နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ မှတ်တမ်း

ယမန်နေ့မှအဆက်

Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက ပထမဆုံး  ဝန်ကြီးမေးခဲ့သည့်မေးခွန်းနှင့် ပတ်သက်ပြီး ဆရာတော်၊ သံဃာတော်များ သတ်ဖြတ်နေသည်များ၊ ဘာသာရေး အဆောက်အဦများပေါ်တွင် အကြမ်းဖက်လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး ဝန်ကြီးကို တင်ပြခြင်းဖြစ်ကြောင်း၊ သမ္မတကြီးဦးသိန်းစိန် လက်ထက် ဒီမိုကရေစီအပြောင်းအလဲနှင့်အတူ အကြမ်းဖက်မှုအန္တရာယ်သည် ဒွန်တွဲ ပါနေခြင်းဖြစ်သည်ဟု မိမိတို့မြင်ကြောင်း၊ ခိုးဝင်ဘင်္ဂါလီအကြမ်းဖက်မှုလုပ်ရပ်များ လုပ်နေစဉ်ကတည်းက   မိမိတို့လေ့လာခဲ့ကြောင်း၊ ထိုလုပ်ရပ်များသည် မိမိတို့အမြင် အရ၊ အတွေ့အကြုံအရ မိမိတို့ တိုင်းပြည်သည် NLD အစွန်းရောက် PDF အကြမ်းဖက်များသည် ဘာသာရေးဂျီဟတ်ကို ပုံဖော်ခြင်း ဖြစ်သည်ဟု   မိမိတိတိကျကျပြောရဲကြောင်း၊    မိမိတို့ တရားဝင်ထုတ်ဝေထားသည့် အကြမ်းဖက်မှုတို့မြစ်ဖျားခံရာဆိုသည့် စာအုပ်ရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနတွင်   ထိုစာအုပ်ရှိကြောင်း၊ ထိုစာအုပ်ကို ပြန်ပြီးလေ့လာကြည့်လျှင် PDF များ လုပ်ဆောင်နေသည်နှင့် တစ်ထပ်တည်းဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ပညာရေးစနစ်သစ် ၁၂ တန်းသည် သမ္မတကြီး ဦးသိန်းစိန် လက်ထက်တွင်စတင်ခဲ့ပြီး သင်ရိုးညွှန်းတမ်းများကို NLD အစိုးရ လက်ထက်တွင် ရေးခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စတင်ပြီး လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်းကို မိမိတို့ ရှင်းရှင်းလင်းလင်း နားလည်ကြောင်း၊ သို့သော် ၁၀ တန်းပညာရေးကိုပင် ခက်ခက်ခဲခဲ ရုန်းကန်ကြိုးစားခဲ့ပြီး သားသမီးများကို ကျောင်းထားခဲ့ရကြောင်း၊ ပညာရေးစနစ်သစ် ၁၂ တန်းဖြစ်သွားသောအခါ  ပိုပြီးခက်ခဲလာပြီး ကျောင်းမထားတော့ဘူး ဆိုသည့် မိဘများလည်းရှိကြောင်း၊ မိမိတို့သည်လည်း ၁၀ တန်းပညာရေးကို ခက်ခက်ခဲခဲ ကြိုးစားခဲ့ရကြောင်း၊ ပညာရေးစနစ်သစ် ၁၂ တန်းဖြစ် သွားသည့်အပေါ်တွင် ကျောင်းထုတ်မည်၊ ကျောင်းမထားကြဘူး ဆိုသည့် မိဘများကို ဝန်ကြီးအနေဖြင့် သော်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်သော်လည်းကောင်း  မိဘများနားလည်အောင်   မည်သို့ရှင်းပြ ပေးနိုင်မည်ကို သိလိုပါကြောင်း  မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက   အစိုးရ၏ ရည်မှန်းချက်သည် KG+12 ပညာရေး စနစ်ကို ကျောင်းနေသူများ သင်နိုင်မည်၊ တက်နိုင်မည်ဆိုလျှင်   ပိုကောင်းမည်ဖြစ်ကြောင်း၊    KG+12 ပညာရေးစနစ်၏ ကြားထဲတွင် လုပ်ငန်းကျွမ်းကျင်သူများအဖြစ် မွေးထုတ်ပေးနိုင်ရေး အစီအစဉ်များ လုပ်ဆောင်လျက်ရှိကြောင်း၊  KG+9 အလယ် တန်းအဆင့် အောင်မြင်သည်နှင့်  ယခင်တုန်းက အသက်မွေးဝမ်းကျောင်းပညာကို သွားရောက်တက်ရန်     ကျောင်းရှားပါးကြောင်း၊ ယခင်တုန်းက THS ရှိကြောင်း၊ စက်မှုလက်မှု အထက်တန်းကျောင်းရှိကြောင်း၊ စိုက်ပျိုးရေး အထက်တန်းကျောင်းများ ရှားပါးကြောင်း၊ ယခုအချိန်တွင် ချင်းပြည်နယ်တွင် THS သုံးကျောင်း၊   GTI တစ်ကျောင်း ဖွင့်လှစ်ရန်   ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်ဝန်းတွင်လည်း THS ၊ GTI ကျောင်းများ ဖွင့်လှစ်နိုင်ရန်    Vocational ကို ကူးပြောင်းနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေး နိုင်ငံဖြစ်ကြောင်း၊ ထိုအတွက် စိုက်ပျိုး/မွေးမြူရေးနှင့် ပတ်သက်ပြီး စိုက်ပျိုး/မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ ထိုကျောင်းများတွင် တက်ရောက်ပြီး    ထိုအတိုင်းပြီး မသွားဘဲ ထူးချွန်လျှင် တစ်ဆင့်တက်ရောက်နိုင်သည့် ကျောင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ၎င်းတို့သည် လက်ရှိလုပ်ဆောင်နေမှုများဖြစ်ကြောင်း၊ ပညာရေးတွင် သုတေသနလုပ်သည့် လုပ်ငန်းများ ရှိကြောင်း၊ သုတေသနလုပ်ငန်းများတွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ပြုလုပ်ကြောင်း၊ အစိုးရ၏ ရည်မှန်းချက်သည် တစ်နိုင်ငံလုံးတွင် ပြည်သူလူထုတစ်ရပ်လုံး အသိပညာများ၊ စာတတ်မြောက်မှု အရှိန်မြှင့်တင်နိုင်ရေး ဖြစ်သည့်အတွက် ပညာရေးကဏ္ဍများကို လိုအပ်ရင် လိုအပ်သလိုဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  ဆက်လက်ပြီး ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဖြည့်စွက်ပြောကြား လိုသည် များရှိလျှင် ဖြည့်စွက်ဆွေးနွေးပေးရန် ပြောကြားစေလိုကြောင်း    ပြန်လည်ဖြေကြားသည်။

ပညာရေးဝန်ကြီးဌာနမှ   တာဝန်ရှိသူတစ်ဦးက မိမိတို့ပညာရေးဝန်ကြီးဌာနမှ အမျိုးသားပညာရေးစနစ် အားသာချက်နှင့် အားနည်းချက်များကို ဆန်းစစ်အကဲဖြတ် နိုင်ရန် ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း  CESR ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုအကောင်အထည်ဖော် ဆောင်ရွက်ချက်အရ  မိမိတို့ အခြေခံပညာ အဆင့်အတန်း မြင့်မားရေးနှင့် အရည်အသွေးပြည့်ဝသော သင်ရိုးညွှန်းတမ်းများ   အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည်ကို တွေ့ရကြောင်း၊ တွေ့ရှိသည့် အတွက် ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ်မတိုင်ခင်တွင် အခြေခံ ပညာရေးစနစ်သည် အခြေခံပညာ ၁၁ တန်း

ပဲရှိခဲ့ကြောင်း၊ အခြေခံပညာ ၁၁ တန်း ပြီးသွားသည့်ကလေး၏အသက်သည် ၁၆ နှစ်ကျော်သာရှိသေးကြောင်း၊ လုပ်ငန်းခွင် သို့ဝင်ရောက်ရန် အသက် ၁၈ နှစ် မပြည့်သေးဘဲ တက္ကသိုလ် မတက်ရောက်နိုင်သည့် ကလေးများသည် လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ခြင်း မရှိဘဲ မဖြစ်သင့်သည်များ ဖြစ်ပွားခဲ့ရကြောင်း၊   အခြေခံပညာရေးစနစ် တိုးမြှင့်ဖွဲ့စည်းခြင်းကို လိုအပ်သည်နှင့်အညီ အခြေခံပညာသင်ရိုးညွှန်းတမ်းများကို ၂၀၁၆ ခုနှစ်တွင် စတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ KG+12 စနစ်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ KG+12 စနစ်သည် တချို့ အာဆီယံနိုင်ငံများနှင့်တန်းတူရှိခဲ့ကြောင်း၊ KG+12 စနစ်သည် ပညာသင်ယူမှု အခွင့်အလမ်း မြင့်မားရေးကို  ဦးတည်ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် ယနေ့ခေတ်စနစ်သစ်နှင့် ကိုက်ညီခြင်းဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။

ဆက်လက်၍ Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက ဂန့်ဂေါ၊ ကလေးနယ်ဘက်တွင် တပ်မတော်နှင့် ပူးပေါင်းပြီး တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေသည့်    ကျေးရွာများရှိကြောင်း၊ ထိုကျေးရွာများမှ ပဲစိုက်တောင်သူများသည် ၎င်းတို့၏ ထွက်ကုန်ပဲမျိုးစုံကိုရောင်းချရန်   ဈေးကွက် မရောက်နိုင်ဘဲ ထွက်ပေါက် အခက်အခဲရှိနေကြောင်း၊ ပဲတင်းအရေအတွက်သည်လည်း သိန်းချီရှိသည်ဟု ကြားသိရကြောင်း၊ ၎င်းကိစ္စများကို နိုင်ငံတော်အနေဖြင့်လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်လည်းကောင်း မည်သို့ကူညီဖြေရှင်းပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက    မိမိသိရသလောက်  နိုင်ငံတော်ဝန်ကြီးချုပ်ဆီသို့ နယ်ဘက်က ပဲများရိတ်သိမ်းပြီး အိမ်တွင်သာထားနေရကြောင်း၊ PDF  အကြမ်းဖက်များရှိသည့်အတွက်   သွားပြီးရောင်းလို့ မရကြောင်း စသည့်အခက်အခဲများ ရှိနေသည်ဟု စာတင်ထားသည်များရှိကြောင်း၊  မိမိသိရသလောက် ပဲများကိုဝယ်ယူရန် ဆုံးဖြတ်ချက်ချထားကြောင်း၊ သွားတောင်ဝယ်နေပြီလား မသိကြောင်း၊ အကြီးအကဲမှ ဆုံးဖြတ်ချက်ချပြီး သို့မဟုတ် အောက်ဌာနများမှ ဝယ်ယူရန်ကျန်နေမည်ဖြစ်ကြောင်း၊ သတင်းထောက်ကြီး ပြောသည့်ကိစ္စနှင့် ယခုကိစ္စတိုက်ဆိုင်မည်လားမသိသေးကြောင်း၊ အစိုးရအနေဖြင့်   ပြည်သူလူထုများ စိုက်ပျိုးရေးတွင် အမှန်တကယ် အခက်အခဲ တွေ့နေသည့် အခြေအနေများကို ကူညီဆောင်ရွက် အလေးထားပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

People Media မှ သတင်းထောက်ချုပ် ဦးကျော်စိုးဦးက မြန်မာနိုင်ငံပိုင်သည့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို အမေရိကန် အစိုးရက ထိန်းချုပ်ထားကြောင်း၊ ထိန်းချုပ်ထားသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံပိုင် ပိုက်ဆံပြန်လည်ရရှိရန်   မည်သို့လုပ်ဆောင်နေသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုငွေများနှင့် ပတ်သက်ပြီး   တော်တော်များများလည်း မေးထားကြောင်း၊    ယေဘုယျအားဖြင့် ပြောရလျှင် မြန်မာနိုင်ငံကို အဖွဲ့အစည်းများကနေ ချေးထားသည့်ငွေများဖြစ်ကြောင်း၊ ထိုငွေများသည် မြန်မာနိုင်ငံထဲသို့ မြန်မာငွေအနေဖြင့် ဝင်ရောက်ပြီးသားငွေဖြစ်ကြောင်း၊ တစ်ဖက်တွင် ကျန်သည့်ငွေသည် စာရင်းသာကျန်ခြင်း ဖြစ်ကြောင်း၊ ယင်းစာရင်းသည် ကြိုက်သည့်လူကို   ထုတ်ပေး၍ ရကြောင်း၊ ထုတ်ပေးလျှင်လည်း စာရင်းသာရသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်း သတင်းဌာနမှ  သတင်းထောက် ဒေါ်သဇင်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုပြီး   နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် ယခုလိုငြိမ်းချမ်းရေး ကမ်းလှမ်းချက် ပြုလုပ်ခဲ့သည့် အပေါ်တွင် ငြိမ်းချမ်းရေးကို လိုလားသည့် နိုင်ငံသားတစ်ယောက် အနေဖြင့် ထောက်ခံပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သည့် NLD အစိုးရလက်ထက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၁ ရာစုပင်လုံ ညီလာခံတွင် ဖိတ်ကြားခြင်းမခံရသည့် ရခိုင်တပ်မတော် AA အကြောင်းကို ပြောလိုကြောင်း၊ AA သည် NLD အစိုးရလက်ထက်တွင်လည်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားခြင်းခံရသည့် အဖွဲ့ဖြစ်ကြောင်း၊ ထိုအဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သဘောထားကြီးစွာနှင့် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ပေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အကြား အပစ်အခတ်ရပ်စဲရန် သဘောတူစာချုပ်  ချုပ်ဆိုထားခြင်း မရှိသော်လည်း နှစ်ဖက် နားလည်မှုနှင့် စစ်ရှိန်သတ်ပြီး အပစ်အခတ် ရပ်စဲထားသည့် အတွက်ကြောင့် ရခိုင်ပြည်နယ်တွင်   ငြိမ်းချမ်းနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်လည်း ယခုအချိန်ထိ ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားသည့်အတွက် ကြောင့် ငြိမ်းချမ်းရေး တံခါးဖွင့်လှစ်၍ ကြိုဆိုနေသော်လည်း AA အနေဖြင့်  ပြည်ပြေး အဖွဲ့များ ဦးဆောင်ထားသည့် တရားမဝင်ဖွဲ့ထားသည့် NUG နှင့်အဆက်အသွယ်လုပ်ပြီး တွေ့ဆုံဆွေးနွေးခြင်းများ ရှိခဲ့ကြောင်း၊ ဘင်္ဂါလီအဖွဲ့အစည်းများနှင့်လည်း မကြာခဏ အကြိမ်ကြိမ် တွေ့ဆုံခြင်းများ ရှိခဲ့ကြောင်း၊ ထိုသို့    လုပ်ဆောင်ခြင်းများအပေါ်တွင် ဗိုလ်ချုပ်တို့အနေဖြင့် ထိုအတိုင်းပဲ လွှတ်ထားမည်လား၊ တစ်စုံတစ်ရာ တုံ့ပြန်မှုမျိုး ပြုလုပ်ရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက AA အဖွဲ့နှင့်ပတ်သက်ပြီး ၂၀၂၁ ရွေးကောက်ပွဲမတိုင်ခင် ဂျပန်နိုင်ငံက မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ကူညီသည့်  အကျိုးဆောင် မစ္စတာဒေါက်တာဆာဆာကာဝါ၏ စေ့စပ်ညှိနှိုင်းမှုကြောင့် အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲခဲ့ကြောင်း၊  ယခင်က လက်နက်ကိုင်ပဋိပက္ခများခဲ့သည့်    ရခိုင်ပြည်နယ်တွင် ပြန်လည်ပြီး ငြိမ်းချမ်းလာသည်ကိုလည်း တွေ့ရကြောင်း၊ ထိုနောက်ပိုင်းတွင် AA အနေဖြင့် အစိုးရအုပ်ချုပ်ရေး ယန္တရားများတွင် ဝင်ရောက်နှောင့်ယှက်ခြင်း များကိုလည်း တွေ့ရကြောင်း၊ တော်တော် သည်းခံရကြောင်း၊ တရားစီရင်ရေးစနစ်တွင် ၎င်းတို့ဆီလာပြီးမှ တရားစီရင်ရမည်ဟု တွေ့ရကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် စပြီး AA အနေဖြင့် ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့် နေရာများတွင် ဘင်္ဂါလီများနှင့် ပတ်သက်ပြီး လိုက်လံစည်းရုံးမှုများ နည်းနည်းလေး ပိုက်စိပ်တိုက်လာကြောင်း၊ မိမိတို့ သိရသည့် တရားဝင်မှတ်တမ်းအရ အနည်းဆုံး ၁၀ ကြိမ်ခန့်ရှိကြောင်း၊ ၎င်းတို့ မည်သို့ စည်းရုံးခဲ့သည်ကိုလည်း မိမိတို့ သိရကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး အကဲဆတ်သည့် လုပ်ငန်းဖြစ်ကြောင်း၊ AA က နောက်ပိုင်းတွင် ၎င်းတို့ပြောသည့် စကားထဲတွင် တိုက်ပွဲခေါ်နေသည့် ပုံစံမျိုး၊ လက်နက်ကိုင် ပဋိပက္ခကို ခေါ်နေသည့် ပုံစံမျိုးအထိ တွေ့ရကြောင်း၊ တိုင်းစစ်ဌာနချုပ်ကို ခြိမ်းခြောက်လာသည်အထိ တွေ့ရကြောင်း၊ ပုဂ္ဂလိကပိုင်းဆိုင်ရာတစ်ခုမိမိပြောလိုကြောင်း၊ နိုင်ငံတော်အကြီးအကဲများ၏သဘောထားကို  မိမိပြောလို ပါကြောင်း၊  AA ခေါင်းဆောင် ထွန်းမြတ်နိုင်၏    ဇနီးနှင့်ကလေးသည် ဆွစ်ဇာလန်နိုင်ငံတွင်ရှိကြောင်း၊ ထွန်းမြတ်နိုင်၏ယောက္ခမ ယခင်ရခိုင်လွှတ်တော်ဥက္ကဋ္ဌ ဦးစံလှကျော်သည် ၂၀၂၁ နိုဝင်ဘာလတွင် ၎င်းင်း၏သမီးနှင့်မြေးရှိရာ ဆွစ်ဇာလန်နိုင်ငံသို့ လိုက်သွားလိုကြောင်း    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌထံ   တင်ပြခဲ့ကြောင်း၊   ယင်းအချက်နှင့်ပတ်သက်ပြီးလူသားချင်းစာနာထောက်ထားမှု ငြိမ်းချမ်းရေး အကျိုးရှေးရှု၍  လွတ်လပ်စွာသွားခွင့်ပြုခဲ့ကြောင်း၊ ယင်းသည် မိမိတို့၏ သဘောထားဖြစ်ကြောင်း၊ နောက်တစ်ချက်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကောင်စီဝင်အများစုသည် ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ အခြေအနေများနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည်ကို သိရှိကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုများ   လုပ်ဆောင်ရာတွင် တပ်မတော်မှ အားတက်သရော မည်သို့ပါဝင်သည်ကိုသိနိုင်ကြောင်း၊ ဘူးသီးတောင်- မောင်တောအရေးတွင် တပ်မတော်မှမည်ကဲ့သို့ လုပ်ဆောင်ပေးသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊     နိုင်ငံတကာတွင်လည်း မှတ်တမ်းများရှိကြောင်း၊   ရွာလုံးကျွတ်ထွက်ပြေးခဲ့ရသည်များရှိခဲ့ကြောင်း၊ တပ်မတော်မှ ရွာလုံးကျွတ်ခေါ်ယူပေးခဲ့ရကြောင်း၊  မည်သို့ပင်ဆိုစေကာမူ ရခိုင်ပြည်သူလူထုဒုက္ခမရောက်စေရန် ထိန်းသိမ်းပေးခြင်းဖြစ်ကြောင်း၊ စိတ်ရှည်သည်းခံပြီး ပြည်ထောင်စုနှင့်  ငြိမ်းချမ်းရေးအတွက်လုပ်နေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဖြစ်ပွားနေသည့် ကိစ္စများနှင့် ပတ်သက်၍ ပြဿနာဖြစ်လာပါက  တပ်မတော်ကို အဆိုးမဆိုပါနှင့်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

Trend ဂျာနယ်မှ   အယ်ဒီတာချုပ် ကိုဝဏ္ဏက ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် EAOs ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်မည်ဟု သိရကြောင်း၊ ဗိုလ်ချုပ်ကလည်း အခွင့်အခါကောင်း၊ အချိန်အခါကောင်းဟု ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောခဲ့ကြောင်း၊ မေးခွန်းနံပါတ်တစ်အနေဖြင့် အဆိုပါကိစ္စ မည်မျှထိ အောင်မြင်နိုင်လိမ့်မည်နှင့် မည်မျှအထိ အကျိုးသက်ရောက်မှုရှိလိမ့်မည်ကို သိလိုကြောင်း၊  ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတက်ရောက်သည့် EAOs များအပေါ် နစက၏ သဘောထားကိုသိလိုကြောင်း၊ မေးခွန်းနံပါတ်နှစ် အနေဖြင့် KNU သည် ၎င်းနယ်မြေအတွင်းရှိ   တပ်မတော်စခန်းများကို   ထွက်ခွာပေးရန်ပြောခြင်းသည် တပ်မတော်ကို စိန်ခေါ်ရာရောက်ကြောင်း၊ ထိုကိစ္စကိုလည်းဖြေကြားပေးစေလိုကြောင်း၊ စစ်ကိုင်း၊  မကွေးဘက်နှင့် အချို့နေရာများတွင် ဖမ်းဆီးရမိသည့် လက်နက်များသည် KIA လက်နက်များဖြစ်သည်ဟု ပြောကြကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်နေသည်နှင့် မည်သို့ တန်ပြန်ဆောင်ရွက်ရန် ရှိသည်ကို သိလိုကြောင်း၊ NUG က နိုင်ငံတကာကို လက်နက်များထောက်ပံ့ရန် တောင်းခံသည့် ကိစ္စသည် မြန်မာနိုင်ငံကို ယူကရိန်းကဲ့သို့ အနောက်အုပ်စုက   ဝင်ရောက်စွက်ဖက် လာပါက တပ်မတော်အနေဖြင့် မည်သို့ဖြေရှင်းရန်စီစဉ်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် ပတ်သက်၍ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းသည် ဆွေးနွေးသည့် အချိန်တွင် ပိုမိုသိရနိုင်ကြောင်း၊   ရလဒ်တစ်ခု ထွက်အောင်  ဆွေးနွေးမည်ဟု သန္နိဋ္ဌာန် စိတ်ချထားကြောင်း၊ ဤသန္နိဋ္ဌာန်စိတ်ဖြင့် ဆောင်ရွက်လျှင်   မအောင်မြင်စရာမရှိကြောင်း၊ မိမိအနေဖြင့်  ဖြစ်လာနိုင်မည့် အချက် (၄)ချက်ကို ပြောမည်ဖြစ်ကြောင်း၊ (၁) အတွေ့အကြုံ၊ (၂) အချိန်အခါ၊ (၃) စိတ်ဆန္ဒ၊ (၄) ပါဝင်သင့်ပါဝင်ထိုက်သူ/သက်ဆိုင်သည့်သူများ ဖြစ်ကြောင်း၊ အတွေ့အကြုံနှင့် ပတ်သက်ပြီး ပထမဦးဆုံးပြောလိုကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင်  လက်တွေ့လုပ်ဆောင်နေသည့် အတွေ့အကြုံများရှိရန် ပို၍အရေးကြီးကြောင်း၊ မိမိစိတ်ထဲရှိသည်များကို ပြောခြင်းမဟုတ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အနီးစပ်ဆုံး   ငြိမ်းချမ်းရေးရရှိသွားသည့် ကိုလံဘီယာနိုင်ငံ၏ သမ္မတ ဂျူအန်မန်နျူရယ်ဆန်းတို့စ်  (Juan Manuel Santos)သည် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို  ၂၀၁၆ ခုနှစ်ခန့်တွင် ရရှိသူဖြစ်ပြီး ယင်းနိုင်ငံရှိ FARC သူပုန်များနှင့် ငြိမ်းချမ်းရေးရရှိခဲ့သူ ဖြစ်ကြောင်း၊ ထိုပုဂ္ဂိုလ်မှာ ၂၀၀၆ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့ပြီး FARC သူပုန်များကို တိုက်ရသည် သာမက စကားပြောဆိုဆွေးနွေးခြင်းကိုလည်း   ဆောင်ရွက်ခဲ့ရကြောင်း၊   စကားပြောခြင်းဆိုသည်မှာ ငြိမ်းချမ်းရေးစကားမဟုတ်ကြောင်း၊ ၂၀၁၀ တွင် သမ္မတဖြစ်ပြီး FARC ခေါင်းဆောင်နှင့်သိပြီးသားဖြစ်၍ ငြိမ်းချမ်းရေးလုပ်ငန်းများ မြန်ဆန်လာပြီး ၂၀၁၆ ခုနှစ်တွင် ငြိမ်းချမ်းရေးရရှိခဲ့ကြောင်း၊ နှစ်အတန်ကြာ ငြိမ်းချမ်းရေး မရရှိခဲ့သည့်ကိစ္စဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် အတွေ့အကြုံ သည် အရေးကြီးကြောင်း၊ သို့ဖြစ်၍ ယခုဦးဆောင်ဆွေးနွေးမည့် ခေါင်းဆောင်များကို ကြည့်မည်ဆိုပါက  ဦးဆောင်ဆွေးနွေးမည့် EAOs ခေါင်းဆောင်များသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီးသူများဖြစ်ကြောင်း၊ တပ်မတော်ဘက်တွင်လည်း တိုင်းမှူးတာဝန် ထမ်းဆောင်ရသည်နှင့် EAOs အဖွဲ့များနှင့် ပြောဆိုဆက်ဆံရကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီးဆောင်ရွက်ရကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်တို့ သည် ဃြဗ တွင် ကိုယ်တိုင်ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသူများ ဖြစ်ကြောင်း၊ ယခုလက်ရှိ ရာထူးများမရမီကပင် လက်ရှိတာဝန်များကို ထမ်းဆောင်နေသူများဖြစ်ကြောင်း၊ ထို့ကြောင့် နံပါတ်(၁) အတွေ့အကြုံနှင့် ပတ်သက်၍ ပြောစရာမလိုကြောင်း၊ နံပါတ်(၂)အချိန်အခါ ကိစ္စကို မိမိမကြာခဏ ပြောခဲ့ကြောင်း၊ ယခင်က အစိုးရ၊ လွှတ်တော်၊ တပ်မတော်သုံးပိုင်းကွဲနေကြောင်း၊  ယနေ့အချိန်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တစ်ပိုင်းတည်း၊ တစ်ခုတည်းဖြစ်၍ အခြေအနေအချိန် အခါပေးကြောင်း၊ နံပါတ်(၃) စိတ်ဆန္ဒနှင့် ပတ်သက်ပြီး   မိမိပြောပြီး ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်ကို   ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ် ထားကြောင်း၊ လွတ်လပ်ရေးရပြီး (၇၅)နှစ်အကြာ ပြည်သူလူထု၏ ဒီမိုကရေစီအရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ပြည့်ပြည့်၀၀ ခံစားရစေရန် မိမိတို့လုပ်ဆောင်မည်ဖြစ်ကြောင်း၊ စိတ်ဆန္ဒလည်းရှိကြောင်း၊ နံပါတ်(၄) ပါဝင် ဆောင်ရွက်မှုများတွင် အနည်းငယ် အားနည်းသည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ အထက်ကပြောခဲ့သော Colombia တွင် အစိုးရနှင့် FARC သူပုန်များနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်စဉ်   သမ္မတနှင့်   FARC ခေါင်းဆောင်တို့၏ သဘောတူစာချုပ်ကို ပြည်သူလူထုသို့ ချပြပြီး ပြည်သူမှ အဆိုပါ သဘောတူစာချုပ်၌  FARC သူပုန်များသည် အခွင့်အရေးယူလွန်းသည်ဟူ၍ ကန့်ကွက်ကြကြောင်း၊ ပြန်ပြင်ရကြောင်း၊ ပါဝင်မှုများကြောင်း၊ ပါဝင်မှုဆိုသည်မှာ တိုင်းရင်းသားပြည်သူလူထုကို ဆိုလိုကြောင်း၊ မိမိတို့သည် အရေးကြီးသော အခြေအနေတွင် ရောက်နေကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိတို့လိုလားသော ပါတီစုံဒီမိုကရေ စီစနစ် လျှောက်လှမ်းရေး၊ ရည်မှန်းထားသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသော ပြည်ထောင်စုစနစ် သွားနိုင်ရေးအတွက် ပြည့်ပြည့်၀၀ လျှောက်လှမ်းနိုင်ရန် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရန် လိုကြောင်း၊ အထက်ပါ(၄)ချက်တွင် သုံးချက်သည် ပြည့်စုံပြီးဖြစ်ကြောင်း၊ တစ်ချက်သည် အနည်းငယ် လိုနေကြောင်း၊ ထောက်ခံသူများ၊ ကန့်ကွက်သူများမျိုးစုံရှိကြောင်း၊  ပြည်သူလူထု အနေဖြင့်လည်း ပါဝင်ဆောင်ရွက် ပေးကြရန်၊ တွန်းအားပေးကြရန် တိုက်တွန်းလိုကြောင်း၊ မီဒီယာများကလည်း တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးကြရန်၊ တွန်းအားပေးကြရန်၊ လုပ်ဆောင်ပေးကြရန် တိုက်တွန်း လိုကြောင်း၊ နောက်တစ်ချက်အနေဖြင့် KNU သည် တပ်မတော်တပ်စခန်းများစွန့်ခွာရန် ယခုမှစာထုတ်ခြင်း၊ ပြောခြင်းမဟုတ်ကြောင်း၊ ယခင်ကလည်း  ထို့အတူပြောခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မဟာဗျူဟာအရ၊ နည်းဗျူဟာအရ၊ စစ်ရေးအရ၊ နိုင်ငံတော်ကာကွယ်ရေးအရ အကာအကွယ်ပေးရမည့် နေရာများတွင် အခြေချစခန်းများထားရှိရကြောင်း၊ ကရင်ပြည်နယ်ထဲတွင်လည်း နယ်စပ်စခန်းများကို ဆောက်လုပ်ထားကြောင်း၊   မိမိတို့သာ ဆောက်လုပ်ရသည်မဟုတ်ဘဲ နိုင်ငံတိုင်းသည် နယ်စပ်များတွင် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများအတွက် တပ်စခန်းများ ဆောက်လုပ်ထားကြောင်း၊ ကရင်ပြည်နယ်တွင် ရှိသည့် စခန်းအများစုသည် နယ်စပ်စခန်းများ ဖြစ်ကြောင်း၊  အတွင်းပိုင်းရှိ တချို့စခန်းများမှာလည်း နယ်စပ်စခန်းများသို့ သွားသည့် ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းပေါ်တွင် ရှိသောစခန်းများဖြစ်ကြောင်း၊ ထိုအချက်များသည် နိုင်ငံတိုင်း လုပ်ဆောင်ရမည့် တာဝန်ဖြစ်သည်ကို သိရှိရန်လိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်အတွက် မိမိတို့အနေဖြင့် လိုအပ်သည့် ကိစ္စမှန်သမျှလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လက်နက်ထောက်ပံ့သည့်ကိစ္စနှင့် ပတ်သက်၍ ပြောရလျှင် လက်နက်များ ဖမ်းမိခဲ့ကြောင်း၊   တချို့လက်နက်များသည် သုံးပြီးသားလက်နက်များ ဖြစ်ပြီး EAOs ထံမှရရှိခြင်း ဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံများမှ   ရရှိခြင်းများလည်းရှိကြောင်း၊ လမ်းကြောင်းနှစ်ခုမှ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး စစ်ဆေးခြင်းများ၊ ကြီးကြပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ EAOs များထံမှ ရရှိသည့် လက်နက်များသည် KNU မှ လက်နက်များဟူ၍လည်း ပြောကြကြောင်း၊ သို့သော် ၎င်းတို့က  လက်နက်ထုတ်လုပ်ခြင်းမျိုးမရှိကြောင်း၊ PDF များသည် KNU ထံတွင် ရောက်နေသည်ကို မကြာမီကပြခဲ့သည့် ဠငိနသ ဖိုင်တွင် တွေ့နိုင်ကြောင်း၊ ကရင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ဘုရားချင်းအတူတူ ကျမ်းစာကိုရွတ်ရမည်ဟူ၍ ပြောကြောင်း၊ ရောက်နေသောသူများ၏ မျက်နှာကိုကြည့်ခြင်းဖြင့် သိနိုင်ကြောင်း၊ ယင်းအချက်များနှင့်ပတ်သက်ပြီး မိမိအနေဖြင့်သတိပေးစကားတစ်ခွန်းကို ထပ်ပြောလို  ကြောင်း၊ NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို အားပေးထောက်ပံ့နေသူများသည် အကြမ်းဖက်သူများဖြစ်ကြောင်း၊ နောက်တစ်ချက်သည် ပဲခူးရိုးမဒေသရှိ ဗကပ(ဗဟို)အရှေ့မြောက်ဒေသသို့ ရောက်ရှိသွားပြီး အရှေ့မြောက် တိုင်းတွင် မည်သို့မည်ပုံ ဖြစ်ခဲ့ကြောင်းကို သမိုင်းသင်ခန်းစာယူဖို့ ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

Voice of Myanmar သတင်းဌာနမှ ဦးမောင်မောင်ထွန်းက ငြိမ်းချမ်းရေး ဆွေးနွေးမည့်နေရာတွင် မီဒီယာများကို သတင်းယူခွင့်ပြုမည်လား သိလိုကြောင်း၊ အာဆီယံနှင့် အနောက်နိုင်ငံတချို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် အဆက်အသွယ်လျော့ပြီး NUG ကို အရေးတယူ ဆက်ဆံသည့်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနှင့်   မည်ကဲ့သို့သဘောထားရှိလဲ၊ မည်သို့ပြင်ဆင်သည်ကို သိလိုကြောင်း၊ ဗိုလ်ချုပ် Power Point တွင်ပြခဲ့သကဲ့သို့ မြိုင်မြို့နယ် ကန်နီရွာတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် NLD ပါတီ စည်းရုံးရေးမှူး ဦးမြင့်နိုင်နှင့် မြိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဖြစ်သူ   ဦးသန့်ဇင်ခိုင်တို့သည် မြေပြင်တွင် အကျိုးတူစီးပွားရေး လုပ်နေသည်ဟု သိရကြောင်း၊ ၎င်းတို့ နှစ်ဦးပေါင်းပြီး ကျေးရွာသား ၂၀ ဦးကို အမှုဖွင့်၊ အရေးယူ၊ ဖမ်းဆီး၊ အကျဉ်းချထားသည်များ ရှိကြောင်း၊ ထိုကျေးရွာသားများသည် ယခုအချိန်ထိလည်း မလွတ်မြောက်သေး ပါကြောင်း၊ လက်ရှိတွင် တရားစွဲထားသည့်  ဦးမြင့်နိုင်က PDF ထောက်ပံ့၊ အုပ်ချုပ်ရေးမှူးကလည်း CDM လုပ်ပြီး အဆိုပါ မြို့နယ်တွင် မရှိပါကြောင်း၊ တရားလိုများ မရှိတော့ဘဲ    အကျဉ်းချခံနေရသည့် ထိုကျေးရွာသား ၂၀ ဦးအတွက် မည်ကဲ့သို့ အမှုကင်းအောင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေး ဆွေးနွေးမည့်အချိန်ကို   မိမိပြောပြီးဖြစ် ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးမည့် နေရာသည် မိမိတို့အတွင်းထဲတွင်သာ ဖြစ်ပါလိမ့် မည်ဖြစ်ကြောင်း၊ ယခုလောလောဆယ်တွင် သတင်းယူခွင့်မပေးနိုင်သေးကြောင်း၊ ခေါင်းဆောင်များအဆင့် ဆွေးနွေးသည် များကို မိမိတို့ထုတ်ပြန်သင့်သည် များကို ထုတ်ပြန်မည်ဖြစ်ကြောင်း၊     သို့သော် ထိုဆွေးနွေးပွဲသည်   အရှိန်ရသည့်အခါ မီဒီယာများနှင့်် ပူးပေါင်း ဆောင်ရွက်သင့်သည်များ၊   အသိပေးသင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊   ယခုအချိန်တွင် မဖြစ်နိုင်သေးပါကြောင်း၊ တချို့သောအကြောင်းအရာများ၊ ကိစ္စများသည် မီဒီယာများနှင့်ပတ်သက်၍ ချပြလိုက်သည့် အခါတွင်ဖြစ်စေ၊ အမှန်တကယ်ဆွေးနွေးသည့် အခါတွင်ဖြစ်စေ ထိုကိစ္စများသည် ညှိနှိုင်းဆဲ အခြေအနေမျိုးတွင် ရှိနိုင်သည့် အတွက်ကြောင့်ဖြစ်ကြောင်း၊ အာဆီယံနှင့် ပတ်သက်၍  မိမိတို့၏ ရပ်တည်ချက် သဘောတရားသည် ပြောင်းလဲမည်မဟုတ်ကြောင်း၊ ပြောင်းလဲစရာအကြောင်းလည်း မရှိပါကြောင်း၊  မြန်မာနိုင်ငံ အနေနှင့်     အချုပ်အခြာအာဏာပိုင်သည့်   နိုင်ငံဖြစ်ကြောင်း၊  ထို့ကြောင့် အာဆီယံအထဲမှာလည်း မိမိတို့ကို နားလည်ထောက်ထားနိုင်သည့် လက်တွေ့အခြေအနေကို သဘောပေါက်သည့် နိုင်ငံများရှိကြောင်း၊  တချို့သော  သဘော မပေါက်သည့် နိုင်ငံများလည်း ရှိကြောင်း၊ မိမိပြောခဲ့သကဲ့သို့ သံတမန်ရေးရာနှင့် ပတ်သက်၍ လျှော့ချသည့် ပုံစံမျိုးများ နှုတ်ကမပြောသော်လည်း  လက်တွေ့လုပ်နေသည့် ပုံစံမျိုးများ ရှိကြောင်း၊  ၎င်းနှင့်် ပတ်သက်၍   မိမိတို့အနေနှင့်လည်း မိမိတို့အမျိုးသား အကျိုးစီးပွားကို ကြည့်ပြီး တုံ့ပြန်ဆောင်ရွက် သင့်သည်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြိုင်မြို့နယ် ကန်နီရွာကိစ္စနှင့် ပတ်သက်၍ သတင်းထောက်ကြီး ပြောသည်မှာ မှန်ပါကြောင်း၊ ထိုရွာတွင် အသံချဲ့စက်နှင့်် ရပ်ကွက်ကို  နှိပ်စက်ခဲ့သည့်သူနှင့်  နောက်တစ်ယောက်သည်  အရိုက်လည်းခံရပြီး သေဆုံးခဲ့သည့် ရွာသားများဘက်ကို ဦးအောင် တရားစွဲခဲ့ကြောင်း၊ သေလည်းသေပြီး တရားလည်းအစွဲခံရသည်ဟု  ပြောရမည်ဖြစ်ကြောင်း၊ ထိုသို့တရားအစွဲခံရသူများသည် ယခုအချိန်ထိ မလွတ်သေးပါကြောင်း၊   ထိုကိစ္စနှင့် ပတ်သက်၍   မိမိကြားရသည့် သတင်းသည် ၎င်းတို့ကို အာမခံပေးနိုင်ရန်  အမြန်လုပ်ဆောင်နေသည်ဟု သိရကြောင်း၊ နောက်ထပ်သတင်းကြားလျှင်လည်း မိမိ အကြောင်းကြား ပေးမည်ဖြစ်ကြောင်း  ပြန်လည်ဖြေကြားသည်။

One News သတင်းဌာနမှ ဦးသွင်ထူးအောင်က   ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ရှိတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြီးများ မတက်ရောက်သည့် အတွက်ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးအပေါ် မည်သို့ သက်ရောက်မှုရှိလာနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်အနေနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဖေဖော်ဝါရီလတွင် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌ   ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာဟွန်ဆန်လာသည့်ခရီးစဉ်ကတည်းက မိမိတို့တစ်နှစ် ထပ်မံရပ်ဆိုင်း ပေးမည်ဟု ပြောခဲ့ပြီးဖြစ်ကြောင်း၊ တစ်နှစ်ရပ်ဆိုင်းပေးပြီးသည့် အတွင်းမှာပင် ပစ်ခတ်မှု ဖြစ်နေသည်များ ရှိကြောင်း၊ ယခင်ကတည်းက ကချင်ပြည်နယ်တွင် ထိတွေ့တိုက်ပွဲများ ရှိကြောင်း၊ ဖေဖော်ဝါရီလပြီးမှ   ဖြစ်ပေါ်လာသော ထိတွေ့တိုက်ပွဲများမှာ ကယားပြည်နယ်၊ ချင်း၊ KNU ကရင်ပြည်နယ် ထိုနေရာများတွင် ဖြစ်ပေါ်နေသည်များရှိကြောင်း၊  ထိုသို့ ဖြစ်ပေါ်လာသည့်   အကြောင်းရင်းသည် PDF များ၊   တောခိုသွားသည့်သူများ၊ ပြည်ပြေးများ ရောက်သွားသည့်အခါတွင် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ သတင်းထောက်ကြီးမေးသည့် မေးခွန်းထဲတွင် တိုက်ပွဲဖြစ်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးသည့်အခါ   အကျိုးသက်ရောက်မှု ရှိခြင်းနှင့် ပတ်သက်၍  ၎င်းတို့အနေနှင့်  ယခင်ကတည်းက ရည်ရွယ်ချက် ရှိသည့်အတွက် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် မပါဝင်ခြင်းဖြစ်ကြောင်း၊ မိမိပြောခဲ့သကဲ့သို့ ၎င်းတို့၏ ဒေသခံပြည်သူလူထု၊ ၎င်းတို့၏ ဒေသအပေါ်တွင် ထားရှိသည့် စေတနာကိုမြင်ရခြင်း ဖြစ်ကြောင်း၊ ထိုနေရာများတွင် တိုက်ပွဲဖြစ်နေလျှင် မည်သူတို့နစ်နာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊   တိုက်ပွဲဖြစ်လျှင် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများ နစ်နာမည် ဖြစ်သော်လည်း၊ အနစ်နာဆုံးသည် ထိုနေရာတွင်ရှိနေသည့်   မိမိတို့၏ တိုင်းရင်းသား လုပ်သားပြည်သူများသာ ဖြစ်ကြောင်း၊ ၎င်းတို့ ငြိမ်းချမ်းရေးဆွေးနွေးခြင်းကို မလုပ်နိုင်ခြင်းသည် ၎င်းတို့၏ ဒေသခံ ပြည်သူလူထုအပေါ်၊ ၎င်းတို့၏ ဒေသအပေါ် ၎င်းတို့ထားရှိသည့် စေတနာသည် မှန်/မမှန် ကိုသာဆန်းစစ်ရန်လိုကြောင်း ပြန်လည်ဖြေကြားသည်။

One News သတင်းဌာနမှ  ဦးသွင်ထူးအောင်က လက်ရှိတွင် ကုန်ဈေးနှုန်းသည် အစစအရာရာ တက်နေကြောင်း၊ အခြေခံ စားသောက်ကုန်များလည်း ဈေးတက်နေကြောင်း၊ ဥပမာ ယခင်က ရပ်ကွက်ထဲတွင် ဟင်းချိုမှုန့် အသေးတစ်ထုပ်ကို ၂၀၀ ကျပ် ရောင်းသော်လည်း၊ ယခုတွင် ၅၀၀ ကျပ်ခန့်အထိ ဖြစ်လာကြောင်း၊ ထိုသို့ စီးပွားရေး လုပ်ငန်းတွင် တစ်ဖက်မှာ ငှားရမ်းခများ၊ ဝယ်ယူရသည့် ဈေးနှုန်းများသည် မြင့်တက်လာသော်လည်း ပြန်လည်ရောင်းချသည့်ဈေးနှုန်းမှာ ကုန်ကျစရိတ်ကို ကာမိရန်အတွက်ပင် ပြန်မရဖြစ်နေကြောင်း၊ ဝင်ငွေနှင့် ထွက်ငွေ မမျှတဘဲ အရှုံးများလာကြသည့်   အနေအထားရှိကြောင်း၊ ကုန်ဈေးနှုန်းများ တက်လာသော်လည်း  ဝင်ငွေက  တိုးမလာသည့်အတွက် ပြည်သူများမှာ အခက်အခဲရှိလာကြောင်း၊ ယင်းအခြေအနေမျိုးတွင် ပြည်သူများစီးပွားရေး လုပ်ငန်းများကို   ဝင်ငွေထွက်ငွေမျှတပြီး စီးပွားရေးပြန်လည် ကောင်းမွန်လာအောင် မည်သို့ဆောင်ရွက်မည့် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အစိုးရအနေနှင့် ပြည်သူများ၏လုပ်ငန်းနှင့်ပတ်သက်၍ ကူညီနိုင်သည်များကို ကူညီပေးသွားရန်သာ ရှိကြောင်း၊ ဆိုလိုသည်မှာ စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ် သည်များ၊ ဥပမာ   ဓာတ်မြေသြဇာလိုသည်ဆိုလျှင် မိမိတို့အနေနှင့် မည်သို့တင်သွင်းပေးရမည်၊ နည်းပညာကို မည်သို့ဖြန့်ဖြူးပေးရမည်ဆိုသည်ကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ဝင်ငွေနည်းလာပြီး ထွက်ငွေများလာသည်ဆိုသည်မှာ မိမိ၏အလုပ်လုပ်နိုင်မှု ပေါ်တွင်လည်း မူတည်ကြောင်း၊    အစိုးရအနေနှင့် လုပ်ငန်းများဖန်တီးပေးနိုင်ရန် လုပ်ပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအလိုက် စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများတွင် ပံ့ပိုးပေးနိုင်မည့် အရာမှန်သမျှ မိမိတို့ပံ့ပိုးဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ယခုအချိန်အထိ မိမိတို့လုပ်ပေးနိုင်သည်မှာ    ကိုဗစ်ကာလတွင် ချေးထားသည့် ချေးငွေများကို ပြန်လည်ပေးဆပ်ရမည့်အချိန်ကို လစဉ်၊ လစဉ် ဆိုင်းငံ့ပေးသွားခြင်းမျိုးများ လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် ကမ္ဘာတစ်ဝန်းလုံး၌ ဖြစ်နေသည့်   ကိုဗစ်ကြောင့် စီးပွားရေးကျဆင်းသည့် ဝေဒနာခံစားနေရခြင်းများရှိကြောင်း၊ မိမိတို့၏ပို့ကုန်အများစု၊ လုပ်ငန်းအများစုသည် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းကို  အခြေခံကြောင်း၊ စိုက်ပျိုးရေး ထွက်ကုန်သည်လည်း နယ်စပ်ကုန်သွယ်ရေးကို အဓိကအားကိုးနေရကြောင်း၊ နယ်စပ်ကုန်သွယ်ရေးသည်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်အတွက် ပိတ်ထားခဲ့ရကြောင်း၊ ထိုသို့ ပိတ်ထားသည့် အတွက် အောက်ခြေပြည်သူလူထုတွင်လည်း ထိခိုက်နစ်နာမှုများရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ အစိုးရဘက်ကလည်း ပြန်လည်ဖွင့်နိုင်ရန် မကြာသေးခင်က ၁၀၅ မိုင်ဂိတ်၊ တရုတ်ဘက်မှ ဝင်ရသည့်ဂိတ်များကို ဖွင့်လိုက်သည်များရှိကြောင်း၊ ထိုဂိတ်များ တွင်လည်း စည်းကမ်းစနစ်တကျ ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ အစိုးရအနေနှင့် မိမိတို့လုပ်နိုင်သည့် အရာမှန်သမျှကို   တိုင်းရင်းသား ပြည်သူလူထုအားလုံးအတွက် လုပ်ဆောင်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

Chohesion News Agency မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက နိုင်ငံကြီးများတွင် ၁၈ နှစ်မပြည့်ခင်အထိ ထောက်ပံ့ပေးမှုများ၊ အသက်အရွယ်ကြီးရင့်သူများအား ထောက်ပံ့ပေးခြင်းများကို မြန်မာနိုင်ငံသားများက အင်မတန်အားကျကြပါကြောင်း၊ သို့ရာတွင် ထိုသို့ထောက်ပံ့မှုများမှာ နိုင်ငံသားများက ပေးသည့် အခွန်အခများကိုသာ စီမံခန့်ခွဲ၍ ပေးခြင်းဖြစ်သည်ကို  မိမိတို့နိုင်ငံသားများက မေ့နေကြကြောင်း၊ ဒီမိုကရေစီ နိုင်ငံတစ်ခုကို ထူထောင်လိုသည်ဆိုလျှင် နိုင်ငံသားများသည် အခွန်ထမ်းခြင်းကို   ကြောက်ရွံ့နေ၍မရကြောင်း၊ ယခု ကြီးငယ်မဟူ အခွန်ရှောင်နေကြကြောင်း၊ ကုမ္ပဏီကြီးများအနေနှင့်် အခွန်ကို လွှဲရှောင်နေခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အင်မတန်နစ်နာသည့် ကိစ္စတစ်ခုဖြစ်ကြောင်း၊ နိုင်ငံသားကောင်းများ အနေနှင့် မဖြစ်သင့်သလို နိုင်ငံတော်အစိုးရ အနေနှင့်ကလည်း နိုင်ငံသားတစ်ယောက်၏ ဝင်ငွေနှင့် မျှတသည့် အခွန်ကိုသာ ကောက်ခံသင့်ပါကြောင်း၊ ယခုအခွန်ကောက်ခံသည့်စနစ် ပျက်ယွင်းနေသည်မှာ တစ်နှစ် ကျော်ခဲ့ပြီ ဖြစ်ကြောင်း၊ ထိုသို့ ပျက်ယွင်းနေသည့် အခွန်ကောက်ခံသည့်စနစ်ကို မည်သို့ပြန်လည်ပြုပြင်မည်လဲ၊ သင့်တင့်မျှတသည့် နှုန်းထားများနှင့် မည်သို့ပြန်လည်ကောက်ခံမှု ပြုမည်လဲ၊ အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံမည် ဆိုသည် ကိစ္စဟုတ်/မဟုတ်သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိပြောခဲ့သည်ထဲတွင် ပါပြီးဖြစ်ကြောင်း၊ တချို့ကိစ္စများသည် ဘဏ်ငွေရေး၊ ကြေးရေးကိစ္စများ၊ ပို့ကုန်၊ သွင်းကုန်များတွင် အခွန်ကောက်သည့်ကိစ္စ၊ အခွန်ပြန်လည်ပေးသွင်းရသည့် ကိစ္စများနှင့် ပတ်သက်၍ စည်းစနစ်မကျ သည်များကို စည်းစနစ်ကျရန် ပြန်လည်ပြုပြင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခင်က အမျိုးမျိုးသော အကြောင်းများကြောင့် မကိုင်တွယ်ရဲသည်များ ရှိကြောင်း၊ ၎င်းတို့နှင့် ပတ်သက်၍ စတင်ကိုင်တွယ်လျက်ရှိကြောင်း၊ ဥပမာ မိမိတို့ပြောနေသည့် အပြင်၌လည်းပြန့်နေသည့် မိမိကိုလည်း မီဒီယာများ မေးသည့် ဖုန်းများနှင့် ပတ်သက်၍ မှတ်ပုံတင်ရမည် ဆိုသည်မှာ ဖုန်းနံပါတ်ကို မှတ်ပုံတင်ခြင်း မဟုတ်ကြောင်း၊ ဖုန်းတွင်ပါသည့် နံပါတ်ကို မှတ်ပုံတင်ရမည်ဟု မိမိတို့ပြောခြင်း ဖြစ်ကြောင်း၊ ထိုကိစ္စကိုလည်း အကောင်အထည်ဖော်မည် ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရခြင်းမှာ ဖုန်းအကုန်လုံးသည် ပြည်တွင်းသို့ ဝင်လာသည့်အခါ မည်သည့်အခွန်မျှမပေးဆောင်ဘဲ ဝင်လာကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အတွက်လည်း အခွန်ဆုံးရှုံးရကြောင်း၊ အခွန်ဆိုသည်မှာလည်း နိုင်ငံတော်အတွက်၊ ပြည်သူလူထုအတွက် ပြန်လည် အသုံးပြုခြင်း ဖြစ်ကြောင်း၊ ထိုသို့ အခွန်များ  ဆုံးရှုံးသည့် အတွက်ကြောင့် မဆုံးရှုံးစေရန် စစ်ဆေးသည့် နည်းလမ်းသည် ဖုန်းတွင်ပါသည့်နံပါတ်ကို မှတ်ပုံတင်ပြီး ဖုန်းတင်သွင်းလာသည့် ကုမ္ပဏီကြီးများကို အခွန်ဆောင်ခိုင်းမည် ဖြစ်ကြောင်း၊ ပြည်သူလူထုကို အခွန်ဆောင်ခိုင်းခြင်း မဟုတ်ကြောင်း၊ ထိုအခွန်ဆောင်ခြင်း များကို ယခင်ကတည်းက လွှတ်ပေးထားကြောင်း၊ ထိုကိစ္စများကို မိမိတို့ ပြန်လည်ကန့်သတ် နေသည်များ ရှိကြောင်း၊ မိမိတို့အနေနှင့် စည်းကမ်းနည်းလမ်း ကျလာစေရန် ပြုလုပ်ရမည်များမှာ မိမိပြောခဲ့သည့် ကုမ္ပဏီများ၊ ပြည်ပပို့ကုန်များ၊ ကုမ္ပဏီများ အမည်စာရင်းသွင်းရမည် ဖြစ်ကြောင်း၊ အမည်စာရင်းသွင်းခြင်းသည် ၂၀၁၆ ခုနှစ် ကတည်းက စာရင်းမသွင်းခဲ့သည်မှာ ယနေ့အချိန်အထိ ဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းချက်တွင်လည်း သတ်မှတ်ထားသည့် ကာလအတွင်း စာရင်းသွင်းရမည် ဆိုသည်မှာပါပြီး ဖြစ်ကြောင်း၊ ယခုလိုအရေးယူသည့် အခါမှသာ မည်သို့၊ မည်ပုံဖြစ်သည်ဟူ၍ ပြောနေကြသည်များလည်း ရှိကြောင်း၊ သို့သော် ယခုအချိန်တွင် ထိုအခွန်စနစ်များနှင့် ပတ်သက်၍ သော်လည်းကောင်း၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍သော် လည်းကောင်း စည်းကမ်း နည်းလမ်းကျအောင် မိမိတို့ ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ထိုသို့ ဆက်လက်လုပ်ဆောင် သွားမှသာလျှင် မိမိတို့နိုင်ငံအနေနှင့်   ရေရှည်တည်တံ့မည် ဖြစ်ကြောင်း၊   အခွန်စနစ်များ တွင်လည်း လိုအပ်ချက်အများကြီး ရှိနေကြောင်း၊ ၎င်းကို ထောက်ပြသည့် အတွက်လည်း ကျေးဇူးတင်ပါကြောင်း၊   ၎င်းကိစ္စနှင့် ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Chohesion News Agency မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက အခွန်နှုန်းထားများကိုတိုးမြှင့်ကောက်ခံမည်ဟု ကောလာဟလသတင်းများ ထွက်နေသည်မှာ ဟုတ်/မဟုတ် သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အခွန်နှုန်းထားများနှင့်ပတ်သက်၍ တချို့သော အခွန်နှုန်းထားများကို သင့်တင့်သည့် အခွန်နှုန်းထားများနှင့် ကောက်ခံရန်ရှိကြောင်း၊   မိမိတို့ ကောက်ခံသည်မှာ ပြည်သူလူထုအပေါ်တွင် ကောက်ခံမည် မဟုတ်ကြောင်း၊ ပြည်သူလူထုနှင့် ပတ်သက်သည့်ကိစ္စများတွင်  မိမိတို့ ကောက်ခံမည် မဟုတ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံများတွင် ရှိနေသော ပုံစံဖြစ်သည့် စီးပွားရေးလုပ်သည့် ကုမ္ပဏီကြီးများ၊ လုပ်ငန်းများအပေါ်တွင် အများဆုံးအခွန်ကောက်မည် ဖြစ်ကြောင်း၊ ပြည်သူလူထု ဆောင်ရမည့် သာမန်အခွန်များကို တိုးမြှင့်ကောက်ခံရန်၊ နှုန်းထားအများကြီး တိုးမြှင့်ကောက်ခံရန် အစီအစဉ်လည်း မရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်လာလျှင် မိမိပြောခဲ့သလို လုပ်ဆောင်သွားရန် အခြေအနေများ ရှိကြောင်း ပြန်လည်ဖြေကြားသည်။

Chohesion News Agency မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက ဒုတိယမေးခွန်း အနေဖြင့် နိုင်ငံတော်၏ လွတ်လပ်ရေးရယူရာတွင် ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တည်းရယူခဲ့ခြင်း မဟုတ်ကြောင်း၊ ရဲဘော်သုံးကျိပ်လည်း ပါဝင်ကြောင်း၊ ဗိုလ်ချုပ်ကြီး နေဝင်းသည်လည်း မြန်မာနိုင်ငံ၏ ရှုပ်ထွေးပွေလီလှသည့် နိုင်ငံရေး၊ စီးပွားရေး၊ အခြေအနေကို ကျပ်တည်းစွာကျော်ဖြတ်ဆောင်ရွက်နိုင်သူ တစ်ဦးဆိုလျှင် မှားမည်မဟုတ်ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် သေနတ်ဆိုတာမိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပစ်တယ် ဆိုသည့် စကားကြောင့် လူအများ၏ အမုန်းကို ခံခဲ့ရကြောင်း၊ ယနေ့အချိန်တွင် ယင်း စကားသည် တကယ်မှန်ကန် ခဲ့ကြောင်း၊ နိုင်ငံတော်၏လုံခြုံရေးနှင့် အန္တရာယ်ရင်ဆိုင် လာရသည့်အချိန်တွင် နိုင်ငံခေါင်းဆောင်သည် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမည် ဆိုသည့် သင်ခန်းစာကိုပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီကို ခုတုံးလုပ်၍ သေနတ်ကို မိုးပေါ်ထောင်ပြီး ပစ်ခတ်ခဲ့ခြင်းကြောင့် အကြမ်းဖက်သူများ ပိုမိုများပြားလာပြီး အကြမ်းဖက်သူများ၏  သေနတ်မှာ    အပြစ်မဲ့ပြည်သူများကို တည့်တည့်ပစ်ခြင်း ခံခဲ့ရကြောင်း၊ ဗိုလ်ချုပ်ကြီး နေဝင်းသည်   မြန်မာ့ တပ်မတော်၏ မျိုးဆက်ကို ဆက်လက်ထူထောင်ခဲ့သူ ဖြစ်ကြောင်း၊ (၇၇)နှစ်မြောက်   တပ်မတော်နေ့ အခမ်းအနားသို့ ဗိုလ်မှူးဒေါ်စန္ဒာဝင်း တက်ရောက်ခဲ့သည်ကို ဝမ်းသာစွာ မြင်တွေ့ခဲ့ရကြောင်း၊ ဗိုလ်မှူးဒေါ်စန္ဒာဝင်းသည် မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ် ရှေ့တန်းစခန်းများအထိ ကိုယ်တိုင်သွားရောက်ပြီး ဆေးကုသပေးခဲ့သည်ဟု သိရကြောင်း၊ ငယ်စဉ်ကလေးဘ၀ ကျောင်းနေစဉ်ကတည်းက ကျောင်းသင်ခန်းစာများတွင် ဗိုလ်ချုပ်အောင်ဆန်းကိုသာ Hight Light ပေးခဲ့ကြောင်း၊ Generation တစ်ခုမှာ ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံဖြင့်အကြောင်းပြုပြီး လုပ်စားခဲ့သောကြောင့် တိုင်းပြည်မည်ကဲ့သို့ ဖြစ်ခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊  ထို့ကြောင့် နောင်လာမည့်မျိုးဆက်များအတွက်  လွတ်လပ်ရေးကြိုးပမ်းမှုနှင့် နိုင်ငံတော်ထူထောင်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရဲဘော်သုံးကျိပ်၊ တပ်မတော်၏ကြိုးပမ်းမှုအခန်း ကဏ္ဍကိုလည်း ပြဋ္ဌာန်းစာအုပ်များတွင် ထည့်သွင်းစေလိုကြောင်း၊ နိုင်ငံပိုင် မီဒီယာနှင့် ရေဒီယိုများမှလည်း ထုတ်ပြန်ပေးစေလိုကြောင်း၊ ရဲဘော်သုံးကျိပ်နှင့် တပ်မတော်၏အခန်းကဏ္ဍကို ပြသပေးစေလိုကြောင်း၊ နောင်လာမည့် စာသင်နှစ်များတွင်လည်း ထည့်သွင်းသင်ကြားပေးနိုင်ခြင်း ရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သူများစွာရှိကြောင်း၊   လွတ်လပ်ရေးဆိုသည်မှာ အလွယ်တကူပေါ်ပေါက်ခဲ့ခြင်း မဟုတ်ကြောင်း၊ အပင်တစ်ပင်စိုက်သကဲ့သို့ တယုတယ စိုက်ရကြောင်း၊   ဗိုလ်ချုပ်အောင်ဆန်းနှင့်ရဲဘော်သုံးကျိပ်၊ တပ်မတော်သည် လွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်းရာတွင် ပြည်သူနှင့်အတူပါဝင်ခဲ့ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကို ပြန်ကြည့်လျှင် နယ်ချဲ့အင်္ဂလိပ်များက မိမိတို့နိုင်ငံကိုသိမ်းပိုက်ခဲ့ကြောင်း၊ ၁၀ နှစ်ကြာ မျိုးချစ်စစ်ပွဲကြီးဖြစ်ခဲ့ကြောင်း၊ လွတ်လပ်ရေးရရှိရန် သူရဲကောင်းများစွာ ကြိုးစားခဲ့ကြောင်း၊ ၁၉၂၀ တွင်(ဝိုင်အမ်ဘီအေ)နှင့် (ဂျီစီဘီအေ)တို့ ပေါ်ပေါက်ခဲ့ကြောင်း၊ ၎င်းတို့ကလည်း လွတ်လပ်ရေးအတွက် မျိုးစေ့ချခဲ့ကြသူများ ဖြစ်ကြောင်း၊ ၁၃၀၀ ပြည့် အရေးတော်ပုံတွင် ပေါ်ပေါက်ခဲ့သည့် သခင်ဖိုးလှကြီး၊ ဆရာစံစသည့် သူရဲကောင်းများသည်လည်း မြန်မာ့ လွတ်လပ်ရေးအတွက်  ကြိုးပမ်းခဲ့သူများဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းရာတွင် အားလုံးကြိုးစား ခဲ့သည်ကို သမိုင်းအထောက်အထားများအရ   အားလုံးသိရှိပြီးဖြစ်ကြောင်း၊  နိုင်ငံတော်အနေဖြင့် လွတ်လပ်ရေး ကြိုးပမ်းသူများကိုလည်း အသိအမှတ်ပြုဂုဏ်ပြုပေးခဲ့ကြောင်း၊ မိမိအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် တစ်နှစ်ခန့်နေခဲ့ကြောင်း၊ တရုတ်နိုင်ငံတွင် မော်စီတုန်းပုံသာ ရှိကြောင်း၊ တိန့်ရှောင်ဖိန် ပုံမရှိကြောင်း၊ တရုတ်နိုင်ငံတိုးတက်အောင် လုပ်ခဲ့သည်မှာ တိန့်ရှောင်ဖိန်သာဖြစ်ကြောင်း၊ သို့သော် တရုတ်ယွမ်ငွေများတွင် မော်စီတုန်းပုံသာရိုက်နှိပ်ထားကြောင်း၊ အဓိကပြောလိုသည်မှာ ပြည်သူလူထုစိတ်ထဲတွင် ရှိရန်သာ လိုကြောင်း ပြန်လည်ဖြေကြားသည်။

97 Media သတင်းထောက် နန္ဒလင်း(ထားဝယ်)က  မြန်မာနိုင်ငံသို့  အာဆီယံ လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေးဆိုင်ရာကိစ္စရပ် ဆောင်ရွက်နေသည်ကို သိရှိရကြောင်း၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား လက်ရှိဆောင်ရွက်နေသည့် အခြေအနေကို သိလိုကြောင်းမေးမြန်းသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင်ပြုလုပ်ခဲ့သော အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင်ပါရှိသည့် တူညီဆန္ဒ ၅ ချက်၏ နံပါတ် ၄ အချက်တွင်ပါရှိသည့် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားသည့်အကူအညီပေးရေးကိစ္စကို ဆွေးနွေး ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စများကို ဆောင်ရွက်ရာတွင် လိုအပ်သည့်ပေါင်းစပ်ညှိနှိုင်းမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းကိစ္စရပ်များကို ဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်း၍  Task Force ဖွဲ့စည်းပြီး ဆောင်ရွက်နေကြောင်း၊ ပထမအဆင့် အနေဖြင့် အမေရိကန် ဒေါ်လာ ၁ သန်းကျော် ထောက်ပံ့ပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး၊ ကုသရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများ ပံ့ပိုးပေးခဲ့ကြောင်း၊ ထိုပစ္စည်းများကို တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ဆေးရုံ ၅၈ ရုံသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ ဖြန့်ဝေခဲ့ပြီး ဖြစ်ကြောင်း၊  ထို့ပြင်   ကိုဗစ်-၁၉ နှင့် ပတ်သက်သည့်    ကာကွယ်ဆေးအပြင် လူသားချင်းစာနာမှု အကူအညီများပေးရန် ဒုတိယအဆင့်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး တက်ရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ အာဆီယံ၏ အထူးကိုယ်စားလှယ်  ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအတွင်းရေးမှူးချုပ်၊UN အပါအဝင် အာဆီယံ၏ ပြင်ပမိတ်ဖက် နိုင်ငံများ ဖြစ်သည့်် နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများလည်း တက်ရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေလုပ်ထုံးလုပ်နည်း၊ အာဆီယံ၏မူများနှင့်အညီ ဒုတိယအဆင့်တွင်လည်း ပထမအဆင့်မှာကဲ့သို့ပင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကတိကဝတ်များပေးခဲ့ကြောင်း၊ မည်သူ့ကိုမျှချန်မထားဘူးဟူသည့် လူသားချင်းစာနာမှု မူများနှင့်အညီ ဆောင်ရွက်သွားရန် သဘောတူညီမှုများရခဲ့ကြောင်း၊ ရှေ့ဆက်ပြီး ထိုကဲ့သို့ ဆောင်ရွက်မည့်် နေရာများ၊ ပါဝင်မည့် အဖွဲ့အစည်းများ လိုအပ်သည့်အကူအညီများပေးရန်အတွက် ဆန်းစစ်မှုများ ပြုလုပ်သည့်အခါ မြန်မာနိုင်ငံမှ  Task Force နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန်၊ ထို့နောက်ရှေ့ပြေး စီမံကိန်းများ ချမှတ်ပြီးဆောင်ရွက်သွားကြရန်နှင့်် ထိုသို့ဆောင်ရွက်သည့််အခါ၊ အကူအညီများပေး သည့်အခါ တွင်လည်း နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်းများ မဖြစ်စေရန်၊ ပြည်တွင်းရေးကို မစွက်ဖက်ရန်နှင့် အချုပ်အခြာအာဏာကို ထိပါးမှုမရှိစေရန်ဆိုသည့် အရာများနှင့်် ကြပ်မတ်ဆောင်ရွက်သွားရန် ရှိကြောင်း ပြန်လည်ဖြေကြားသည်။

မြန်မာသံတော်ဆင့်   သတင်းဌာနမှ အယ်ဒီတာချုပ် ဦးကိုကိုကြီးက ပြန်ကြားရေး ဝန်ကြီးဌာနမှ ပြည်သူများ သတင်းမှန် သိရှိနိုင်ရန် MRTV Mobile Applicaiton ကိုလွှင့်တင်ခဲ့ကြောင်း၊ သို့သော် အမေရိကန်နိုင်ငံက ကုမ္ပဏီများ၊ ပြည်တွင်း/ပြည်ပအဖျက်သမားများ    ပူးပေါင်းပြီး နည်းပညာအသာစီးရယူ၍ Website ကို နည်းမျိုးစုံဖြင့် Media နှောင့်ယှက်မှု အမျိုးမျိုး ပြုလုပ်ခဲ့ကြောင်း၊ ပြည်သူများ သတင်းမှန်သိရှိနိုင်ရန်အတွက်   မိမိတို့၏မိတ်ဆွေနိုင်ငံများ ဖြစ်သည့် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ အကူအညီများဖြင့် သတင်းမှန်များ လွှင့်တင်နိုင်ရန် စီစဉ်ဆောင်ရွက်မှု ရှိ/မရှိ သိလိုပါကြောင်း၊  မေးခွန်းနံပါတ်(၂)အနေဖြင့် စက်သုံးဆီဈေးနှုန်း မြင့်တက်နေသည့် ကိစ္စဖြစ်ပါကြောင်း၊  စက်သုံးဆီဈေးနှုန်းမြင့်တက်သည့်အတွက်  ကုန်ဈေးနှုန်းများ လိုက်ပါမြင့်တက်ပါကြောင်း၊ ဗဟိုဘဏ်မှ ဒေါ်လာများ ရောင်းချနေသော်လည်း ကုမ္ပဏီများက ဈေးမချဘဲ ဆက်လက်ရောင်းချနေ သည်ကိုတွေ့ရပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ မေလ ၁၇ ရက်နေ့က  အောက်တိန်းတစ်လီတာကို ၁၉၅၀ ကျပ်ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်၊ မေလ ၁၉  ရက်နေ့တွင် အောက်တိန်း တစ်လီတာကို ၂၂၅၀ ကျပ်အထိ ဈေးနှုန်းမြင့်တက် သွားကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက်  မည်သို့ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းသည်။

MRTV မှ ညွှန်ကြားရေးမှူးချုပ်က  MRTV App သည်  ၂၀၂၂ ခုနှစ်၊ မေလ ၄ ရက်နေ့က ဖွင့်ပွဲလုပ်ခဲ့ကြောင်း၊ ဖွင့်ပွဲလုပ်သည့်အချိန် ကတည်းကပင် တိုက်ခိုက်မှု များရှိခဲ့ကြောင်း၊ မိမိတို့ဘက်က ပြင်ဆင်မှုများ ပြုလုပ် ထားသည့်အတွက်  နောက်တစ်ရက်အကြာတွင် ဖြုတ်ချခံခဲ့ရပါကြောင်း၊ MRTV App ကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ လတ်တလောတွင် MRTV App ကရပ်နေသော်လည်း မူလ MRTV ၏ Website ရှိပါကြောင်း၊ အခြား Social Media များတွင်လည်း မိမိတို့ App  ရှိကြောင်း၊ ထို့ကြောင့် MRTV ၏ ထုတ်လွှင့်မှုသည် မူလ Media အပြင် အခြား Online Media များတွင် လွှင့်ဆဲဖြစ်ကြောင်း၊ ထို့ကြောင့် MRTV အနေဖြင့် ရသည့်နည်းလမ်းမျိုးစုံဖြင့် ပြည်သူများ၏သတင်းသိရှိပိုင်ခွင့်ကို ဆက်လက်ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်သုံးဆီနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် Supply တစ်ခုလုံးကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  စွမ်းအင်လုံခြုံရေး အထောက်အကူပြု စေရန်အတွက် နိုင်ငံတော် အရန်ဆီသိုလှောင်ထားပါကြောင်း၊ နိုင်ငံတော်တွင် စက်သုံးဆီလိုအပ်ချက်ကို ပုံမှန်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်းနှင့် နိုင်ငံတော်အတွက် လုံလောက်သည့် စက်သုံးဆီပမာဏ တစ်ရပ်ရှိသည်ဟု ပြောလိုကြောင်း၊ ဈေးနှုန်းနှင့်ပတ်သက်ပြီး စီးပွား/ကူးသန်း ဒုတိယဝန်ကြီးဥက္ကဋ္ဌ၊ အဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းထား ပါကြောင်း၊ စက်သုံးဆီအမျိုးအစားအလိုက်   ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်စေရန် ရန်ကုန်/မန္တလေး လက်ကားဈေးနှုန်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး/မြို့နယ်များအလိုက်  လက်လီဈေးနှုန်းများသတ်မှတ်ပြီး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေနံနှင့်ပတ်သက်၍ ကမ္ဘာ့ရေနံဈေးနှုန်း   ကြီးမြင့်လာသည့် အတွက်ကြောင့် အတိုင်းအတာတစ်ခုအထိ ကြီးမြင့်နေမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စွမ်းအင်လုံခြုံရေးနှင့် ပတ်သက်ပြီး အရန်ဆီများ ထားရှိနိုင်ရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်စေရေးအတွက် လက်လီ/လက်ကား ဈေးနှုန်းများ သတ်မှတ်ပြီး ထိန်းချုပ်ဆောင်ရွက်လျက် ရှိကြောင်း၊ တင်သွင်း/ သိုလှောင်/ဖြန့်ဖြူးရေး လုပ်ငန်းကို ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

General life  သတင်းဌာနမှ အယ်ဒီတာဦးအောင်ထူးထက်က ကျောင်းပညာရေးနှင့်ပတ်သက်ပြီး မြေပြင်တွင် မိမိတို့ သတင်းထောက်များသည် သွားလာနေသည့်အတွက် အရပ်စကားအရ ပြောရမည်ဆိုပါက အမေအာဏာရမှ ငါတို့သားသမီးများကို ကျောင်းထားမည်ဆိုခြင်းမျိုး၊ စစ်ကောင်စီ လက်အောက်တွင်   ငါတို့သားသမီးများ စာမသင်ဘူးဆိုခြင်းမျိုး၊   မိမိတို့သည် မွေးကတည်းကပင် နိုင်ငံတော်၏ နိုင်ငံသား ဖြစ်သည့်အတွက် ထိုအချိန်က မည်သည့်အစိုးရပင်ဖြစ်လင့်ကစား ကလေးများနှင့် ပတ်သက်ပြီး တာဝန်ရှိပါကြောင်း၊ မကြာမီအချိန်တွင် ကျောင်းများပြန်ပြီးလက်ခံမည် ဖြစ်ကြောင်း၊ ကျောင်းလက်ခံသည့် အချိန်တွင် သက်ဆိုင်ရာဒေသအလိုက်အစွဲဖြင့် မိမိတို့ ယခုအစိုးရလက်ထက်တွင်   မထားဘူး၊ မိမိတို့ မျှော်မှန်းသည့် အစိုးရလက်ထက်ရလာလျှင် ကျောင်းထားမည်ဆိုပါက လက်ရှိအစိုးရအနေဖြင့် ကလေးများ၏ အနာဂတ်လူသားအရင်းအမြစ်နှင့် ပတ်သက်ပြီး ယိုဖိတ်သွားခြင်းကို မိဘများနှင့် ထိန်းညှိဆောင်ရွက် ဆွေးနွေးခြင်း၊ မလိုက်နာပါက အရေးယူမှုဆိုခြင်းမျိုး စသည့်လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး မည်သို့စီစဉ် ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိတို့အနေဖြင့် အသိပညာပေးခြင်းနှင့် သတိပေးခြင်းမျိုးကိုသာ လုပ်နိုင်ကြောင်း၊ ပညာရေး မည်မျှအရေးကြီးကြောင်း၊ ပညာရေးနှင့် ပတ်သက်ပြီး မည်သို့ရှိကြောင်း၊ သို့သော်လည်း ၎င်းတို့က ထိုသို့ပြောနေသော်လည်း ၎င်းတို့ သားသမီးကို ကျောင်းထားခြင်းမျိုးရှိပါကြောင်း၊ သတိပေးလိုသည်မှာ ထိုသို့ဆက်လုပ်နေပါက နားရွက်အကိုက်ခံရသည့် မိဘမျိုးဖြစ်မည်ဖြစ်ကြောင်း၊ မိဘက မဆုံးမသဖြင့် သူခိုးဖြစ်သွားသည့် ပုံပြင်ကို ကြားဖူးကြမည်ဖြစ်ကြောင်း၊ ငယ်ငယ်ကသူခိုးဖြစ်သွားသည်ကို မဆုံးမသဖြင့် ဓားပြဖြစ်သွားကြောင်း၊ ကြီးလာသည့်အခါ လူသတ်မိပြီး ခေါင်းဖြတ်သတ်ခံရခါနီးအချိန်တွင် အမေကို မည်သို့မှာလိုသနည်းဟု ဆိုသည့်အခါတွင် အမေကိုအနားခေါ်ပြီး  နားရွက်ကိုကိုက်ဖြတ်လိုက်ကြောင်း၊ အမေ မဆုံးမခဲ့၍ မိမိအသတ်ခံရပြီဟုပြောခံရသည့်  မိဘမျိုးဖြစ်မည်ဟု ပြောလိုကြောင်း၊ မိမိအနေဖြင့် ထိုသို့ထိအောင် ပြောမှသာလျှင်  နားထဲရောက်မည် ဖြစ်သောကြောင့်    နားထဲရောက်အောင်  ပို့ပေးခြင်း ဖြစ်ကြောင်း၊ ထိုသို့ဆက်လုပ် နေပါက နားရွက်ကိုက်ဖြတ် ခံရသည့် မိဘမျိုးဖြစ်ပြီး ကိုက်ဖြတ်ခံရမှသာ နောင်တရမည်ဟု မိမိအသိပညာ ပေးလိုပါကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍  General Life သတင်းဌာနမှ ဦးအောင်ထူးထက်က ဒုတိယမေးခွန်း အနေဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်နေသည့် စီမံချက်နှင့် ပတ်သက်၍ လက်ရှိအချိန်အထိ  ဆောင်ရွက်ပြီးစီးသည့် ရာခိုင်နှုန်း ကိန်းဂဏန်းကို ဖြေပေး၍ရပါက ဖြေပေးစေလိုကြောင်း မေးမြန်းသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  တာဝန်ရှိသူတစ်ဦးက ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစပြီး  ဆောင်ရွက်ခဲ့ပါကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားကတ်ကိုင် ဆောင်ခွင့် တစ်မျိုးမျိုး ထုတ်ပေးခြင်းများ ဆောင်ရွက်ပါကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်း၊ ငြိမ်းချမ်းရေး အဖွဲ့အစည်း၊ လုံခြုံရေးအဖွဲ့အစည်း၊ သတင်းမီဒီယာအဖွဲ့အစည်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်း၊ ရပ်မိရပ်ဖများနှင့် မိမိတို့ဌာနဖြင့် ပူးပေါင်းဆောင်ရွက်ပါ ကြောင်း၊ လက်ရှိအခြေအနေမှာ လျာထားချက်၏ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း၊ အရေအတွက်အားဖြင့် ၃ သန်းကျော်ပြီးစီးပြီ ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

တဲ့ပြောသတင်းဌာနမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက သမ္မတကြီး ဦးသိန်းစိန် လက်ထက်တွင် ဖွဲ့စည်းထားသည့် စည်ပင်သာယာရေး ကော်မတီသည် နည်းဥပဒေ၊ ဥပဒေများထွက်ထားပြီး ဖြစ်ကြောင်း၊ မြို့နယ် အထောက်အကူပြုကော်မတီ၊ ရပ်/ကျေး အထောက်အကူပြု ကော်မတီကို  လက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြည်သူလူထုပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းစေရန် ဆိုသည့် အကြောင်းတရားပေါ်တွင် ပေါ်ပေါက်လာပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးကဲ့သို့သော နေရာမျိုးတွင် စည်ပင်သာယာရေး ကော်မတီရှိပါကြောင်း၊ ယခင်က စည်ပင်သာယာရေးကော်မတီသည် အရပ်သားများဖြင့် သီးခြားဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ထိုအဖွဲ့အစည်းများသည် စည်ပင်သာယာရေး လုပ်ငန်းစဉ်များကို ကြီးကြပ်ဆောင်ရွက်သည့် အခါတွင် အောင်မြင်ဖြစ်ထွန်းခဲ့ပါကြောင်း၊ အထောက်အကူပြု ကော်မတီသည်လည်း မြို့နယ်၊ ရပ်/ကျေးများတွင် ပိုမိုအားကောင်းလာခဲ့ပါကြောင်း၊ အများအားဖြင့် ဖွဲ့စည်းထားသည်ကို မတွေ့ရပါကြောင်း၊ နောင်တစ်ချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရက ငါ့မြင်း ငါစိုင်းပြီး လုပ်သွားသည်ဆိုခြင်းမျိုးကို နဂိုကပြောလိုသည့်မီဒီယာများရှိခဲ့ပါကြောင်း၊ ယင်းသို့ ဖြစ်ပေါ်လာမည်ကို  စိုးရိမ်သောကြောင့် မိမိကို ကရင်ပြည်နယ်တွင်ရှိသည့် မြို့မိမြို့ဖများက ယခုမေးခွန်းကို မေးစေလိုသည့်အတွက် မိမိက မီဒီယာအနေဖြင့် မေးမြန်းရခြင်းဖြစ်ကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  ယခင်ကဖွဲ့စည်းထားခြင်းရှိပါကြောင်း၊ ယခုအချိန် တွင် မိမိအနေဖြင့် ဖွဲ့စည်း ထားခြင်းရှိ/မရှိ မသိပါကြောင်း၊ ထိုကိစ္စကိုမှတ်သားပြီး တင်ပြပေးမည်ဟုသာ ဖြေကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တဲ့ပြောသတင်းဌာနမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက မိမိသည် အသက် ၅၀ ကျော်ပြီဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြီး နေဝင်းလက်ထက်ကတည်းက   မွေးခဲ့ကြောင်း၊ မိမိသည် တိုင်းရင်းသားဒေသတွင် မွေးခဲ့သည့် အတွက်   စစ်၏အနိဋ္ဌာရုံကို အနှစ် ၅၀ လုံးခံခဲ့ရကြောင်း၊ မိမိတွေ့ရသည်မှာ မည်သည့် တိုင်းရင်းသား လက်နက်ကိုင်မှ  ရဟန်းသံဃာ၊ သင်းအုပ်ဆရာများသတ်သည်ကို မတွေ့ရကြောင်း၊ ယခုအခါ ရဟန်းသံဃာများ သတ်ခြင်းကို မမြင်ရက်အောင်ပင် တွေ့နေရပါကြောင်း၊ ဝမ်းနည်းစရာကောင်းသည်မှာ ဒေါ်ဇင်မာအောင် အမေရိကန်နှင့် အာဆီယံတွေ့ဆုံပွဲတွင် ရခိုင်တိုင်းရင်းသားများ၏ သဘောထားမည်သို့ ရှိသည်ကို မပြောကြောင်း၊ NUG ၏ ဝန်ကြီးတစ်ယောက်အနေဖြင့် ၎င်းပြောသည်က  OIC ၏ ပိုက်ဆံကို မျှော်ပြီးပြောခြင်းလည်း ဖြစ်နိုင်ကြောင်း၊ NUG ၏ သဘောထားကို ဖော်ပြခြင်းလည်း ဖြစ်ကြောင်း၊ ၎င်းက ရခိုင်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုးစု ၉ စု၊ တိုင်းရင်းသား ၁၃၅ မျိုးတွင်မပါဝင်သည့်လူမျိုးစုကို နယ်မြေခွဲပေးမည်ဆိုသည့်ကိစ္စကို  ပြောခဲ့ကြောင်း၊ ယမန်နေ့က ထပ်ပြီးသတင်းတက်လာကြောင်း၊ NUG နှင့် AA ဆွေးနွေးသည့် အခါတွင် ရခိုင်နိုင်ငံတော်ကို ထူထောင်ခွင့်ပြုသည်ဟု ၎င်းကပြောကြောင်း၊ မိမိပြောလိုသည်မှာ မြန်မာနိုင်ငံတွင် အကြွေးများတင်နေကြောင်း၊ NUG အစိုးရက ဆပ်မည်ဟု မိမိကြားလိုကြောင်း၊ နိုင်ငံတကာကို ဆပ်ရမည့် ကြွေးမြီများကို NUG အစိုးရက ဆပ်ပါမည်ဟု မိမိတို့ကြားလိုကြောင်း၊ မေးခွန်းမမေးမီ အာဖဂန်နစ္စတန်ကိုကြည့်စေလိုကြောင်း၊   အာဖဂန်နစ္စတန်သည် တစ်ချိန်က  ဗုဒ္ဓဘာသာနိုင်ငံဖြစ်ကြောင်း၊ ဤကိစ္စကို မိမိအား ဆရာတော်တစ်ပါးက သတင်းပါးသည့်အတွက် ပြောကြားရခြင်း ဖြစ်ကြောင်း၊ ဒေါ်ဇင်မာအောင် ပြောသည့်ပုံစံသည် ရခိုင်ပြည်နယ်မည်သို့ဖြစ်သွားမည်လဲ၊ AA အနေဖြင့် လက်ခံတွေ့ဆုံမည် ဆိုပါက ထွန်းမြတ်နိုင်က  ၎င်း၏ ရခိုင်ပြည်ကြီးကို အာဖဂန်နစ္စတန်ကဲ့သို့ လုပ်လို၍လားဟု ၎င်းကို မေးခွန်းထုတ်ရမည် ဖြစ်ကြောင်း၊ ၎င်းကိုယ်တိုင် သတင်းစာရှင်းလင်းပွဲကို ကြည့်နေမည်ဆိုပါက   ၎င်းကိုယ်တိုင် ဖြေကြား၍ရပါကြောင်း၊ ငြိမ်းချမ်းရေးတွင် KNU လည်း NCA လက်မှတ်ထိုးထားပါကြောင်း၊ ဖဒိုစောတာနီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရက NCA ပျက်သွားပြီဟုဆိုပါကြောင်း၊ NCA လက်မှတ် စတင်ရေးထိုးစဉ်က မိမိသတင်းထောက်ဘဝဖြင့် လိုက်လာခဲ့ပါကြောင်း၊ တပ်မတော်က အာဏာသိမ်းလျှင် NCA ပျက်စီးသည် ဆိုသည့်အချက်ကို မတွေ့ခဲ့ရပါကြောင်း၊ ၎င်းပြောသည့် စကားအပေါ်တွင် ငြိမ်းချမ်းရေးအတွက် ဝမ်းနည်းမိပါကြောင်း၊ မိမိတို့ ကရင်ပြည်နယ်တွင် တံတားအတော်များများ မိုင်းခွဲခံနေရကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် ကျောင်းအတော်များများ   မီးရှို့ဖျက်ဆီး ခံနေရပါကြောင်း၊ ထိုအရာများသည်  ပြည်သူ့၏ ဘဏ္ဍာ၊ ပြည်သူ့၏  အသက်သွေးချွေးများ ဖြစ်ကြောင်း၊    ယနေ့မြှောက်ပေးနေသည့် OIC နိုင်ငံများက တစ်ချိန်မြန်မာနိုင်ငံ၏ ပြန်လည်တည်ဆောက်ရေးတွင် ၎င်းတို့က တစ်ခုမျှ လုပ်ပေးမည် မဟုတ်ပါကြောင်း၊ မည်သည့်အစိုးရတက်တက် ပြည်သူ့အခွန်ဘဏ္ဍာဖြင့်   ပြုလုပ်ရမည်ဖြစ်ကြောင်း၊ မိမိမေတ္တာရပ်ခံတောင်းဆိုလိုသည်မှာ မြန်မာနိုင်ငံတွင်ရှိသော ဘာသာရေးခေါင်းဆောင်များကို ဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲတွင် မိမိမေးခွန်းထုတ်လိုသည်မှာ NCA အပေါ်   တိုင်းရင်းသားလက်နက်ကိုင် အားလုံးပါဝင်လာရန်အတွက် ဘာသာရေး ခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံ မပြိုကွဲရေးအတွက် ပါဝင်ပေးရန် ဆန္ဒရှိပါသလားဟု  TV Channel ပေါ်မှ တောင်းဆိုလိုကြောင်း၊ မြန်မာနိုင်ငံကို ကောင်းစား စေလိုသည်၊  အလုံးစုံငြိမ်းချမ်း စေလိုသည် ဆိုပါက  ဘာသာရေးခေါင်းဆောင်များအနေဖြင့် NCA လမ်းကြောင်းပေါ်သို့ တိုင်းရင်းသားလက်နက်ကိုင် အားလုံးကို ဆွဲခေါ်ပေးရန် တာဝန်ယူပေးစေလိုပါ ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ဘာသာရေးခေါင်းဆောင်များ ပါဝင်လာပါက လက်ခံပေးမည့် အစီအစဉ် ရှိ/မရှိနှင့် သွားရေးလာရေးမှစ၍ အစစအရာရာကို စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မူဝါဒမှာ နိုင်ငံတော်ဝန်ကြီးချုပ်  ကိုယ်တိုင်လည်း ပြောပြီးဖြစ်ကြောင်း၊ အကျိုးတော်ဆောင် အဖွဲ့များနှင့် ပတ်သက်လာပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးမည့် မည်သည့်ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းမဆို လက်တွဲလုပ်ဆောင်ရန် အသင့်ရှိသည်ဟု  တိတိလင်းလင်း ပြောပြီးဖြစ်ကြောင်း၊   မိမိတို့၏မူဝါဒ၊ ရပ်တည်ချက်သည် ထိုအတိုင်းသာဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

နိုင်ငံ့အကျိုးပြုသတင်းမီဒီယာမှ အယ်ဒီတာ ကိုခန့်က လက်ရှိတွင် ပြည်သူအများ လတ်တလော တွေ့ကြုံနေရသည့် အခက်အခဲမှာ စားဝတ်နေရေးအပြင် မီတာခများ ပိုမိုကောက်ခံနေသည့် ကိစ္စဖြစ်ကြောင်း၊ လျှပ်စစ်မီးသည် ယခင်ကဲ့သို့ နေ့စဉ်အချိန် တိုင်းမဟုတ်ဘဲ လေးနာရီခြားသာ အသုံးပြုနေရသော်လည်း မီတာခွန်မှာ ယခင်ကထက် ပိုမိုကောက်ခံနေခြင်းကို ကြုံတွေ့နေရကြောင်း၊ လျှပ်စစ်မီတာရုံးမှ တချို့ ဝန်ထမ်းများသည် နိုင်ငံရေးအခက်  ဝန်ထမ်းများအချက် ဆိုသလို မီတာဆောင်ရန်နောက်ကျလျှင် ဒဏ်ကြေး၊ မီတာစာရွက်များပျောက်လျှင် ဒဏ်ကြေး၊  မီတာခမှန်မှန်ဆောင်သော်လည်း   ယခင်ကထက်  ပိုမိုကောက်ခံခြင်း စသည်တို့ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယင်းဖြစ်စဉ်များသည်  တစ်မြို့နယ်တည်း၌ ဖြစ်ပေါ်နေခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံး၌ ဖြစ်ပေါ်နေကြောင်း၊ ယင်းဖြစ်စဉ်များ ထပ်မံမဖြစ်ပေါ်စေရေး သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူများကို မည်သို့ပြန်လည်ဖြေရှင်းပေးမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက လျှပ်စစ်မီတာခ ပိုမိုနေသည့် ကိစ္စနှင့်ပတ်သက်၍ လျှပ်စစ်မီး အသုံးပြုသူများ အနေဖြင့် မီတာ Bill နှင့်အတူ သက်ဆိုင်ရာမြို့နယ်ရုံးများကို သွားရောက် တင်ပြမည်ဆိုလျှင် သက်ဆိုင်ရာမြို့နယ်ရုံး များက   သွားရောက်စစ်ဆေးပြီး  ပိုမိုကောက်ခံထားသည်ဆိုပါက မိမိတို့ပြန်လည်စိစစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တချို့မီတာများကို စက်နှင့်ဖတ်ပြီး တချို့ကို လူနှင့် ဖတ်ရှုရသည့်အခါ မိမိတို့အနေဖြင့် အနည်းအများ ချွတ်ယွင်းချက် ရှိနိုင်ကြောင်း၊ လျှပ်စစ်မီး   အသုံးပြုသူများ အနေဖြင့် သက်ဆိုင်ရာ မြို့နယ်ရုံးများသို့ ဆက်သွယ် ဆောင်ရွက်ပါက မိမိတို့အနေဖြင့် လိုက်လံဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

နိုင်ငံ့အကျိုးပြု  သတင်းမီဒီယာမှ အယ်ဒီတာ ကိုခန့်က ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်ရန် လှုံ့ဆော်သူများ၊ အကြမ်းဖက်သူများနှင့် အကြမ်းဖက် သောင်းကျန်းသူများ၏  သတင်းများကို ပြည်သူများက လျှို့ဝှက်စွာသတင်းပေးလိုကြသော်လည်း လျှို့ဝှက်သတင်းပေးသူများကို  အကာအကွယ်မပေးသည့်အပြင် တချို့နေရာများ၌ သတင်းမှန်ပေးသူများပါ အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခံနေရကြောင်း၊ ထို့ပြင် အာမခံဆိုသည့်အချက်ကို အသုံးပြုပြီး အကြမ်းဖက်သမားများကို အာမခံဖြင့်ပြန်လည် လွှတ်ပေးနေသည်ကို တွေ့ရှိရကြောင်း၊ တချို့နေရာများ၌ လာဘ်ငွေများရယူပြီး မနက်ဖမ်း ညနေပြန်လွှတ်ပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းကဲ့သို့  သတင်းပေးများ  အသက်အန္တရာယ်လုံခြုံမှု မရှိသည့်အပြင် အကြမ်းဖက်လှုံ့ဆော်သူများ၊ ပြည်ဖျက်အကြမ်းဖက်သမားများကို ဖမ်းဆီးရန် နှောင့်နှေးသော်လည်း မျိုးချစ်သတင်း ပေးများကိုမူ တချို့သော အကြောင်းအရာများကြောင့် ၎င်းတို့အသုံးပြုသည့် Wave Pay, Kpay နှင့်ဖုန်းများကို စစ်ဆေးရန်ဟုဆိုကာ  ပိတ်ပင်ခြင်းများကို အချိန်နှင့်တစ်ပြေးညီ  လုပ်ဆောင်နေကြကြောင်း၊ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မျိုးချစ်သတင်းပေးများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းသို့သော ကိစ္စရပ်များရှိပါက တိကျစွာတိုင်ကြားရန် ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက သတင်းပေးသူကို ကာကွယ်မပေး နိုင်ဘူးလားဆိုသည့် ကိစ္စနှင့်ပတ်သက်၍ သတင်းပေးသူများရော၊ ကျန်သည့် ဥပဒေဘောင်အတွင်း၌ နေထိုင်သည့် လူများကိုပါ မိမိတို့အနေဖြင့် အစွမ်းကုန်ကာကွယ်ပေးနေပါကြောင်း၊ သတင်းပေးသည့်သူများကိုလည်း လျှို့ဝှက်ထား ပါကြောင်း၊ မည်သူက သတင်းပေးဟူ၍ ထုတ်ဖော်ပြောကြားခြင်း မရှိပါကြောင်း၊  အကြမ်းဖက်မှုသည် အာမခံရသည့်    အမှုမဟုတ်ပါကြောင်း၊ ထို့ကြောင့် အာမခံမပေးပါကြောင်း၊ ဖမ်းဆီးရမိသည့် အရေးယူမှုများ ကိုလည်း  အခါအားလျော်စွာ သတင်းထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ တချို့က အကြမ်းဖက်မှုကို Wave Pay, Kpay များဖြင့်  ငွေကြေးထောက်ပံ့မှုများရှိပါကြောင်း၊ အကြမ်းဖက်မှုကို  ငွေကြေးထောက်ပံ့ခြင်းသည်လည်း အကြမ်းဖက်မှု ကျူးလွန်ခြင်းသာ ဖြစ်ပါကြောင်း၊ ယင်းတို့ကို စိစစ်တွေ့ရှိပါကလည်း မိမိတို့အနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

နိုင်ငံ့သစ္စာအွန်လိုင်းအေဂျင်စီမှ သတင်းထောက် ဦးအောင်ကျော်ဦးက ပြီးခဲ့သည့် (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် မိမိနှင့်အတူ မိမိ၏တပည့် ကျော်ဖြိုးလှိုင် တက်ရောက်ခဲ့ကြောင်း၊ ယခုမိမိတပည့်ကလေးကို KNU က နေအိမ်ထဲအထိ သေနတ်သမား ၇ ယောက်နှင့် လုပ်ကြံခဲ့ရာ သေနတ်ဒဏ်ရာ ၂ ချက်ရခဲ့ကြောင်း၊ လာရောက် လုပ်ကြံသည့်သူများအထဲတွင် သေနတ်အရှည် တစ်ယောက်မျှမပါကြောင်း၊ သေနတ်အတိုများနှင့်ဖြစ်ကြောင်း၊ ၎င်း၏ မိခင်နှင့် ညီမလေးသည် ရရှိသည့်ဒဏ်ရာနှင့််ပင်  ထိုနေရာမှာ  ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ မိမိအဓိကမေးလိုသည်မှာ ပစ်ခတ်မှုဖြစ်ပြီး ၄၅ မိနစ်ခန့်အကြာတွင် ရဲများရောက်လာကြကြောင်း၊ ထိုသို့လာရောက်ပစ်ခတ်သည့်  KNU  များအထဲတွင် အချင်းချင်း ပြန်လည်ပစ်ခတ်မိ၍ သေဆုံးသွားသူရှိကြောင်း၊ ထိုအလောင်းကို ၎င်းင်းတို့၏ဆိုင်ကယ်နှင့် ပြန်သယ်ယူ သွားကြကြောင်း၊ ရဲများရောက်ရှိလာသည့်အချိန်တွင် KNU များသည်  လယ်ကွင်းထဲ၌သာ ရှိပါသေးကြောင်း၊ ရဲများလိုက်လျှင် မီသေးပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် KNU များက ၎င်းတို့လူ၏ အလောင်းကို ဆိုင်ကယ်ပေါ်မှာ တင်လိုက်၊ ပြုတ်ကျလိုက်၊ ဆိုင်ကယ်မောင်းလိုက် ပြုတ်ကျလိုက်နှင့်  ခရီးမတွင်ပါကြောင်း၊ သို့သော် နောက်ကလိုက်၍ ဖမ်းဆီးခြင်း၊ သုတ်သင်ရှင်းလင်းခြင်း မရှိခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့် လိုက်လံဖမ်းဆီးခြင်း မပြုလုပ်သလဲဟု မေးရာတွင် အထက်အမိန့်မရခြင်းကြောင့်ဟု ပြောပါကြောင်း၊ မိမိတို့အနေနှင့်် မည်သူ့ကိုအားကိုးရမည်လဲ၊ အထက်အမိန့်စောင့်နေသည် ဆိုသည့်သူများကလည်း အမှန်တကယ်ပဲ အထက်အမိန့်ကို စောင့်ခြင်းဖြစ်ပါသလား၊  ကြောက်၍မလိုက်ခြင်းလား၊ အားမနာတမ်း ပြောရလျှင် ဖရဲသီးများလားဟူ၍ပင် ဝေခွဲ၍မရကြောင်း၊ အချိန်လွန်မှ ၎င်းတို့နောက်ကလိုက်သည့် အခါတွင် KNU များက စစ်တောင်းမြစ်ကို ကျော်သွားခဲ့ပြီဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ်တို့ အနေနှင့် မည်သို့စစ်ဆေး အရေးယူမှုများ ပြုလုပ်သွားမည်ကို သိလိုကြောင်း၊  ထိုအဖြစ်အပျက်သည်   ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်  တောင်ခင်ကျေးရွာအုပ်စု  ၂၀၂၂ ခုနှစ် မေလ ၅ ရက် မွန်းလွဲ  ၂ နာရီကျော်တွင် ဖြစ်ပွားခဲ့ ကြောင်း၊ ခေတ်အဆက်ဆက်  အမြစ်ပြတ်အောင်မတိုက်ခဲ့သည့် KNU ကို ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင်   အမြစ်ပြတ်ချေမှုန်းရန်ရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဤဖြစ်စဉ်ကို မိမိတို့ဆီကိုပေးခဲ့စေလိုကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့လည်းပြောပြီး ဖြစ်ကြောင်း၊   ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်နှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးများကို ထိခိုက်လာလျှင် မိမိတို့က လက်တုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ ဖြစ်ပျက်နေသည့် အခြေအနေများကိုလည်း သိပြီးဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ တချို့နေရာများတွင် သောင်းကျန်းသူများ၊  တချို့ EAO အဖွဲ့များအနေနှင့် အတွင်းထဲအထိ PDF များနှင့််ပေါင်း၍   စိမ့်ဝင်လာခြင်းများရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် အချို့မှာလည်း အားနည်းချက်များ ရှိလိမ့်မည် ဖြစ်ကြောင်း၊ ထိုသို့သော အားနည်းချက်များ  ရှိမည်ဆိုလျှင်လည်း မိမိတို့ကိုပြော၍ရကြောင်း၊ ထောက်ပြနိုင်ကြောင်း၊   ငြိမ်းချမ်းရေးဖိတ်ခေါ်သည့်အခါတွင် တချို့သော EAO များသည် လာခြင်း၊ မလာခြင်းနှင့် ပတ်သက်၍ ပြောရုံသာမကဘဲ လက်နက်ကိုင်ပဋိပက္ခပိုမို ဖြစ်ပွားရေးနှင့် ပတ်သက်ပြီး ပြောဆိုနေသည်များ ရှိကြောင်း၊ မိမိအနေနှင့်ပြောလိုသည်မှာ လက်နက်ကိုင်ပဋိပက္ခများ ပိုမိုဖြစ်ပွားရေးနှင့်် ပတ်သက်၍ ပြောနေသည့် အကျိုးဆက်ကို ၎င်းတို့သာ ခံစားရလိမ့်မည်ဟု ပြန်လည် ဖြေကြားသည်။

နိုင်ငံ့သစ္စာအွန်လိုင်းအေဂျင်စီမှ သတင်းထောက် ဦးအောင်ကျော်ဦးက တောခိုသွားသည့် PDF များအထဲတွင် အကြမ်းဖက်လုပ်ရပ်များ မလုပ်ဘဲ ပြစ်မှု မကျူးလွန်ထားသူဆိုလျှင် နွေးထွေးစွာ ပြန်လက်ခံမည်ဟု သိရကြောင်း၊ ဗိုလ်ချုပ်လည်း ပြောခဲ့ဖူးကြောင်း၊ လက်ရှိမန္တလေး၌ လက်ခံနေသည်ကိုလည်း သိကြောင်း၊ မိမိမေးလိုသည်မှာ PDF လည်းမလုပ်၊ တောလည်းမခိုဘဲ၊ တပ်မတော်က အာဏာထိန်းပြီးနောက်ပိုင်း မြို့နယ်များတွင် စီတန်းဆန္ဒပြခြင်းများ လုပ်ခဲ့ကြကြောင်း၊ ထိုသို့ဆန္ဒပြပြီးနောက်ပိုင်း အဖမ်းခံရမည်စိုးသဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့်သူများလည်း ယခုအချိန်အထိရှိနေကြောင်း၊ ထိုထွက်ပြေးတိမ်းရှောင် နေသည့် ပုဂ္ဂိုလ်များကိုလည်း သက်ဆိုင်ရာ ရဲစခန်းများ၊ မြို့နယ်ရဲစခန်းများက ၅၀၅ နှင့် အမှုဖွင့်ထားသည်များလည်းရှိကြောင်း၊ အကယ်၍ ၎င်းတို့ပြန်လာလျှင် အမှုမှကင်းလွတ်ခွင့်ပြုမည်လား၊ အမှုအတိုင်း ဆက်လက်ရင်ဆိုင်ရမည်လား သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းအမှုနှင့်် ပတ်သက်၍ ၅၀၅ နှင့် အမှုဖွင့်ထားသည် ဆိုလျှင် သက်ဆိုင်ရာကို လျှောက်ထားရမည်ဖြစ်ကြောင်း၊ ထိုသို့လျှောက်ထားပြီးသည့်အခါတွင် မိမိတို့က ပြန်လည်စိစစ်ပေးမည် ဖြစ်ကြောင်း၊ ယခုလည်းလျှောက်ထားနေသည့်သူများ ရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ အမှုပြန်လည် ပိတ်သိမ်းပေးသည် များလည်း ရှိကြောင်း၊ လုပ်ငန်းအသေးစိတ်ကို ပြည်ထဲရေးဝန်ကြီးဌာနက ပို၍အသေးစိတ်ဖြေကြား ပေးလိမ့်မည်ဟု ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အစောပိုင်းကာလများတွင် ဆန္ဒ ပြသူများအထဲတွင် ပါခဲ့သည်ဆို၍ အချို့သူများက စိုးရိမ်စိတ်နှင့်ကြောက်ပြီး ထွက်ပြေး တိမ်းရှောင်နေသူများလည်း ရှိကြောင်း၊ ၎င်းထွက်ပြေး တိမ်းရှောင်သူများနှင့် ပတ်သက်၍ လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရည်ရွယ်ချက်ရှိရှိနှင့််တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့၍    ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင် အဆောက်အဦများ ဖျက်ဆီးမှု၊ CDM လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်  ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူများအနေနှင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုလျှင် ရေးဖွင့်ထားသည့် ဥပဒေကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ   ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကို နိုင်ငံပိုင်သတင်း စာများနှင့် မြန်မာ့ရုပ်မြင်သံကြား၊  မြဝတီရုပ်မြင် သံကြားတို့မှ ၂၀၂၁ ခုနှစ် သြဂုတ်လ ၄ မှ ၈ ရက်နေ့အထိ  အသိပေးထုတ် ပြန်ပြီးဖြစ်ကြောင်း၊ ထိုသို့ထုတ်ပြန်သည့်အချိန်တွင် မိမိတို့ဆီသို့ သတင်းပို့ရန်အတွက် သတင်းစာများတွင်လည်း ဖုန်းနံပါတ်များ ထည့်သွင်း၍ ထုတ်ပြန်ပေးခဲ့ကြောင်း၊ လာရောက်သတင်းပို့လျှင်လည်း မိမိတို့ သက်ဆိုင်ရာရဲစခန်းများက မည်သို့ဆောင်ရွက်ပေးရမည် ဆိုသည်ကိုလည်း သက်ဆိုင် ရာအောက်ခြေအထိ တစ်နိုင်ငံလုံးကိုလည်း ညွှန်ကြားပေးပြီးဖြစ်ကြောင်း၊ ညွှန်ကြားချက်အတိုင်း ရဲစခန်းများကလည်း ဆောင်ရွက်ပေးနေပါကြောင်း၊ ထိုကဲ့သို့ သတင်းပို့ရန် လာသည့်အခါတွင် လတ်တလော၎င်းင်းတို့ကို ခံဝန်များ ပေးထားကြောင်း၊  ထို့နောက် ၎င်းတို့အပေါ်တွင် စွဲဆိုထားသည့် ပြစ်မှုရှိ/မရှိစိစစ်ပါကြောင်း၊ အကယ်၍ ပြစ်မှုရှိလျှင် အမှု၏ အတိုင်းအတာကိုစိစစ်ပြီး အဆင့်ဆင့်တင်ပြကာ ဥပဒေနှင့်အညီ ရုပ်သိမ်း၍ရမည်ဆိုလျှင် ဆောင်ရွက်ပေးပါကြောင်း ပြန်လည်ဖြေကြားသည်။

နိုင်ငံ့သစ္စာအွန်လိုင်းအေဂျင်စီမှ သတင်းထောက် ဦးအောင်ကျော်ဦးက ၅၀၅(က) ဖြင့် အမှုဖွင့်ခံထားရသည့် လူတစ်ယောက်က  ပြစ်မှုတစ်စုံတစ်ရာမှမရှိဘဲသူများ ယောင်တိုင်း  လိုက်ယောင်သည့်လူဖြစ်ကြောင်း၊ သို့သော် ထိုလူကို မြို့နယ်ရဲစခန်းက အမှုဖွင့်ထားကြောင်း၊ ထိုလူကပြန်လာနေပြီး မြို့နယ်ရဲစခန်းမှာ   အဆင်မပြေလျှင် မည်သည့်နေရာကို ဆက်ပြီးအကြောင်း ကြားရမည်ကို    သိလိုကြောင်းမေးမြန်းသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြို့နယ်ရဲစခန်းက အဆင်မပြေစရာမရှိကြောင်း၊ မိမိတို့က လုပ်ငန်းစဉ်များကို ချပေးထားပြီး ဖြစ်ကြောင်း၊ ချမှတ်ပေးထားသည့် လုပ်ငန်းစဉ်အတိုင်းသာ ဆောင်ရွက် ပေးသွားလိမ့်မည်ဖြစ်ကြောင်း၊ ယုံယုံကြည်ကြည်နှင့် သွားပြီး သတင်းပို့ရန် လိုကြောင်း၊ သတင်းစာထဲတွင်လည်း ယုံကြည်စိတ်ချစွာဖြင့် သတင်းပေးပို့နိုင်ပါသည်ဟု ကြေညာထားကြောင်း၊ ထိုအတိုင်းသာ သတင်းပေးပို့ ဆက်သွယ်သည့် သူများလည်း အများကြီးရှိကြောင်း၊ ၎င်းတို့အားလုံးကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ခေတ်ပုံရိပ်သတင်းဂျာနယ်မှ သတင်းထောက် ဦးဝင်းနိုင်က  မိမိတို့မီဒီယာ ဆိုသည်မှာ  အစိုးရနှင့်ပြည်သူ့အကြား ပေါင်းကူးတံတားလည်းဖြစ်ကြောင်း၊ မီဒီယာသည် ပြည်သူများ၏ လိုအပ်ချက်ကို အစိုးရသိအောင် အစိုးရ၏ ဆောင်ရွက်ချက်များကို ပြည်သူများသိအောင် ရေးသားဖော်ပြပေးရန် လိုအပ်ကြောင်း၊   ထို့ကြောင့် ပြည်သူများ အမှန်တကယ် လိုအပ်နေသည့် ကိစ္စရပ်များကို မေးမြန်းလိုကြောင်း၊ တိုင်းနှင့်ပြည်နယ် အရပ်ရပ်တွင် မီးရထားလမ်းဘေးကျူးကျော်၊ ကားလမ်းဘေးကျူးကျော်နှင့်  စီမံကိန်းနှင့် စည်ပင်ကျူးကျော်များကို   ဖယ်ရှားရှင်းလင်းခဲ့သည်ကို တွေ့ရကြောင်း၊ ယင်းကိစ္စ များကလည်း မြို့တော်စည်ပင်သာယာရေးအတွက် အလွန်ကောင်းမွန် သောကြောင့် ထောက်ခံအားပေးကြောင်း၊  သို့သော် ကျူးကျော်ဆိုသည့် မိသားစုများက မိမိတို့ နိုင်ငံသားများ ဖြစ်ကြောင်း၊     တချို့ပင်လယ်ကမ်းပြိုသည့်အတွက်   ရွာပျက်၊ လယ်များ ပျက်စီးသောကြောင့် ရေကြည်ရာ မြက်နုရာ ဟုဆိုသည့်အတိုင်း မှီတင်းနေထိုင်ရန်  အဆင်ပြေသည့်နေရာသို့ ပြောင်းရွှေ့လာ ကြခြင်းက နှစ်ပေါင်း ၁၀ နှစ်ကျော်၊ ၁၅ နှစ်ကျော်ရှိခဲ့သည့် မိသားစုများ ရှိကြောင်း၊ ၎င်းတို့ အခြေတကျဖြစ်မှ ဖယ်ရှားခံရသည့်အတွက် တချို့ဆိုမည်သည့်နေရာတွင် နေရမည်မှန်းမသိကြကြောင်း၊ အိုးမဲ့အိမ်မဲ့ မိသားစုလိုက် သူတစ်ပါးအိမ်တွင် ငှားရမ်းနေထိုင်ရကြောင်း၊ ထိုသို့ဖယ်ရှားခံရသည့် အိမ်ထောင်စုဝင်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ အနေဖြင့် မည်သို့နေရာချထား၊ ကူညီပေးနိုင်ရန်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မည်သည့်နေရာကိုပြောပါသလဲဟု ပြန်၍မေးမြန်းရာ သတင်းထောက် ဦးဝင်းနိုင်က ပဲခူးတိုင်း ဒေသကြီးအတွင်းတွင် မိမိတွေ့ရကြောင်း ဖြေကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ကို ယခင်တုန်းကတိုင်း ထိုမေးခွန်းကို  မေးမြန်းပြီး ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အဖြေအတိုင်းသာ မိမိဖြေကြားမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က မြေနေရာ ချထားမှု   ဆောင်ရွက်လျက်ရှိသည်ဟု တစ်ခွန်းပဲပြောကြောင်း၊   မိမိလည်း ထိုအတိုင်းပြောမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar Hard Talk သတင်းဌာနမှ သတင်းထောက် ဦးရဲလင်းထွန်းက လက်ရှိ နိုင်ငံတော်အိမ်စောင့်အစိုးရ၏ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးနှင့် နိုင်ငံခြား ဆက်ဆံရေးကိုင်တွယ်ပုံများသည် ပျော့ပျောင်း လွန်းသည်ဟု ပြည်သူများ၏ဝေဖန်မှုများ မြင့်တက်နေကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်တို့ အစိုးရအနေဖြင့် အမှန်တကယ် ပျော့ပျောင်းနေသည်လား၊ မနိုင်မနင်းဖြစ်နေပြီလား၊ မည်ကဲ့သို့ဖြစ်နေပြီကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက တချို့သောမေးခွန်းများကလည်း ဖြေသည့်လူသည်လည်း မေးသည့်သူက မည်သည့်အတွက်ကြောင့် မေးသည်ကို ပြန်စဉ်းစားပြီးမှ မိမိဖြေရခြင်းဖြစ်ကြောင်း၊  ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးနှင့် ပတ်သက်ပြီး တပ်မတော်သည် ၁၉၄၈ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင်   ပြည်တွင်းသောင်းကျန်းမှုသည်  Internal Factor, External Factor ဟူ၍ ရှိကြောင်း၊  ပြည်တွင်းသောင်းကျန်းမှု တစ်ခုဖြစ်ပေါ်လာရန်၊ ၎င်းလူများကို ကျွေးရန်၊ လက်နက်/ခဲယမ်း တပ်ဆင်ရန်၊ ၎င်းတို့မှာ လက်ရှိ ရှိသည့်ငွေနှင့် မည်သည့်နိုင်ငံမှ ဖြစ်စရာအကြောင်း မရှိကြောင်း၊ ယူကရိန်းကဲ့သို့နိုင်ငံမျိုးပင် အမေရိကန်လိုနိုင်ငံက ဒေါ်လာ ဘီလီယံ ၄၀ ခန့် ထောက်ပံ့နေရကြောင်း၊ မည်သည့်အတွက်ကြောင့် ထောက်ပံ့နေသလဲဆိုလျှင် နိုင်ငံချင်းဖြစ်သည့် စစ်ဖြစ်ကြောင်း၊ ၎င်းသည် EAO  အဖွဲ့ဖြစ်ကြောင်း၊ အထောက်အပံ့မရှိဘဲ မည်သည့်အရာမှ ဖြစ်မလာကြောင်း၊ ရုတ် တရက် ဟုန်းခနဲထတောက်လာခြင်းမဟုတ် ကြောင်း၊ ယခင်ကတည်းကတိုင်ထည့်နေ သည့်လောင်စာရှိကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ၎င်းင်းလူများသည် မိမိတို့နိုင်ငံသားဖြစ်သည်ကိုသိကြောင်း၊ တပ်မတော်ရှိ လက်နက်များကို အလှပြထားသည့်လက်နက်များဖြစ်သည်ဟု တချို့ကပြောကြကြောင်း၊ တချို့နေရာတိုင်းတွင် လုပ်ချင်တိုင်းလုပ်၍မရကြောင်း၊ နောက်ဆက်တွဲများ အများကြီးရှိကြောင်း၊ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေး

နှင့်ပတ်သက်ပြီး မိမိတို့မလုပ်ချင်သည့်အတွက် ငြိမ်းချမ်းရေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သို့သော် တချို့သောနေရာများတွင် လုပ်သင့် လုပ်ထိုက်သည်များကို လုပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံခြား ဆက်သွယ်ရေးနှင့်ပတ်သက်ပြီး နိုင်ငံခြားဆက်သွယ်ရေးမူဝါဒများအတိုင်း မိမိတို့  လိုက်လျော လုပ်ဆောင်ကြောင်း၊ တစ်ဖက်က ပြောသည့်အတွက်ကြောင့် နိုင်ငံခြားသံအမတ်များနှင့်ပတ်သက်ပြီး မည်သို့ တုံ့ပြန်စေလိုပါသလဲ၊  နိုင်ငံခြားသံတမန်ဆက်ဆံရေးသည် အင်မတန်မှနက်နဲသည့် ကိစ္စဖြစ်ကြောင်း၊ အပေါ်ယံလေးတွင် တွေ့နေရသည့် သတင်းတင်မဟုတ်ကြောင်း၊ မိမိ ဥပမာတစ်ခုပြောလိုသည်မှာ မြန်မာနိုင်ငံနှင့် စီးပွားရေးအဆက်အသွယ်ဖြတ်လိုသည့် နိုင်ငံများရှိကြောင်း၊ ပါးစပ်ကစီးပွားရေး အဆက်အသွယ်ဖြတ်မည်ဟု ပြောပြီး သို့သော် နောက်ကွယ်က ထိတွေ့ဆက်ဆံလိုသည့် အပိုင်းများ အများကြီးရှိကြောင်း၊ ဥပမာ- ယူကရိန်းနှင့်ရုရှားတွင် ရုရှားနိုင်ငံမှ EU နိုင်ငံများသည် ဓာတ်ငွေ့မဝယ်ဘူး။ ပိတ်မည် ပြောကြောင်း၊ ၎င်းအပြင်နေရာမှ လှည့်ပြီး ရှာဖွေဝယ်ယူမည့်ပုံစံများရှိကြောင်း၊ ထိုကိစ္စသည် ၎င်းတို့အပိုင်းဖြစ်ကြောင်း၊ မိမိတို့အပိုင်းတွင်လည်း ထိုကိစ္စမျိုးများရှိနေကြောင်း၊ တချို့နေရာတွင် ယခုသတင်းစာရှင်းလင်းပွဲများတွင် မိမိတို့ပြောနေရသည့်စကားသည် ဘာလုပ်ပစ်၊ ညာလုပ်ပစ်ဟုပြော၍လည်းမရကြောင်း၊ ပြောစရာလည်း အကြောင်းမရှိ ကြောင်း၊ မိမိတို့အနေဖြင့် ပြောလိုသည်မှာ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးအတွက် နှစ်မျိုးဆောင်ရွက်လျက်ရှိကြောင်း၊ နံပါတ်(၁) ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊   နံပါတ်(၂) ပြည်သူ့အသက်အိုးအိမ်စည်းစိမ်နှင့် နိုင်ငံ တော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါးလာမှုမှန်သမျှကို လုံခြုံရေး နှင့်ကာကွယ်ရေးအရ ဆောင်ရွက်သင့်သည် များဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံခြားဆက်ဆံရေးနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် အခြေခံဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်သည့်အခါတွင် မိမိတို့နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားနှင့် ပတ်သက်ပြီး အထိမခံဘဲ ကာကွယ်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar Public Press မှ တာဝန်ခံ အယ်ဒီတာ ဒေါက်တာစိုးမြင့်ဦးက မိမိ မေးလိုသည်များကို ရှေ့တွင်မေးမြန်းသွားကြပြီးဖြစ်၍ ယခုသတင်းစာရှင်းလင်းပွဲသို့လာစဉ် ဆရာမတစ်ယောက်က ဖုန်းဆက် မေးမြန်းချက်နှင့် ပတ်သက်၍ မေးလိုကြောင်း၊ တာဝန်မှကင်းကွာသွားသည့် CDM များကို ပြန်လည်ဖိတ်ခေါ် နေသည်ကို တွေ့ရကြောင်း၊  ယခင်အစိုးရလက်ထက်တွင် နိုင်ငံရေးကို စိတ်မဝင်စားဘဲ   အမျိုးသားအရေးကို ရှေ့တန်းထားသည့် ဆရာ/ဆရာမတချို့ကို  အပြစ်အမျိုးမျိုးရှာပြီး   ထုတ်ပယ်ခံခဲ့ရသည့် ပုဂ္ဂိုလ်များရှိကြောင်း၊ ၎င်းတို့ကို အပြစ်ရှာခံထားရသည့် ကိစ္စများမှာလည်း  တာဝန်မှလပေါင်းများစွာ ကင်းကွာနေသည့် ပြစ်မှုလောက်  မကြီးကျယ်ပါကြောင်း၊  ထို့ကြောင့်  ထိုဆရာမများကို ဖိတ်ခေါ်သည့်အထဲတွင် ပါစေလိုကြောင်း၊ ပါ/မပါလည်း မိမိတို့ တိတိကျကျမသိရကြောင်း၊ ပုဒ်မ ၅၀၅ ဖြင့် ငြိစွန်းသည့် ဆရာမများလည်း   ပြန်လျှောက်လို့ရ/မရ လည်းသိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  သတင်းထောက်ကြီး၏ ဆိုလိုရင်းကို မသိရှိကြောင်း ပြန်လည်မေးမြန်းရာ ဒေါက်တာစိုးမြင့်ဦးက တာဝန်မှကင်းကွာသွားသည့် ပညာရေးဝန်ထမ်းများကို ပြန်လည်ဖိတ်ခေါ်သည့် ကိစ္စကို ဆိုလိုကြောင်း၊ ယခင်က ပြစ်မှုကြီးကြီးမားမား မရှိဘဲ ထုတ်ပယ်ခံထားရသည့် ဆရာ/ဆရာမများ ကိုလည်း ဖိတ်ခေါ်သည့်အထဲတွင် ပါ/မပါ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပညာရေးဝန်ကြီးဌာနနှင့် မိမိတို့ ထုတ်ပြန်ထားသည့် အထဲတွင် ထုတ်ပယ် ခံထားရသည့် သူများဟု မပါကြောင်း၊ ကင်းကွာသွားသည့် သူများသာပါကြောင်း၊  ယင်းနှင့်ပတ်သက်၍ ယခင်က ဆရာမတစ်ယောက်လည်း အငြိမ်းစားယူ သွားပြီးမှ ပြန်၍အလုပ်ဝင်လိုသူဟု မိမိထင်ကြောင်း ကိစ္စကိုလည်း သက်ဆိုင်ရာကို တင်ပေးလိုက်ကြောင်း၊ ထိုလမ်းကြောင်းအတိုင်း သက်ဆိုင်ရာသို့ တင်ပါဟုပြောလိုကြောင်း၊ ထုတ်ပယ် ခံထားရသည့်သူများ မပါကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar Public Press မှ အယ်ဒီတာ ဒေါက်တာစိုးမြင့်ဦးက  Social Media တွင် ပညာရေးဝန်ကြီး ဖရဲသီးစသည်ဖြင့် ရေးသားထားသည်ကိုတွေ့ရကြောင်း၊ တချို့တွင် ပြစ်မှု၊ပြစ်ဒဏ် မပေါ်လွင်လည်း အတင်းအဓမ္မ ဆွဲသွင်းပြီး ဖြုတ်ချခြင်းမျိုးများ ရှိကြောင်း၊ ထိုဆရာမကိုလည်း တရားလွှတ်တော်ချုပ်ရုံးမှ စာချွန်တော် မင်းအာဏာဖြင့် ပြန်ပြီး တရားစွဲသည့် အခါတွင် အနိုင်ရရှိ သော်လည်း ပြန်ပြီးစစ်မည်ဟုဆိုကာ ပြန်လည် ဖြုတ်ထုတ်သည်များလည်းရှိကြောင်း၊ အငြိုးအတေးကြီးပြီး ဆရာတစ်ယောက်ကိုလည်း ထိုနည်းလည်းကောင်း ဖြစ်ကြောင်း၊ ကာယကံရှင်က ပြစ်မှုမကျူးလွန်ကြောင်း ပြောသော်လည်း မရဘဲ ထုတ်ပယ်လိုက်ကြောင်း၊ နောက်ဆုံးလုပ်ကြံခံရသည်အထိ အငြိုးအတေးကြီးကြောင်း၊ ထိုကိစ္စများသည် တရားမျှတမှု မရှိသကဲ့သို့   ဖြစ်နေကြောင်း၊ ယင်းကိစ္စများကို မည်သို့လုပ်၍ရမည်ကို သိလိုကြောင်း၊ ထုတ်ပယ်လိုက်သည့် အခါမှာလည်း အတော်ပင် မမျှမတဖြစ်နေကြောင်း၊ အကျိုးအကြောင်း ခိုင်လုံစွာဖြင့် တင်ပြသော်လည်း ထူးခြားမှုမရှိကြောင်း၊ ယခင်လူများ ဆုံးဖြတ်ထားသည်ကိုသာ ဥပဒေနှင့်ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ ကာကွယ်ပြီးပြောဆိုနေသဖြင့် အချိန်ကုန်နေသောကြောင့် ကာယကံရှင်များအနေ ဖြင့် နစ်နာနေရကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုကိစ္စကို မိမိအနေဖြင့် ထပ်တင်ပါဟုပြောလိုကြောင်း၊ သတင်းထောက်ကြီးအနေဖြင့် ထိုကဲ့သို့ သောကိစ္စမျိုး အမ်းအနီးအနားမှ ရွာတစ် ရွာနှင့်ပတ်သက်၍ မေးမြန်းဖူးကြောင်း၊ ယင်းရွာနှင့် ပတ်သက်ပြီး  မည်သို့နစ်နာ နေကြောင်း၊ ရွာသားများနစ်နာနေကြောင်း၊ ယင်းနှင့်ပတ်သက်၍ အမှန်တကယ် မြေပြင်တွင် စုံစမ်းသည့်အခါ မြေပြင်တွင် သက်သေအထောက်အထားအရ  ၂၀၀၇  ခုနှစ် ကတည်းက   ထိုရွာသည်  မြေပြိုသဖြင့် ပြောင်းသွားကြကြောင်း၊ ထိုပြောင်းသွားသည့်နေရာကို တိုင်းစစ်ဌာနချုပ်က ရောက်သည့်အခါ စစ်မှုထမ်းများကို နေရာချသည့်အချိန်တွင် စစ်မှုထမ်းဟောင်းများသည် ယင်းမြေပြို သွားသည့်နေရာကို ၎င်းတို့က နေရာယူကြောင်း၊ စစ်မှုထမ်းဟောင်းများရောက်လာပြီး လမ်းပေါက်သည့်အချိန်မှ တချို့ရွာသားများက ပြန်ရောက်လာသည်ကိုသိရကြောင်း၊ ယခုမိမိပြောလိုသည်မှာ ယင်းကိစ္စနှင့်ပတ်သက်၍ စာထပ်တင်ပါဟု ပြောလိုကြောင်း၊ တချို့ကိစ္စများသည် ပုဂ္ဂလိကပိုင်းဆိုင်ရာနှင့် ဌာနပိုင်းဆိုင်ရာ ထိခိုက်နိုင်ကြောင်း၊  ထိုကိစ္စများသည်မှန်၊   မမှန်ဆိုသည်ကို  မိမိတို့ အောက်ခြေအထိ လိုက်ပြီးမှသာ သိရမှာဖြစ်ကြောင်း၊  ယခုသတင်းစာရှင်းလင်းပွဲကို ပြည်သူလူထုတစ်ရပ်လုံးကြည့်နေတာဖြစ်၍ စွပ်စွဲခံရသူနှင့် စွပ်စွဲသူဘက်မှ မျှတရန်လိုကြောင်း၊  ယခုသတင်းစာရှင်းလင်းပွဲကို တချို့ပြည်သူများ နားထောင်နေခြင်းကြောင့် ထိုကိစ္စသည် ဖြစ်နိုင်/မဖြစ်နိုင် ဆင်ခြင်သည်ထက် လူသည်အကြားနှစ်ခုကြားသည့်အခါ ဦးနှောက်နှင့်် ဆုံးဖြတ်ခြင်းထက် နှလုံးသားနှင့် ခံစားတာများကြောင်း၊ နှလုံးသားနှင့် ခံစားတာများသောကြောင့် မတရားဘူး ဒါကတော့ ဖြစ်နိုင်တယ်ဆို၍ ဖြစ်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် LIve လွှင့်ပြီး ပြော၍ရတိုင်း အခွင့်အရေးကို အသုံးမချသင့်ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar Public Press မှ အယ်ဒီတာ ဒေါက်တာစိုးမြင့်ဦးက မိမိတို့ သတင်းစာရှင်းလင်းပွဲတွင် တင်ပြသည့်အခါ တချို့ဝန်ကြီးဌာနများက အရေးတယူ ဆောင်ရွက် ခြင်းများရှိကြောင်း၊ ပြီးခဲ့သည့်အပတ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဝန်ကြီးကိုယ်တိုင် ချက်ချင်းချိတ်ဆက်ပြီး လျင်လျင်မြန်မြန် ဆောင်ရွက်ပေးကြောင်း၊ တချို့ဌာနများသည် တင်ပြစာတင်သော်လည်း မည်သို့မျှ တုံ့ပြန်ခြင်းမျိုးမရှိကြောင်း၊ သတင်းစာရှင်းလင်းပွဲတွင် တင်ပြချက်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနများအားလုံးက အလေးပေးဆောင်ရွက်မှုရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စသည် ဝန်ကြီးဌာန၏ လုပ်ဆောင်ရသည့် အလုပ်၊ ဦးစားပေးလုပ်ငန်းများအပေါ် ပါ/မပါအပေါ် မူတည်လိမ့်မည်ဖြစ်ကြောင်း ဖြေကြားသည်။

အထူးဟစ်တိုင်မှ   သတင်းထောက် ဦးတင်နိုင်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ယခုလက်ရှိ နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းရေးနှင့် ပညာရေး၊   စီးပွားရေးပါမကျန်  အစစအရာရာ လုပ်ကိုင်ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊  သို့သော်  အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွင် ဖြစ်ချင်တိုင်းဖြစ်နေ

ကြောင်း၊ တစ်ဆိတ်ရှိရင် တပ်ကိုတိုင်လိုက်မည် စသည်ဖြင့် နေရာတကာတပ်ကို အားကိုးပြီး လုပ်ချင်တိုင်း လုပ်နေကြောင်း၊ ပြည်သူများကို မောက်မောက်မာမာဖြင့် ဆက်ဆံကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းတွင် အုပ်ချုပ်ရေးမှူးနှင့်  ရာအိမ်မှူးများက ပြည်သူများကို ၅၀၅ တပ်ပြီး ဖမ်းဆီးကာ ပိုက်ဆံများတောင်းကြောင်း၊ ပိုက်ဆံများတောင်းပြီးပြန်လွှတ်ကြောင်း၊  ယင်းသို့ လုပ်သည်များကို  ပြည်သူများက မသိကြောင်း၊ နားလည်သူများက သက်ဆိုင်ရာကို အကြောင်းကြားပြီး တပ်ကိုသတင်းပို့သည့် အခါမှာ လက်ရှိတွင် သက်ဆိုင်ရာက ဖမ်းဆီး  ထိန်းသိမ်းပြီး အရေးယူ ဆောင်ရွက်ထားရှိကြောင်း၊ ထို့ကြာင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် လက်ရှိအောက်ခြေတွင် ဖြစ်ပေါ်နေသည့် အဖြစ်အပျက်များကို မည်ကဲ့သို့  စီမံဆောင်ရွက် ပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စသည် မည်သည့်နေရာတွင်ဖြစ်ကြောင်း ပြန်လည်မေးမြန်းရာ အထူးဟစ်တိုင် သတင်းထောက် ဦးတင်နိုင်ထွန်းက လက်ရှိဖြစ်နေသည်မှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်တွင်ဖြစ်ကြောင်း၊ လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်ထားကြောင်း ပြန်လည်ဖြေကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့် ကိုတိုင်ပါဟုပြောလိုကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရှိလျှင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်နိုင်ကြောင်း၊ ယင်းသို့တိုင်သည့်နေရာတွင် လူကိုယ်တိုင်သွားပြီးတိုင်ရန်မဟုတ်ကြောင်း၊ ၎င်းတို့၏ Website  ကိုလည်း ဖွင့်ထားပြီး ဖြစ်ကြောင်း၊  မည်သို့တိုင်ရမည်ကိုလည်း ပြောထားပြီးဖြစ်ကြောင်း၊ အချက်အလက်များ ထည့်ပြီးတိုင်နိုင်ကြောင်း၊ တခြားကိုလည်းတိုင်ချင်ပါက သက်သေအထောက်အထား ခိုင်လုံစွာဖြင့်  တိုင်နိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

အထူးဟစ်တိုင်သတင်းဌာနမှ သတင်း ထောက် ဒေါ်ခင်မီမီသက်က လက်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေနှင့် အဂတိမှုများ၊ မတရားမှုများစစ်ဆေးဆောင် ရွက်နေသည်ကို တွေ့မြင်သိရှိရကြောင်း၊ သို့သော် ယခုလက်ရှိအွန်လိုင်းပေါ်တွင် တွေ့ရှိနေရသည့် သတင်းတစ်ခုအနေနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်  ခုနစ်မိုင် ချမ်းသာကျေးရွာ မိသားစုများ၏ ဆိုင်ခန်း ၆၁ ခန်းကိစ္စနှင့်ပတ်သက်ပြီး တိုင်ကြားစာများအပေါ်မှာ စစ်ဆေးဆောင်ရွက်ခြင်းမရှိဘူးဟု တွေ့ရှိရကြောင်း၊ အလားတူ အဖြစ် မျိုးကိုလည်း နေရာဒေသအများအပြားတွင်တွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနှင့် သက်ဆိုင်ရာ ဝန်ကြီးများအနေနှင့် ပြည်သူများ၏တိုင်ကြား စာများအပေါ်  အောက်ခြေမှစစ်ဆေးတင်ပြချက်များကိုသာ စစ်ဆေးခြင်းမပြုဘဲ အောက်ခြေအထိ ကွင်းဆင်းစစ်ဆေးခြင်းရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  အစိုးရ၏အုပ်ချုပ်မှု ယန္တရားများအနေနှင့် အဆင့်ဆင့် အုပ်ချုပ်ရသည်ဖြစ်ကြောင်း၊ အထူးအရေးကြီးသည့်ကိစ္စဆိုလျှင် အထူးအရေးကြီးသည့်အလျောက် စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း၊ မိမိတို့အနေနှင့် လုပ်ထုံးလုပ်နည်းဘောင်ကိုကျော်ပြီး လုပ်စရာအကြောင်းမရှိဟုပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

Top Phoenix Agency မှ သတင်း ထောက် ဦးမင်းထွဋ်ဦးက စက်သုံးဆီဈေးနှုန်း မတည်မငြိမ်ဖြစ်နေသည်မှာ စက်သုံးဆီပြတ်လပ်မှုကြောင့်ဖြစ်ကြောင်း၊ ယမန်နေ့က ရန်ကုန်တွင် ဈေးနှုန်းတချို့ရှိပါကြောင်း၊ ယနေ့ဈေးနှုန်း တစ်လီတာကို ၃၅ ကျပ် ထိကွာသွားခြင်းရှိပါကြောင်း၊ စက်သုံးဆီဆိုင်အချို့ပိတ်နေပါကြောင်း၊ ဒီဇယ်မှ အပ ၉၂။၉၅ ပြတ်လပ်နေသဖြင့် မရောင်း ချနိုင်ဟုဆိုပါကြောင်း၊ ယနေ့ ၁၂ နာရီအချိန်က လှိုင်သာယာက  Denko ဆီဆိုင်ကို မိမိတို့အဖွဲ့များ ဆီသွားထည့်သည့်အခါတွင် ယနေ့ ဈေးနှုန်းအခြေအနေနှင့် မနက်ဖြန်တွင်လည်း ထပ်တက်မည်ဟုသိရပါကြောင်း၊ အောက်ခြေတွင် ဆိုင်များပိတ်နေသည်ကို ကော်မတီဖွဲ့ထားသည့်အဖွဲ့များ အောက်ခြေအထိဆင်းပြီး ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှု မည်သို့ဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့က ဖြစ်ပျက်သည်များကို ရန်ကုန်က မိမိတို့ထံပြောခြင်းများရှိကြောင်း၊  တချို့ဓာတ်ပုံ ရိုက်ပြပါကြောင်း၊   တချို့ဆိုင်များသည် ဆိုင်းဘုတ်များရေးထားသည်များရှိကြောင်း၊ မည်သည့်ဆီမှ မရတော့ပါဟု မိမိတို့တွေ့ ပါကြောင်း၊ မိမိတို့စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက စက်သုံးဆီကဏ္ဍနှင့်ပတ်သက်၍ နှစ်ပိုင်းရှိကြောင်း၊ စက်သုံးဆီ ပြတ်လပ်မှုနှင့် စက်သုံးဆီဈေးနှုန်း ဖြစ်ပါကြောင်း၊ စက်သုံးဆီပြည်တွင်းလိုအပ်မှု  ပြတ်လပ်မှုမရှိစေရေး ကော်မတီများ အနေနှင့်  တင်သွင်း/ဖြန့်ဖြူး/ရောင်းချမှုကို မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း/ ရောင်းချ/ဖြန့်ဖြူးရေး အသင်းနှင့်  ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းလိုအပ်ချက်၏ ရက်ပေါင်းများစွာအတွက်   နိုင်ငံတော်အရန်ဆီ သိုလှောင်ထားရှိပါကြောင်း၊ ဖြန့်ဖြူးနိုင်ပါ ကြောင်း၊    ဈေးနှုန်းပိုင်းတွင် ပြည်တွင်း သုံးစွဲမှု၏   ၉၀ ရာခိုင်နှုန်းကျော်သည် ပြည်ပကတင်သွင်းရပါကြောင်း၊   ကမ္ဘာ့ရေနံဈေး၊ ကမ္ဘာ့ဆီဈေး အပြောင်းအလဲ အပေါ်တွင် မိမိတို့ပြည်တွင်းဈေးနှုန်းရိုက်ခတ်မှုရှိပါကြောင်း၊ ယခုရက်ပိုင်းအတွင်းတွင် ကမ္ဘာ့ရေနံဈေး၊ ကမ္ဘာ့ဆီဈေးတော်တော်ပြောင်းလဲပါကြောင်း၊ ပြီးခဲ့သည့် မေလ ၁ ရက်နေ့မှ မေလ ၁၉ ရက်နေ့အထိ ဆီတစ်စည်ကို ဒေါ်လာ ၂၀ ကျော် တက်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း တက်သည့် ဈေးပေါ်တွင် လုပ်ငန်းရှင်များဈေးကစားခြင်း မရှိအောင် ဖြစ်သင့်ဖြစ်ထိုက်သည့် လက်လီဈေး၊ လက်ကားဈေးများကို သတင်းစာများတွင်  နေ့စဉ်ကြေညာပေးနေပါကြောင်း၊ ဝယ်ယူသုံးစွဲရာတွင် အဆင်မပြေ ပါက တိုင်ကြားနိုင်သည့်ဖုန်းနံပါတ်များ ထည့်ထားပါကြောင်း၊ မိမိတို့ကော်မတီများအနေဖြင့် ထိုသို့ဆောင်ရွက် နေကြောင်း ဖြည့်စွက်ဖြေကြားသည်။

ဆက်လက်၍ Top Phoenix Agency မှ သတင်းထောက်   ဦးမင်းထွဋ်ဦးက စက်သုံးဆီများ ဝယ်ယူဖြန့်ဖြူးရေးကို အုပ်စုတစ်စုတည်းက ကြီးစိုးပြီး တင်သွင်းနေ၍သာ ဆီဈေးများ မတည်မငြိမ် ဖြစ်ရကြောင်း၊ အကယ်၍ အလားတူ ကုမ္ပဏီအသင်းအဖွဲ့ များကိုယှဉ်ပြိုင်၍ ဈေးပြိုင်စနစ်ဖြင့်သွင်းမည်ဆိုပါက ဆီဈေးကျနိုင်သည်ဟုဆိုကြကြောင်း၊ ထိုအခြေအနေကို မည်သို့ဆောင်ရွက်မည်ကိုသိလိုပါကြောင်း မေးမြန်းသည်။

စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက သတင်းထောက်ကြီးပြောသကဲ့သို့ အသင်းအဖွဲ့ဆိုသည်မှာ အဆိုပါလုပ်ငန်း လုပ်သူအားလုံးသည် အဆိုပါ အသင်းအဖွဲ့တွင် ပါဝင်ပါကြောင်း၊ တင်သွင်းနေသည့် လုပ်ငန်းရှင်များစွာ ရှိပါကြောင်း၊  သင်္ဘောတစ်စင်းကို လုပ်ငန်းရှင်သုံးလေးဦးစပ်၊ သင်္ဘောတစ်စင်းကို တစ်ဦးတည်း တင်သွင်းကြကြောင်း၊ ဈေးကစားမှုမရှိအောင် ကော်မတီအနေဖြင့် ဆောင်ရွက်နေပါကြောင်း ပြန်လည်ဖြေကြား သည်။

မြဝတီ