်လှန်ရေးရန်ပုံငွေများ အလွဲသုံးစားမှုများ ဖြစ်လာသည့်အခါတွင် ဒေါက်တာစိန်ဝင်း၊ ဦးဘိုလှတင့်တို့ကို ဖြုတ်ချရန် အတွက် မိုးသီးဇွန်တို့ပါသည့်အဖွဲ့မှ ဖြုတ်ချရန် ကြိုးစားမှုပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့လုပ်ဆောင်ရာတွင် ဒေါက်တာစိန်ဝင်းသည် ဒေါ်အောင် ဆန်းစုကြည်၏ မောင်တစ်ဝမ်းကွဲဖြစ်နေသည့် အချက်တစ်ချက်ကြောင့် ဖယ်ရှားရန်ကိစ္စမှာ လုံးဝမဖြစ်နိုင်ခဲ့ကြောင်း၊ ထိုအချိန်တွင် မိမိတို့ အင်မတန်အားကိုး အားထားပြုရသည့် ခေါင်းဆောင်ကြီးတစ်ဦးက “ငါတော့မပါဘူး။ မင်းတို့ဖြုတ်ချ။ ဘာဖြစ်လို့ ခင်ဗျားမပါရတာလဲ မေးတော့ ငါတို့ရဲ့ မြန်မာ့ပြည်ပနိုင်ငံရေးဟာ ငါတို့ရဲ့ Life Carrier ဖြစ်နေတယ်ကွ။ ဒါကိုငါတို့ စဉ်းစားဖို့လိုတယ်။ ဒေါက်တာစိန်ဝင်းကို ငါတို့တိုက်လို့မရဘူး” ဟုပြောဆိုခဲ့ကြောင်း၊ ဆိုလိုသည်မှာ ပြည်ပြေးများသည် မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုသည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ် သတ်မှတ်ထားသည်ဆိုသည့်အချက်ကို သိရသည်အခါတွင် မိမိအနေဖြင့်များစွာ တုန်လှုပ်ခဲ့ရကြောင်း၊ ထို့ကြောင့် မိမိပြောလိုသည်မှာ ဇင်မာအောင်တို့ မိုးဇော်ဦးတို့သည် CIA၊ MI-6၊ NED၊ OSI တို့က ကြိုတင် ရွေးချယ်ထားသည့် လူများသာ NUG မှာပါ၍ရကြောင်း၊ ထိုသို့မဟုတ်သည့် ထီရောင်းသူ၊ စာချုပ်ရောင်းသည့်သူများ၊ မြန်မာနိုင်ငံမှ နေအိမ်များ အဆုံးရှုံးခံပြီး မြန်မာနိုင်ငံတွင်သိန်းပေါင်း၊ သန်းပေါင်းများစွာ ပိုင်ဆိုင်မှုများကို စွန့်လွှတ်ပြီး ပြည်ပြေးအဖြစ် အမေရိကန် ကို ရောက်သွားသည့် ဆယ်လီများ၊ စာချုပ်ရောင်း၊ ထီရောင်းပေးနေသူများ၊မင်းမော်ကွန်းတို့ကဲ့သို့ ထိုင်းနယ်စပ်တွင်ဂိန်နေရသူများ၊ အနုပညာရှင်များ ထောင်ထဲရောက်ပြီး ဘဝပျက်သူများ၊ အနုပညာရှင်များနှင့် မြန်မာနိုင်ငံမှဆယ်လီများသည် အသုံးချခံသက်သက် ဖြစ်ကြောင်း၊ ၎င်းတို့ကို NUG မှ အရဝကဖ(အရက်ဝယ်ကြက်ဖမ်း) အဆင့်သာ သတ်မှတ်ထားကြောင်း၊ ယင်းတို့သည် NUG မှာနေရာ ရလာမည်မဟုတ်ကြောင်း၊ နေရာပေးရန်လည်း အစီအစဉ်မရှိကြောင်း၊ NUG ၏အဓိက နိုင်ငံခြားရေးဌာန၊ ဘဏ္ဍာရေးဌာနတို့က CIA၊ MI-6၊ NED၊ OSI၊ ဂျော့ဆိုးရော့ကိုင်ထားသည့် Story ရွေးချယ်ထားသည့်သူများသာ ၎င်းနေရာကိုရနိုင်မည်ဖြစ်ကြောင်း၊ ယင်းကို မိမိအနေဖြင့် သိစေလိုကြောင်း၊ မည်သူတွေမည်မျှ အနစ်နာခံခဲ့သည်ဖြစ်စေ လမ်းမများပေါ်၌သေ၊ တောထဲ၌သေ၊ စစ်ကိုင်းတိုင်း၌ ကြိုက်သလောက်သေပါစေ၊ ထိုသူများသည် NUG အစိုးရတွင် မည်သည့်အချိန်မှာမှ နေရာရလာမည်မဟုတ်ကြောင်းကို ညီငယ်များ ကို ဆယ်လမွန်စိတ်ဓာတ်ဖြင့် ပြောလိုကြောင်း၊ မိမိတို့သည် ဆယ်လမွန်ငါးကဲ့သို့ မိမိဇာတိမြေကို သေဖို့ရောက်လာကြသူများသာ ဖြစ်ကြောင်း၊ မိမိတို့ခန္ဓာကိုယ်ကိုကျွေးပြီး နောက်မျိုးဆက်ကို ရှင်သန်ဖို့လုပ်ရမည့် အချိန်ရောက်နေပြီဖြစ်ကြောင်း၊ မိမိသမိုင်းကို ချနင်းပြီး ပြောခြင်းဖြစ်ကြောင်း၊ ပြည်ပြေးလုပ်ရန်ကြိုးပမ်းနေသူများ၊ ပြည်ပြေးလောကထဲမှညီငယ်များ၊ အကြမ်းဖက် တိုက်နေသည့် စစ်ကိုင်းတိုင်းထဲမှ ညီငယ်များကိုပြောလိုသည်မှာ “မင်းတို့ဘယ်တော့မှ ဘာမှဖြစ်မလာဘူး ။ သူတို့ CIA ၊ MI-6 ၊ NED ၊ OSI က သူတို့လူတွေ၊ ဇင်မာအောင်၊ မိုးဇော်ဦး၊ အိသဉ္ဇာမောင်၊ မြအေး၊ မင်းကိုနိုင်၊ ဂျင်မီ၊ ဇေယျာသော်တို့ကို သူတို့ သတ်မှတ်ရွေးထား ပြီးဖြစ်တယ်” ဒေါ်အောင်ဆန်းစုကြည် အလွန်ဆိုသည်ကို ဇာတ်ညွှန်းဆွဲထားပြီး အဆိုပါ Plan ကိုဆွဲထားခြင်းဖြစ်သောကြောင့် မည်သူတို့ သေသေ၊ မည်သူဘာဖြစ်ဖြစ်၊သူဌေးများလည်း ဘဝပျက်၊ PDF များလည်းလမ်းပေါ်မှာသေ၊ စစ်ကိုင်းတိုင်း ဒေသကြီးထဲ၌ ဆိုလည်း ဘဝများပျောက်ကုန်ပြီဖြစ်ကြောင်း၊ သို့သော်လည်း ဘာမှဖြစ်လာမှာမဟုတ်ကြောင်း၊ မိမိတို့ပါဝင်ခဲ့သည့် ၁၉၈၈ ကဲ့သို့ပင် ၂၀၂၁ NUG အစိုးရသည်လည်း တော်လှန်ရေးထဲတွင်လုပ်စားပြီး လူထုရန်ပုံငွေနှင့်ရပ်တည်ပြီး ကျဆုံးသွားမည်ဆိုသည့် သံသရာသာ လည်သွားမည်ဖြစ်ကြောင်း၊ အထက်ပါအကြောင်းအရာများကို မိမိအနေဖြင့် ယခုကဲ့သို့သတင်းစာရှင်းလင်းပွဲတွင် ရှင်းပြခွင့်ရသည့် အတွက် သတင်းစာရှင်းလင်းပွဲကျင်းပပေးသည့် နိုင်ငံတော်အစိုးရကိုကျေးဇူးတင်ရှိပါကြောင်း၊ မိမိမေးမြန်းလိုသည်မှာ NUG အကြမ်းဖက် နိုင်ငံခြားရေးဝန်ကြီး ဇင်မာအောင်နှင့် ဒုတိယဝန်ကြီး မိုးဇော်ဦးတို့သည် ဝါရှင်တန်ဒီစီကိုမေလ ၁၂ ရက်နေ့ ၁၃ ရက်နေ့တွင် ကျင်းပသည့် US-Asean Summit အပြီးနောက်တစ်ရက် မေလ ၁၄ ရက်နေ့တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Abdullah နှင့်တွေ့ဆုံဆွေးနွေးပြီး တရားဝင်သတင်းထုတ်ပြန်ထားသည်ကိုတွေ့ရကြောင်း၊ ဇင်မာအောင်တို့ကိုအမေရိကန်အစိုးရက ခိုးလမ်းက သွင်းပေးပြီး ညီလာခံအပြီးမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးနှင့် ပေးတွေ့သည့်အမေရိကန်၏လုပ်ရပ်သည် နိုင်ငံကြီးသား ပီသမှုမရှိသည့် လုပ်ရပ်ဖြစ်သကဲ့သို့ မလေးရှားနိုင်ငံသည်လည်း အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံဖြစ်ပြီး မိမိတို့မြန်မာနိုင်ငံနှင့် ဒေသတွင်း နိုင်ငံလည်းဖြစ်သကဲ့သို့ သမိုင်းအစဉ်အလာလည်းရှိသည့် နိုင်ငံတစ်နိုင်ငံက မြန်မာနိုင်ငံ၏နောက်ကျောကို ဓားနှင့်ထိုးသည့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ပြည်သူ ၅၄ သန်း၏ ဂုဏ်သိက္ခာကို စော်ကားမော်ကားလုပ်ပြီး အကြမ်းဖက် NUG အဖွဲ့မှ ဇင်မာအောင်ကို တွေ့ဆုံသည့်လုပ်ရပ်သည် ပြင်းပြင်းထန်ထန်တုံ့ပြန်မှသာ နိုင်ငံ၏ဂုဏ်သိက္ခာနှင့် မိမိတို့သမိုင်းရှိတော့မည်ဖြစ်သည့် အတွက်ကြောင့် မလေးရှားနိုင်ငံ၏ လုပ်ရပ်၊ ဇင်မာအောင်တို့ NUG အကြမ်းဖက်ကို တွေ့ဆုံသည့် လုပ်ရပ်အပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် မည်သို့ ပြင်းပြင်းထန်ထန်တုံ့ပြန်ဖို့ အစီအစဉ်ရှိပါသလဲဆိုသည်ကို သိလိုကြောင်း မေးမြန်း သည်။

ဗိုလ်ချုုပ်ဇော်မင်းထွန်းက ယင်းကိစ္စနှင့်ပတ်သက်ပြီး အပိုင်းနှစ်ပိုင်းခွဲခြား ဖြေကြားလိုကြောင်း၊ အတွေ့အကြုံနှင့် လက်ရှိဖြစ်နေ သည်များကို သုံးသပ်ပေးသွားသည်ကို ကျေးဇူးတင်သည်ဟု ပြောလိုကြောင်း၊ ကိုမိုးဟိန်းအနေဖြင့် ကိုယ်တိုင်လည်း ၁၉၈၈ အရေး အခင်းတွင် ကျောင်းသားခေါင်းဆောင်လုပ်ခဲ့သကဲ့သို့ ကိုယ်တိုင်လည်း တောထဲကိုရောက်ဖူးကြောင်း၊ ကိုယ်တိုင်လည်း ပြည်ပတွင် နေထိုင်ခဲ့ပြီးဖြစ်၍ ဤသို့သောအရေးလှုပ်ရှားသူဖြစ်၍ တစ်ယောက်အကြောင်း တစ်ယောက်သိသူများဖြစ်သဖြင့် အတွေ့အကြုံနှင့် ယှဉ်၍ ပြောဆိုသွားသည်ကို တွေ့ရကြောင်း၊ မိမိအနေဖြင့် မကြာသေးခင်ရက်ပိုင်းအတွင်းက ပြည်ပတွင်ရှိနေသည့် Facebook ပေါ်က ဆယ်လီတစ်ယောက်သည် ၎င်းကိုယ်တိုင် NUG ၏ ငွေတိုက်စာချုပ်များကို မရောင်းတော့ဟူ၍ တင်ထားသည်ကို တွေ့ရှိကြောင်း၊ NUG ကဝန်ကြီးများကို ပြောသည့်အခါတွင်လည်း ၎င်းတို့သည် သဘောထားတစ်ခုတည်း ဖြစ်သည်ဟူ၍ တွေ့ရှိရကြောင်း၊ မိမိတို့တွေ့ရ သည်ဆိုသည်မှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သုံးသပ်သူများရေးထားသည်များ ကိုတွေ့ရ ကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ၎င်းတို့သည် ကြိုတင်စီမံချက်ချထားပြီးဖြစ်ကြောင်း၊ ကျန်သည့်သူများကိုတော့ မိမိတို့နိုင်ငံ အတွင်းတွင် စစ်ကိုင်း၊ မကွေး၊ ချင်းတို့တွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်နေကြောင်း၊ လက်နက်ကိုင် ပဋိပက္ခဖြစ်သည့် နောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်ဘက်မှရော အကြမ်းဖက်ဘက်ကရော ဆုံးရှုံးမှုများဖြစ်ပွားကြောင်း၊ ထိုဆုံးရှုံးခြင်းသည် မြန်မာနိုင်ငံသားများ ဆုံးရှုံးခြင်းသာဖြစ်ကြောင်း၊ ယင်းဆုံးရှုံးမှုသည် မိမိတို့နိုင်ငံကို သာထိခိုက်ခြင်းဖြစ်ကြောင်း၊ ပြည်ပြေးများ ခိုလှုံနေသည့် နိုင်ငံကို ထိခိုက်ခြင်းမဟုတ်သကဲ့သို့၊ ပြည်ပြေးများကိုလည်းထိခိုက်ခြင်းမဟုတ်ကြောင်း၊ ထို့အတူ အပြင်မှလှုံ့ဆော်နေသည့်သူများကိုလည်း ထိခိုက်ခြင်းမဟုတ်ဆိုသည်ကို ပြည်သူများအနေဖြင့် အသိသတိရှိစေရန်ပြောလိုကြောင်း၊ အဆိုပါဖြစ်စဉ်များသည် ယင်းခရီးစဉ်နှင့် တိုက်ဆိုင်နေသည်ဟုလည်း မြင်မိကြောင်း၊ ဇင်မာအောင်တို့ အမေရိကန်ရောက်ပြီး မကြာခင်မှာ ယင်း Facebook ဆယ်လီ၏ ဖြစ်စဉ်ကို ပေါ်လာသည်ကိုတွေ့ရကြောင်း၊ အနုပညာဆန်ဆန်ပြောရလျှင်မာမာအေးဆိုထားသည့် အချစ်သေလို့ ဝင်စားသည် ဆိုသည့်သီချင်းကို ပမာပြုပြောလိုကြောင်း၊ အချစ်သေသွားမှ ဆိုဖြစ်သည့်သီချင်းလို၊ လူသေတာမဟုတ်ဘဲ အချစ်ကကြေကွဲသွားမှ ပွင့်ထွက်လာသည့်သံစဉ်များ၊တစ်နည်းအားဖြင့် အစစ်အမှန်ရင်ဖွင့်သံများဟုသာမှတ်ယူကြောင်း၊ မိမိတို့ပြည်တွင်းထဲတွင်ရှိနေသည့် တိုင်းရင်းသား လုပ်သားပြည်သူများ၊ လူငယ်လူရွယ်များအနေဖြင့် ၎င်းတို့၏ တက်ကြွမှုကို အသုံးချခံဖြစ်နေသည်ကို သတိပြုရန် လိုကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း အဆိုပါကိစ္စများကို သတိပြုရန်လိုကြောင်း၊ ထို့အတူ တာဝန်ရှိသူများအနေဖြင့် သတိပေးရန် လိုအပ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး အကြမ်းဖက် အဖွဲ့က အမေရိကန်နှင့်မလေးရှားတွင် တွေ့ဆုံခဲ့သည်ဟု သိရကြောင်း၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက်အဖွဲ့ဖြစ်သည့် ြ့ွ ကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်းသည် အကြမ်းဖက် အားပေးရာရောက်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေပြီးနိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေး သဘောတူညီချက်များကို ချိုးဖောက်ရာရောက်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာကန့်ကွက်သည့် အကြောင်းအား မလေးရှားအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များအနေဖြင့် နောက်နောင် အလားတူထိတွေ့မှု ဆက်ဆံမှု မပြုလုပ်ရေး မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း၊ ရန်ကုန်မြို့ရှိ မလေးရှားသံရုံးမှ သံရုံးယာယီ တာဝန်ခံကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနကိုခေါ်ယူ၍ ကန့်ကွက်ပြောဆိုမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါ ဆွေးနွေးပွဲများနှင့် ပတ်သက်၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဆိုသူက အခြားနေရာနှင့်တွေ့ဆုံရာတွင် ဘာတောင်းခဲ့သလဲဆိုလျှင် ၎င်းတို့နိုင်ငံတွင် မြန်မာဒုက္ခသည်ပေါင်း နှစ်သိန်းခွဲရှိကြောင်း၊ ဘင်္ဂါလီဒုက္ခသည်ပေါင်း တစ်သိန်းကျော်နီးပါးရှိကြောင်း၊ အဆိုပါဒုက္ခသည်များအတွက် ထောက်ပံ့မှုများလုပ်ပေးရန် လိုအပ်ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ပြောရလျှင် မျောက်ပြဆန်တောင်းအဆင့်ကျော်သွားပြီး မျောက်ကနေသည်ကို ကမ္ဘာကိုလှည့်ပြရောင်းနေသဖြင့် မျောက်ကလည်ရောင်းအဆင့်ဟုသာ မြင်ကြောင်း၊မိမိတို့နိုင်ငံသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထုလိုလားတောင်းတသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို အာမခံထားကြောင်း၊ ပြည်သူလူထုလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို အာမခံပြီး ဖြစ်ကြောင်း၊ ထိုအတိုင်းသာ ဆက်လက်လျှောက်လှမ်းမည်ဖြစ်ကြောင်း၊ ထိုသို့လျှောက်လှမ်းရာတွင် ၎င်းတို့၏လိုအင်ဆန္ဒများ၊ နိုင်ငံရေးအတ္တများကြောင့် ဖြစ်ပေါ်လာသည်များကို အသုံးချပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးခြင်းများ၊ နိုင်ငံတော် ကို နိုင်ငံတကာ၌ သိက္ခာကျစေမည့်လုပ်ရပ်များ လုပ်ဆောင်နေမှုနှင့်ပတ်သက်ပြီး ပြည်သူလူထုတစ်ရပ်လုံးမှလည်း အကြမ်းဖက် သမားများကို ဝိုင်းဝန်းဆန့်ကျင်ကြရန် ပြောကြားလိုကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ထားကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီးနိုင်ငံခြားရေးမူဝါဒနှင့်အညီ လိုအပ်သည့် ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မလေးရှား နိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုမှုများနှင့် ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန မှစုစုပေါင်းကန့်ကွက်လွှာ ငါးကြိမ်ပေးပို့ခဲ့ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီး သီးသန့်အစည်းအဝေးတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးမှ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG နှင့် NUCC တို့နှင့် တွေ့ဆုံဖို့ဆိုပြီး အဆိုပြုခဲ့သည့် ကိစ္စတစ်ခုရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ မိမိတို့ကန့်ကွက်ခဲ့ကြောင်း၊ ၎င်းအစည်းအဝေး မတိုင်မီတွင် မလေးရှားဝန်ကြီးက အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG နှင့် NUCC မှ ကိုယ်စားလှယ်များနှင့်အွန်လိုင်းမှ ပြုလုပ်ခဲ့သည့် ကိစ္စများနှင့်ပတ်သက်ပြီး သိရှိရသည့်အချိန်တွင်လည်း မိမိတို့ကန့်ကွက်ခဲ့ကြောင်း၊ မလေးရှားသတင်းများတွင် ဖော်ပြသည့် NUG နှင့်အလွတ်သဘောတွေ့ဆုံရန် အာဆီယံအစည်းအဝေးတွေမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အဆိုပြုမည် ဆိုတုန်းကလည်း ထပ်မံကန့်ကွက်ခဲ့ပါကြောင်း၊ နောက်ဆုံး ၂၀၂၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ဝါရှင်တန်၌ ပြုလုပ်သည့် တွေ့ဆုံမှုအပြီးတွင် ကန့်ကွက်ခဲ့ကြောင်း၊ ရန်ကုန်မြို့တွင်ရှိသည့်သံရုံးယာယီတာဝန်ခံကိုလည်း နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဌာနကိုခေါ်ပြီး ကန့်ကွက်ပြီး NUG ၏ဆောင်ရွက်ထားသည့် အကြမ်းဖက်မှုနှင့်ပတ်သက်သည့် အထောက်အထားများကိုလည်း လက်ရောက်ပေးခဲ့ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံတကာကျင့်ဝတ်များနှင့်အညီ မူဘောင် အတွင်းမှ နိုင်ငံတကာသံတမန်ဆက်ဆံရေး သဘောတူညီချက်(၁၉၆၁ ဗီယင်နာကွန်ဗင်းရှင်း)မူဘောင်အတွင်းမှနေပြီး နိုင်ငံခြားရေး ဝန်ကြီး ဌာနအနေဖြင့် အစဉ်ကန့်ကွက်ထောက်ပြလျက်ရှိကြောင်းဖြင့် ဖြည့်စွက်ဖြေကြားသည်။

အဆာဟိရှင်ဘွန်းသတင်းဌာနမှ ဌာနေ သတင်းထောက် ဒေါက်တာဇော်သန်းက မကြာမီ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး မည်သည့်အရေးကြီးသည့် အကြောင်းအချက်များကို ဆွေးနွေးလာနိုင် သည်ကို သိလိုကြောင်းနှင့် မကြာခင်က UK နိုင်ငံမှ သံအမတ်ကြီးအဆင့်က သံရုံးယာယီတာဝန်ခံအဆင့်ကို လျှော့ချပြီး မြန်မာနိုင်ငံနှင့် Diplomatic Relation အဆင့်ကို လျှော့ချခဲ့ကြောင်း၊  သြစတြေးလျနိုင်ငံမှလည်း ထိုသို့ပြုမူ ဆောင်ရွက်မည်ဟု ပြောဆိုမည်ဟု ကြားသိရကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မည်သို့တုံ့ပြန် ဆောင်ရွက်မည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် ပတ်သက်ပြီး မေလ ၂၀ ရက်နေ့တွင် စတင်ဆွေးနွေးမည်ဖြစ်ကြောင်း၊ တစ်ဖွဲ့ချင်း ဆွေးနွေးမည်ဖြစ်ကြောင်း၊ ပထမဆုံး ဆွေးနွေးမည့်အဖွဲ့မှာ RCSS/SSA အဖွဲ့ဖြစ်ကြောင်း၊ ယနေ့နေပြည်တော်သို့ ရောက်ရှိ နေပြီဖြစ်ကြောင်း၊ တစ်ဖွဲ့ချင်းစီဆွေးနွေးမည်ဖြစ်သည်ကို ယခင်ကတည်းက ပြောပြီးဖြစ်ကြောင်း၊  ယင်းသို့ဆွေးနွေးပြီး အဆိုပါ အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်း၊ လိုအပ်ပါက ထပ်မံဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ အလားတူနောက်ထပ်တစ်ဖွဲ့နှင့် ၃ ရက်အကြာတွင် ထပ်မံတွေ့ဆုံရန်ရှိကြောင်း၊ သုံးရက်ခန့်ခြားပြီး၊ နောက်ထပ် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်မှ ပြောပြီးဖြစ်ကြောင်း၊ ဆွေးနွေးရာတွင် ပုံစံ ၄ မျိုးနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ပထမတစ်ချက် အနေဖြင့်  EAOs အဖွဲ့များ၏ လိုအင်ဆန္ဒများ၊ ဒုတိယအချက်မှာ ယင်းလိုအင်ဆန္ဒများအထဲမှ နိုင်ငံတော်အစိုးရ၏ လိုလားချက်များ၊ တတိယအချက်အနေဖြင့် အဆိုပါအချက်နှစ်ချက်ကြားတွင် ၎င်းတို့၏ လိုအင်ဆန္ဒနှင့် နိုင်ငံတော်အစိုးရ၏ လိုလားချက်များ၏ ကြားထဲတွင် လက်ရှိလုပ်ဆောင် ပေးနိုင်သည့် အကြောင်းအချင်းအရာများ၊ နောက်ဆုံးအချက်မှာ နောင်အနာဂတ်တွင် လုပ်ဆောင် ပေးနိုင်သည့်အရာများ၊ ကြိုတင်စီမံပြီးမှ တဖြည်းဖြည်းလုပ်ဆောင်သွားရမည့် အရာများနှင့်ပတ်သက်ပြီး မည်သို့ဆောင်ရွက်နိုင် မည်ကို အပိုင်းခွဲခြားပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး ထပ်မံပြောလိုသည်မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် အာမခံသည်မှာ ၎င်းဆွေးနွေးပွဲတွင် ရလဒ်တစ်ခုထွက်ပေါ်လာအောင် ဆွေးနွေးမည်ဟုပြောထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် သတင်းစကားပါးလိုသည်မှာ ယင်းဆွေးနွေးပွဲသည်   အဆုံး အဖြတ် ပေးနိုင်မည့်သူများ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း၊ ရိုးသားပွင့်လင်းစွာဖြင့် ဆွေးနွေးသွားမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အဖြေတစ်ခု၊ ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းတစ်ခု ရလဒ်ကောင်းထွက်ပေါ်လာသည်အထိ    ဆွေးနွေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဆွေးနွေးပွဲများနှင့်ပတ်သက်ပြီး မိမိတို့ တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီ ထောက်ပံ့အားပေးရန်ပြောလိုကြောင်း၊ သတင်းထောက်ကြီးမေးမြန်းသည့် အင်္ဂလန် သံအမတ် ကိစ္စနှင့် ပတ်သက်ပြီး မီဒီယာများကိုပြောပြီးဖြစ်ကြောင်း၊ အင်္ဂလန်သံအမတ်၏ ခန့်အပ်လွှာကို မပေးဘဲနှင့် ထွက်ခွာခြင်းမျိုးရှိ ကြောင်း၊ သံရုံးယာယီတာဝန်ခံသဘောမျိုးနှင့် ဝင်လာမည့်ပုံစံမျိုးရှိကြောင်း၊ မိမိသိရသလောက် ပြောရလျှင်ထိုင်းနိုင်ငံမှ အင်္ဂလန်သို့ ပြန်သွားသည်ဟု အခြားသောသတင်းများအရ သိရှိရကြောင်း၊ နိုင်ငံတကာဆက်ဆံရေးတွင် သံခင်းတမန်ခင်းနှင့်ပတ်သက်၍ သိမ်မွေ့ နက်နဲပါကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသားအကျိုးစီးပွားကိုရှေးရှုပြီး တုံ့ပြန်မှုများ၊ သတိပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာသံတမန်ရေးရာတွင် သံရုံးတစ်ရုံးမှ မြန်မာနိုင်ငံမှ ရုပ်သိမ်းသွားခြင်းမရှိသေးကြောင်း၊ ယင်းကိုလည်း ပြန်ကြည့် ရမည်ဖြစ်ကြောင်း၊ သံတမန်အဆင့် လျှော့ချသည်ဖြစ်စေ၊ သံတမန်အဆင့်မလျှော့ချဘူးဖြစ်စေ၊ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ယင်းကိစ္စများသည် ၎င်းတို့နိုင်ငံများ၏ သဘောထားများသာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံခြားရေးမူဝါဒနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အမျိုးသားအကျိုးစီးပွားကိုကြည့်ပြီး တုံ့ပြန်သင့်သည်များကို တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက UK သံအမတ်နှင့်ပတ်သက်ပြီး ၎င်းအနေဖြင့် သံအမတ် ခန့်အပ်လွှာကိုပေးရန်  ငြင်းဆို သည့်အတွက် ၎င်းကို ၎င်းနိုင်ငံ၌သာစောင့်ရန်၊ သံတမန်၏ ကျင့်ဝတ် လုပ်ထုံးလုပ်နည်းအရ ခန့်အပ်လွှာ ပေးရန်ရည်ရွယ်ပြီးလာခြင်းကို ဒီဘက်ကလည်း လက်ခံဖို့အတွက်လုပ်ထားသော်လည်း ပျက်ကွက်သည့်အတွက် မြန်မာနိုင်ငံဘက်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ ၎င်း၏နိုင်ငံတွင် ပြန်စောင့်ရန်ပြောသည့်အခါယင်းဘက်မှ သံရုံးယာယီ တာဝန်ခံ အနေဖြင့်သာ ထားလိုသည်ဆိုသဖြင့် နောက်အသစ်တစ်ယောက်ကိုသာ လက်ခံမည်ဆိုပြီး ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ သြစတြေးလျနှင့် ပတ်သက်ပြီး  ၎င်းတို့သံအမတ်ကြီးသည် တာဝန်ထမ်းဆောင် ကာလပြီးဆုံးသည့်အတွက် ပြန်သွားပြီးသည့်အခါ တွင် သံအမတ်ကြီးနေရာအား သံရုံးယာယီတာဝန်ခံအနေဖြင့် အစားထိုးခန့်မည်ဆိုပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့ဘက်မှလည်း သံတမန်ကျင့်ဝတ်လုပ်ထုံးလုပ်နည်းအရ အပြန်အလှန်တုံ့ပြန်သည့်အနေဖြင့် မိမိတို့ဘက်မှလည်း   သံရုံးယာယီ တာဝန်ခံသာထားရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။

နေပြည်တော်အွန်လိုင်းသတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က မိမိတို့ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကိုအခြေခံပြီး အဓိက ထားကိုးကွယ်သည့် နိုင်ငံဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် ဗုဒ္ဓဘာသာကို မြန်မာတစ်နိုင်ငံလုံး၏ဘာသာဖြင့် အသိအမှတ်ပြုပြီး တရားဝင် ကြေညာထားတာရှိကြောင်း၊ ဗုဒ္ဓဘာသာကို အိမ်ရှင်နိုင်ငံအဖြစ် တရားဝင်ကြေညာထားသော်လည်း၊ အခြားဘာသာဝင်များ လည်း လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ပြုထားကြောင်း၊ ဗုဒ္ဓဘာသာဝင်များသည် မည်သည့်ဘာသာဝင်များကိုမှ စော်ကား တိုက်ခိုက်ခြင်း မပြုခဲ့ကြောင်း၊ သို့သော် အခြားဘာသာဝင်များမှ ဗုဒ္ဓဘာသာကို စော်ကားတိုက်ခိုက်ခြင်းများကို တွေ့ရှိရကြောင်း၊ ရဟန်းသံဃာတော် များ နေ့စဉ်သတ်ဖြတ်ခံနေရသည်ကိုလည်း တွေ့ရှိရကြောင်း၊ ဗုဒ္ဓဘာသာဝင်များသည် မည်သည့်ဘာသာဝင်များကိုမှ အကြမ်းဖက် ခဲ့ခြင်း မရှိခဲ့ကြောင်း၊ ဗုဒ္ဓဘာသာကို အကြမ်းဖက်စော်ကားနေသည့် အဆိုပါပုဂ္ဂိုလ်များကို ပြတ်သားကြီးလေးသည့် ပြစ်ဒဏ် ချမှတ်ပေးရန် ရှိ/မရှိသိလိုကြောင်းနှင့် ယနေ့အချိန်ထိ သံဃာတော်များအပါး မည်မျှလုပ်ကြံသတ်ဖြတ်ခံနေရသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်ကြီး မေးမြန်းခဲ့သည့်ကိစ္စမှာ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ၎င်း၏ ဆိုလိုချက်များကို မလွှဲစေလိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဗုဒ္ဓဘာသာကို အဓိကကိုးကွယ်ရာ ဘာသာအဖြစ်သတ်မှတ်ထားကြောင်း၊ အခြားဘာသာများကိုလည်း မြန်မာနိုင်ငံတွင် တည်ရှိနေသည့်ဘာသာများအဖြစ် အသိအမှတ်ပြုထားကြောင်း၊ မိမိတို့နိုင်ငံတွင် ဘာသာရေးနှင့် ပတ်သက်လျှင် လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိကြောင်း၊ မိမိပြောလိုသည်မှာ ကမ္ဘာ့ဒီမိုကရေစီဘိုးအေဟု ပြောသည့် နိုင်ငံမှပုဂ္ဂိုလ်များကိုဖြစ်ကြောင်း၊ ၎င်းတို့နိုင်ငံတွင် ဗလီမည်မျှရှိသည်နှင့် မြန်မာနိုင်ငံတွင် ဗလီမည်မျှရှိသည်ကို နှိုင်းယှဉ်၍ မေးလိုကြောင်း၊ ၎င်းတို့ကြီးကြီးကျယ်ကျယ် ပြောနေခြင်းကြောင့် ယခုကဲ့သို့ပြောခြင်းဖြစ်ကြောင်း၊ အရေအတွက်ချင်းကိုပင် ယှဉ်၍ရသည်ဟု မိမိပြောလိုကြောင်း၊  သတင်းထောက်ကြီး မေးမြန်းသည့်မေးခွန်းမှာ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် မေးခွန်းဖြစ် ကြောင်း၊ ဘာသာရေးနှင့်ပတ်သက်ကြောင်း၊ ဘာသာရေးကိစ္စဆိုသည်မှာ အကဲဆတ်သည့်ကိစ္စဖြစ်ကြောင်း၊ မိမိလည်း မကြာခဏ ပြောခဲ့ကြောင်း၊ ဘာသာရေးတွင် ကပြားမရှိကြောင်း၊ လူမျိုးရေးတွင် ကပြားရှိကြောင်း၊ ဘက်တစ်ဖက်တည်းကိုသာ ရပ်တည်ရသည့် အခြေအနေမျိုးဖြစ်ကြောင်း၊ ဆိုလိုသည်မှာ မိမိသည် ဗမာ-ကရင် ကပြားဖြစ်နိုင်ကြောင်း၊ သတင်းထောက်ကြီးလည်း တရုတ်-ဗမာ ကပြားဖြစ်နိုင်ကြောင်း၊ နောက်တစ်ယောက်သည် ကုလား-ဗမာ ကပြားဖြစ်နိုင်ကြောင်း၊ ဘာသာရေးတွင် ဗုဒ္ဓဘာသာ ခရစ်ယာန် ကပြားဟု မရှိကြောင်း၊ မွတ်စလင်- ခရစ်ယာန်ကပြားဟု မရှိကြောင်း၊ ဘက်တစ်ဖက်တည်းရပ်တည်ရသည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဘာသာရေးကိစ္စသည် တော်တော်လေး အကဲဆတ်သည့်ကိစ္စဖြစ်ကြောင်း၊ မိမိအနေနှင့်ပြောလိုသည်မှာ ဘာသာရေးနှင့်ပတ်သက် လာလျှင် မိမိကိုယ်ကို အစွန်းရောက်သည်ဟု မထင်ရသော်လည်း အစွန်းရောက်အဖြစ်မျိုး မဖြစ်စေရန်နှင့် အခြားလူများကိုလည်း အစွန်းမရောက်အောင် နေထိုင်သင့်သည်ဟု ပြောလိုကြောင်း၊ ဗုဒ္ဓဘာသာဝင်ရဟန်းသံဃာများ သတ်ဖြတ်ခံရသည့် အမှုအရေ အတွက်ကို ပေးလိုက်မည်ဖြစ်ကြောင်း၊ တစ်မြို့ချင်းအလိုက် အရေအတွက်များနှင့် တိုင်းဒေသကြီးအလိုက် အရေအတွက်များကို လည်း ပြသပြီးဖြစ်ကြောင်း၊ မည်သည့် နေရာများ၌ပို၍ ဖြစ်ပွားသည်ကိုလည်း Highlight ထုတ်ပြီးဖြစ်ကြောင်း၊ မည်သူများက သတ်သွားသည်ကိုလည်း သိပြီးဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး စော်ကားသည့်အပြုအမူများ၊ ဘာသာရေးစိတ်နာကြည်းစေ သည့် အပြုအမူများကို အရေးယူနိုင်ရန်အတွက် ရာဇသတ်ကြီးဥပဒေအခန်း(၁၅)ပုဒ်မ ၂၉၅ မှ ၂၉၈ အထိ ဘာသာ သာသနာဆိုင်ရာ ပုဒ်မများကို ပြဋ္ဌာန်းထားသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း၊ ထိုဥပဒေများတွင်ပါဝင်သည့် ပြစ်မှုပြစ်ဒဏ်များကို လေ့လာ ကြည့်လျှင် ထိရောက်မှုရှိသည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပုဒ်မ ၂၉၅ မှ ၂၉၈ အထိ ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်းနှင့်  ဥပဒေပါ ပြဋ္ဌာန်းချက်များမှာ တည်ဆဲဖြစ်သည့်အတွက် လတ်တလောတွင် သီးသန့် ဥပဒေပြဋ္ဌာန်းရန် အစီအစဉ် မရှိကြောင်း၊  ဘာသာရေးနှင့် ပတ်သက်ပြီး စော်ကားမော်ကားလုပ်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းများကို ထိရောက်စွာ အရေးယူသွားမည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

နေပြည်တော် အွန်လိုင်းသတင်းဌာနမှ အယ်ဒီတာချုပ် ဦးမင်းမောင်က NCA လမ်းကြောင်းပေါ်တွင် EAO အဖွဲ့များနှင့် ဆွေးနွေးရန် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ဖိတ်ခေါ်ထားသည့် အစီအစဉ်များလည်းရှိကြောင်း၊ ထိုအစီအစဉ်များမှ မည်သည့်အချိန်၊ မည်သည့် ရက်ခန့်တွင် အဖြေတစ်ခုထွက်လာမည်ကို ကြိုတင်ဖြေကြားပေး၍ရပါက ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မည်သည့်အချိန်၊ မည်သည့်ရက်ဆိုသည်ကိုပြောပေးရန်ခက်ခဲကြောင်း၊ ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယခုလအတွင်း၌ပင် ၅ ဖွဲ့၊ ၆ ဖွဲ့ခန့်ဆွေးနွေးပြီး ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ နောက်လများတွင်လည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးသည့်လုပ်ငန်းစဉ်လည်း အားလုံးသိသည့် အတိုင်း ရှည်ကြာသည့် ခရီးဖြစ်ကြောင်း၊ သို့သော် ယခုအချိန်သည် အချိန်ကောင်းဖြစ်ကြောင်း၊ အချိန်ကောင်းဟုပြောရသည်မှာ အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်သည်တစ်ခုတည်းဟု ပြော၍ရသည့်အခြေအနေဖြစ်သောကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် အချိန်ကုန်ကျမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့တွင် စိတ်တစ်ခုသာရှိရန် အရေးကြီးကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားခဲ့သကဲ့သို့ မိမိတို့လွတ်လပ်ရေးရခဲ့သည်မှာ ၇၅ နှစ်ရှိပြီဖြစ်သော်လည်း ငြိမ်းချမ်းရေး၏အရသာ၊ တိုင်းပြည်ဖွံ့ဖြိုးရေး၏ အရသာ၊ ဒီမိုကရေစီ၏အရသာကို မိမိတို့တိုင်းရင်းသား ပြည်သူများအားလုံး ပြည့်ပြည့်၀၀မခံစားရသေးကြောင်း၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အဓိကပြဿနာ၏ အရင်းအမြစ်ကို ကိုင်တွယ်နေခြင်း ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူတစ်ရပ်လုံးဝိုင်းဝန်းကူညီပေးကြရန် ပြောလိုကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ပြောနိုင်သည်မှာ တာဝန်ရှိသူများနှင့် အဆုံးအဖြတ်ပေးနိုင်သည့်သူများ တိုက်ရိုက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ တိုက်ရိုက်တွေ့ဆုံခြင်း ဖြစ်သည့်အတွက် ယခင်ကထက် ပိုမိုမြန်ဆန်သွက်လက်လာနိုင်မည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း၌ သံဃာတော်များ  အသတ်ခံရမှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ မေလ ၁၈ ရက်နေ့အထိ သံဃာ ၄၇ ပါးရှိပြီဖြစ်ကြောင်း၊ အသတ်ခံရသည့်သံဃာများတွင် ကျောင်းထိုင်ဆရာတော်ကြီးများ ပါဝင် ကြောင်း၊   အဆိုပါဒေသများ၌ ဗုဒ္ဓဘာသာဝင်အများဆုံး နေထိုင်ကြောင်း၊ ဗုဒ္ဓဘာသာတွင် မိရိုးဖလာနှင့် ကိုယ်တိုင်သက်ဝင် ယုံကြည် သည့် ဗုဒ္ဓဘာသာဝင်ဟူ၍ ၂ မျိုးရှိကြောင်း၊ ထေရဝါဒနှင့်မဟာယာနတွင် မိမိအနေဖြင့် ထေရဝါဒအပိုင်းကိုပြောလိုကြောင်း၊ မိမိ အနေဖြင့် အကြံပြုလိုသည်မှာ ကိုယ်တိုင်သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာဝင်ဖြစ်လာစေရန် နိုင်ငံတော်အစိုးရက အဓိက လုပ်ဆောင် ပေးရန် လိုအပ်သည်ဟု အကြုံပြုလိုကြောင်း၊ အဆိုပါကိစ္စလုပ်ဆောင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနတွင် အဓိက တာဝန်ရှိ ကြောင်း၊ NLD အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်သည် သတင်းစာ၏ ရှေ့ဖုံးထောင့်တွင် ပုံမှန်ဖော်ပြ လျက်ရှိသည့် ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့် ဘာသာရေး၊ ယဉ်ကျေးမှုအဆုံးအမ box များကို ဖြုတ်ချပစ်ရန် ဆုံးဖြတ်ခဲ့သည်ကို တွေ့ရကြောင်း၊ မြန်မာလူငယ်များအနေဖြင့် ဘာသာရေးယဉ်ကျေးမှုနှင့် တဖြည်းဖြည်း ကင်းကွာလာသည်ကိုတွေ့ရကြောင်း၊    ယခုအခါ ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ဖော်ပြလျက်ရှိသည်ကိုတွေ့ရကြောင်း၊ ဘာသာရေးနှင့်ပတ်သက်ပြီး ဘုရား ဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များကို ပါဠိဘာသာနှင့် မြန်မာဘာသာဖြင့် ပုံမှန်ဖော်ပြပြီး ဗုဒ္ဓဝင်အကျဉ်းကို နေ့စဉ် ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြပေးနိုင်လျှင် ဘာသာတရား၏ အနှစ်သာရကို သိရှိလာကြပြီး ယခုကဲ့သို့ ဖြစ်စဉ်မျိုးရှိလာနိုင်မည်မဟုတ်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း၊ ထပ်မံအကြံပြုလိုသည့်ကိစ္စမှာ တစ်နိုင်ငံလုံးနှင့် ဆိုင်သည့် လျှပ်စစ်မီးကိစ္စဖြစ်ကြောင်း၊ ယခုအခါ လျှပ်စစ်မီး မကြာခဏ ပျက်နေကြောင်း၊ မိုးအကြိုကာလတွင် လေပြင်းတိုက်ခတ်မှု ကြောင့်   လျှပ်စစ်မီးပျက်နိုင်ကြောင်း၊ မိုးအကြိုကာလတွင် လျှပ်စစ်ဝန်ထမ်းများအနေဖြင့် ဓာတ်ကြိုးနှင့် မလွတ်သည့် သစ်ကိုင်းများ ကိုခုတ်ထွင်ရှင်းလင်းမှုများရှိကြောင်း၊ ထိုကဲ့သို့ရှင်းလင်းရာတွင် လျှပ်စစ်ဝန်ထမ်းများအနေဖြင့် တချို့အိမ်ရှင်များက မဟာဓာတ်အား လိုင်းကြိုးနှင့် မလွတ်သည့်သစ်ပင်များကို ခုတ်ခွင့်မပြုကြကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်က အမြန်ဆုံးထိထိ ရောက် ရောက်ဆောင်ရွက်ပေးစေလိုကြောင်း၊  လျှပ်စစ်မီးမပြတ်တောက်ဘဲ ပုံမှန်ရရှိစေလိုကြောင်း၊ လျှပ်စစ်မီတာ ဈေးတက်သည့်ကိစ္စတွင် နေပြည်တော်ရှိ မိမိနေအိမ်တွင် မီတာ box အသစ်ပြောင်းလဲတပ်ဆင်ခြင်းကို ပြီးခဲ့သည့် ဧပြီလက စတင်ခြင်းကြောင့် မီတာခ ၂၅၀၀ ကျပ်ခန့်ကွာနေကြောင်း၊ တချို့အိမ်များတွင် ၆၀၀၀၀ ခန့်ကွာကြကြောင်း၊ မိုးတွင်းကာလမရောက်မီ ဓာတ်ကြိုးနှင့် မလွတ် သည့် သစ်ပင်များကို ခုတ်လှဲခြင်းဖြင့်  ပြည်သူများ လျှပ်စစ်မီးပုံမှန် သုံးစွဲရမည်ဖြစ်ကြောင်း၊ အခန့်မသင့် လျှင် သစ်ပင်များ လဲကျခြင်း ကြောင့်  transformers များ ပျက်စီးခြင်းများရှိကြောင်း၊ ထို့ကြောင့် ဓာတ်ကြိုးနှင့်မလွတ်သည့်သစ်ပင်များကို ရှင်းလင်းသင့်သည်ဟု အကြံပြုလိုကြောင်း ပြောကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက နိုင်ငံရေးပါတီအသိုင်းအဝိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်   ရွေးကောက်ပွဲကျင်းပမည် မဟုတ်ဟုဆိုသည့်သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးအနေဖြင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ရွေးကောက်ပွဲ ဆောင်ရွက်မည့် ကိစ္စကို ထပ်မံကတိပေးပြီးပြောခဲ့ကြောင်း၊ ယခုကဲ့သို့ သံသယဖြစ်နေသည့်ကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်စေရန် ရွေးကောက်ပွဲကျင်းပမည်(သို့မဟုတ်) မကျင်းပမည်ကို သိလိုကြောင်း၊ ကျင်းပမည်ဆိုပါကလည်း မည်သည့်အချိန်တွင် ကျင်းပမည် ကိုသိလို ကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နံပါတ်(၅)အချက်ဖြစ်သည့် အရေးပေါ်ကာလ ဆောင်ရွက်နေမှုသည် မည်သည့် အတိုင်းအတာထိ ဆောင်ရွက်ပြီးစီးမှုကို သိလိုကြောင်း၊ အရေးပေါ်ကာလသတ်မှတ်ထားသည့် အချိန်အတွင်း ရွေးကောက်ပွဲ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိကိုသိလိုကြောင်း မေးမြန်းသည်။ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့် စတင်ခွင့်ပြုမည့်အချိန်ကို   တိတိကျကျသိလိုကြောင်း၊ ဒုတိယမေးခွန်းအနေဖြင့် CDM လုပ်သည့် ကျောင်းဆရာ၊ ဆရာမများနှင့်   ပညာရေး ဝန်ထမ်းများကို နိုင်ငံတော်အနေဖြင့် ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ လက်ခံမည်ဟု ကြေညာထား ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်အနေဖြင့် ဖြေထားခြင်းများရှိကြောင်း၊ မျိုးဆက်သစ်များအတွက် အတွေ့အကြုံရှိ သည့် ဆရာ၊ ဆရာမများ လိုအပ်ခြင်းအပေါ် ထိုကဲ့သို့ဆောင်ရွက်မှုသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ စေတနာ ကြီးမားမှုကို သိနိုင်ပါကြောင်း၊ Non-CDM ကြားထဲတွင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အငြင်းပွားမှုများကို social medi တွင် တွေ့ရကြောင်း၊ Non-CDM သမားများကို အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သံသယမဖြစ်စေရန်အတွက် မည်ကဲ့သို့ စီစဉ် ဆောင်ရွက် သွားမည်ကိုသိလိုကြောင်း၊ ပညာရေးဝန်ထမ်းများကဲ့သို့ အခြားဝန်ထမ်းများကိုလည်း ထိုကဲ့သို့ ပြန်လည်ခေါ်ယူရန် ရှိ၊ မရှိနှင့် အစီအစဉ် ရှိပါက မည်သည့် အချိန်ခန့်တွင်ဖြစ်မည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘာသာရေးအပိုင်းနှင့်ပတ်သက်လျှင် ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ၃၈ ဖြာမင်္ဂလာကို ရိုက်ကူးရေး ဆောင်ရွက်လျက်ရှိပြီး မကြာခင် ထုတ်လွှင့်သွားရန်ရှိကြောင်း၊ လျှပ်စစ်မီးနှင့်ပတ်သက်ပြီး အောက်ခြေတွင်ဖြစ်နေသည့် အခြေ အနေများနှင့် ဘာသာရေးနှင့် ပတ်သက်သည့်ကိစ္စများကို အကြံပြုပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ လက်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနက လက်တွေ့လုပ်ဆောင်နေသည့်အချက်ကို ဖြေကြားခြင်းဖြစ်ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို တွေးကြည့်စေလိုကြောင်း၊ အမှန်တကယ် အဆိုပါ ၂ ခုသည် ဆန့်ကျင်ဘက်ဖြစ်ကြောင်း၊ သာသနာရေးသည်လောကီကို စိတ်ကုန် အောင် လုပ်ခြင်းဖြစ်ပြီး ယဉ်ကျေးမှုသည် လောကီကိုခင်တွယ်အောင် လုပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ၂ ခုကိုပေါင်းထားခြင်းဖြစ် ကြောင်း၊ အဆိုအမိန့်များကို ထည့်သည့်အခါ အမြင်မျှတအောင်ကြည့်ရကြောင်း၊ ဘာသာရေးအပေါ်ကို အခြေတည်ပြီး မြန်မာ့ ယဉ်ကျေးမှုဖြစ်လာခြင်းကြောင့် ကိုက်ညီမှု ရှိ/မရှိနှင့် ပိုပြီးအကျိုးဖြစ်ထွန်းနိုင်မှုရှိအောင် ကြည့်ရကြောင်း၊ လောကီလောကုတ္တရာတွင် လူများ၏ နေ့စဉ်ဘဝ၊ ယဉ်ကျေးမှုနှင့်လှုပ်ရှားမှုတွင် ဘာသာရေး အဆုံးအမများထဲက အသုံးဝင်နိုင်မည့်အရာများကို လုပ်ဆောင်နေ ကြောင်း၊ ၃၈ ဖြာမင်္ဂလာသည် မိမိတို့ဘာသာအနေဖြင့် လူများ၏ နေ့စဉ်ဘဝလှုပ်ရှားမှုများ၊ ပေါင်းသင်းဆက်ဆံမှုများ၊ နေထိုင်မှု များနှင့်သက်ဆိုင်ကြောင်း၊ အခြားဘာသာများတွင်လည်း ထိုကဲ့သို့အဆုံးအမ များရှိကြောင်း၊ ထိုအဆုံးအမများသည် ၎င်းတို့၏ နေ့စဉ်လူနေမှုဘဝ၊ ယဉ်ကျေးမှုနှင့် အမျိုးသားရေးအတွက် အထောက်အကူပြုစေရန် ၎င်းတို့နိုင်ငံများတွင်လည်း လုပ်ဆောင်လျက်ရှိ ကြောင်း၊ မိမိတို့အနေဖြင့် တတ်နိုင်သမျှဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်များတွင် ပါဝင်ပြီးဖြစ်ကြောင်း၊ အရေးပေါ်ကာလပြဋ္ဌာန်းချက်များ လုပ်ဆောင်ပြီးလျှင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း၊ အနိုင်ရသည့်ပါတီကို အာဏာလွှဲပေးသွားမည့်အကြောင်း ရှင်းရှင်းလင်းလင်း ရေးထားကြောင်း၊ ရွေးကောက်ပွဲသည် အထွေထွေရွေးကောက်ပွဲ (General Election) ဖြစ်ခြင်းကြောင့် တစ်နိုင်ငံလုံးနေရာအနှံ့  ကျင်းပပေးလိုကြောင်း၊ မြန်မာနိုင်ငံ၏ အခြေခံဥပဒေတွင် အဆိုပါ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ အချက်အလက်များပါပြီးဖြစ်ကြောင်း၊  ပုဒ်မ ၇ တွင် “နိုင်ငံတော်သည် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်” ဟု ပါရှိကြောင်း၊ “နိုင်ငံတော်သည်” ဟုပါဝင်ခြင်းကြောင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး ကျင့်သုံးရမည့်စနစ်သည် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ဖြစ် ကြောင်း၊ အဆိုပါစစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရန်အတွက် အဓိကကျသည့် အရာမှာ     ရွေးကောက်ပွဲဖြစ်ကြောင်း၊  ရွေးကောက်ပွဲတွင်  ခြိမ်းခြောက်မှုမရှိဘဲ ပြည်သူ့ဆန္ဒအမှန်ကို   ဖော်ထုတ်နိုင်ရန်အတွက် ခြိမ်းခြောက်မှု များ၊ အကျပ်ကိုင်မှုများနှင့် မတရားသိမ်းသွင်းမှုများ ကင်းစင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဖြစ်လာနိုင်မည့် အရင်းအမြစ်များကို ငြှိမ်းသတ်နေခြင်းဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရန်အတွက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးသည် အရေးကြီးကြောင်း၊ ဥပမာ တစ်ခုအနေဖြင့် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် လင်းခေးအမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း နေရာများအတွက် NLD ပါတီ၊ SNLD ပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၃ ခုက အပြိုင်အဆိုင် ရွေးကောက်ခံ ကြကြောင်း၊ လင်းခေး မြို့တွင်ရှိသည့် SNLD ပါတီလွှတ်တော်အမတ်သည် မဲရုံကမဲများရေတွက်ပြီးသည်အထိ မဲ ၄၀၀၀၀ နီးပါးခန့် ရရှိပြီး NLD ပါတီလွှတ်တော်အမတ်၏ မဲအရေအတွက်သည် ၂၀၀၀၀ ကျော်ခန့်ရှိကြောင်း၊ ညနေပိုင်း ကြိုတင်မဲများ ရောက်လာသည့် အခါ NLD ပါတီလွှတ်တော်အမတ်သည် SNLD ပါတီအမတ်ထက် မဲအရေအတွက် ဆယ်ဂဏန်းခန့်ကျော်ပြီး လွှတ်တော် အမတ်ဖြစ်ခဲ့ ကြောင်း၊ နောက်တစ်ပတ်ခန့်တွင် အဆိုပါအမတ် အသတ်ခံခဲ့ရကြောင်း၊ ထိုအချိန် တပ်မတော်က သတ်ခဲ့သည်ဟု စွပ်စွဲကြကြောင်း၊    တပ်မတော်အနေဖြင့် မသက်ဆိုင်ခြင်းကြောင့် ဘာမှမလုပ်ခဲ့ကြောင်း၊ ထိုကဲ့သို့သတ်ဖြတ်မှုများ မဖြစ်စေရန် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်အတိုင်း မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် သတင်းစာရှင်းလင်းပွဲ စတင်လုပ်ဆောင်သည့်အချိန်မှ ယနေ့အချိန်ထိ ရွေးကောက်ပွဲကော်မရှင် အမြဲတမ်းပါဝင်ခဲ့ကြောင်း၊ မိမိတို့၏ အဓိကတာဝန်ဖြစ်ခြင်းကြောင့် ရွေးကောက်ပွဲကော်မရှင်ကို ထည့်ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင် သတင်းစာ ရှင်းလင်းပွဲ လုပ်ခြင်းသည် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ နှင့်ပတ်သက်သည့်လုပ်ငန်းများ စတင်မည့်အချိန်တွင် သီးသန့် လုပ်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့် သတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲကော်မရှင်ကို ထည့်ထားရခြင်းသည် ရွေးကောက်ပွဲ လုပ်နိုင်ရန် ထည့်သွင်းထားခြင်းဖြစ်ကြောင်း၊ အရေးပေါ် ကာလပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီးလျှင် ရွေးကောက်ပွဲကျင်းပနိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဆောင်ရွက်မည့်ရွေးကောက်ပွဲသည် အကြားအလပ်မရှိသည့် ရွေးကောက်ပွဲဖြစ်ရ မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ရွေးကောက်ပွဲကျင်းပနိုင်ရမည်ဖြစ်ကြောင်း၊ ဥပဒေပုဒ်မ ၇ အရ တစ်နိုင်ငံလုံးကျင့်သုံးရမည့်စနစ်သည် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ခြင်းကြောင့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးကျင်းပပေးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး၊ ပြည်သူလူထု ခြိမ်းခြောက်ခံရမှု လျော့နည်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် တစ်နိုင်ငံလုံးမှတာဝန်ရှိသူများ၊ Stakeholder အားလုံး၊ ပြည်သူလူထုအားလုံး ဝိုင်းဝန်းကူညီပံ့ပိုးပေးစေလိုကြောင်း၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့်နှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်က ဖြေကြားပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မိမိတို့အနေဖြင့် ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ခဲ့သည့်ဖြစ်စဉ်များ၊ အားနည်းချက်များကို သုံးသပ်ပါကြောင်း၊ နိုင်ငံရေးပါတီများကို စစ်ဆေးခဲ့ကြောင်း၊ ဖြစ်စဉ်များ တွေ့ရှိချက်နှင့် အားနည်းချက်များကို သုံးသပ်ကြောင်း၊ ၎င်းတို့အပေါ်မူတည်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေ အသစ် ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်ထားကြောင်း၊ ပြဋ္ဌာန်းနိုင်ရန်အတွက်လည်း အဆင့်ဆင့်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နေကြောင်း၊ မကြာမီအချိန်တွင် ပြီးစီးမည်ဖြစ်ကြောင်း၊ နည်းဥပဒေအသစ်ပြဋ္ဌာန်း ပြီးလျှင် ဥပဒေနှင့်အညီ ထပ်ပြီးမှတ်ပုံတင်လိုသည့် နိုင်ငံရေး ပါတီ အသစ်အဖြစ် မှတ်ပုံတင်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်လျှောက်ထားမည့် ပါတီများသည် ထိုဥပဒေများနှင့် ဆောင်ရွက်ခွင့် ရမည်ဖြစ်ကြောင်း၊ ၎င်းအရာများပြီးသည့်အထိ စောင့်ပြီး ခွင့်ပြုပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်ပြီး NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦး က ပြင်ဆင်နေ သည့်ဥပဒေ၊ နည်းဥပဒေ၊ မည်သည့်အချိန်တွင် ပြဋ္ဌာန်းနိုင်မည်ကို သိလိုပါကြောင်း၊ မိမိသိရသလောက် ဧပြီလအလယ်တတိယအပတ်တွင် ထိုဥပဒေကို ပြဋ္ဌာန်းမည်ဟု ဆရာတို့ ဆုံးဖြတ်ခဲ့သည်များ ရှိခဲ့ကြောင်း၊ အချိန်မမီသည့်အတွက် မေလပထမအပတ်တွင် ဆရာတို့ ရွှေ့ခဲ့ခြင်းရှိကြောင်း၊ ပြီးခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင်လည်း မိမိထိုမေးခွန်းကိုမေးမြန်းခဲ့ပြီးဖြစ်ကြောင်း၊ ဆရာတို့ မေလထဲတွင် ထိုဥပဒေကို ထုတ်ပြန်နိုင်မည် လား၊ ထုတ်ပြန်နိုင်မှ ပါတီမှတ်ပုံတင်အသစ်လျှောက်၍ရမည်ဖြစ်ကြောင်း၊ အချိန်ကလည်း နီးကပ်နေသည်ဖြစ်သည့် အတွက်ကြောင့် သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က ဥပဒေပြုသည့် လုပ်ငန်းစဉ် အဆင့်ဆင့်များရှိကြောင်း၊ သက်ဆိုင်ရာ ဥပဒေအရ ဝန်ကြီးဌာနများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီစသည်တို့ကို အဆင့်ဆင့် ဥပဒေပြုပိုင်ခွင့်ရှိသည့် စိစစ်သည့် အပိုင်းများ၊ ဥပဒေ ထုတ်ပြန်ချက်များအတိုင်း မိမိတို့ဆောင်ရွက်နေကြောင်း၊ မကြာမီအချိန်တွင် ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

ဆက်လက်ဖော်ပြပါမည်။