မြန်မာစာပေနယ်ပယ်မှာ ဘယ်လိုစာပေ မျိုးကိုပဲရေးရေး ရသ၊ ဂုဏ်နဲ့အလင်္ကာဆိုတာ အနည်းနဲ့အများ ပါရှိနေတယ်ဆိုတာကိုတော့ လူငယ်တွေအနေနဲ့ သိထားဖို့လိုပါတယ်။ ယနေ့ခေတ်လူငယ်တွေ အတွက် မြန်မာစာပေနဲ့ပတ်သက်တဲ့ ရသ၊ ဂုဏ်နဲ့အလင်္ကာအကြောင်းကို ဆွေးနွေး ပေးမှာပါ။
ရသဆိုတဲ့စကားလုံးကို သာယာနှစ်သက်ခြင်း၊ ရဲရင့်ခြင်း၊ ကြောက်ရွံ့စိုးရိမ်ခြင်း စသည်များပါသော ခံစားမှုလို့ အဓိပ္ပာယ် ဖွင့်ဆိုထားတာတွေ့ရသလို ရသစာပေကိုတော့ အနုပညာရသပေါ်အောင် ဖွဲ့နွဲ့ ရေးသားထားပြီး နှစ်သက်စရာပညာရသော အလင်္ကာစကားပြေလို့ အဓိပ္ပာယ် ဖွင့်ဆိုထားတာ တွေ့ရပါတယ်။
ရသစာပေရဲ့အစကလည်း ပုံပြင်များက ဖြစ်တယ်လို့ဆိုပါတယ်။ တကယ်တော့ ကဗျာတစ်ပုဒ်ဖြစ်စေ၊ စာတစ်ပုဒ်ဖြစ်စေ၊ စာအုပ်တစ်အုပ်ဖြစ်စေ ဖတ်လိုက်တဲ့အခါမှာ ရသတစ်မျိုးမဟုတ်တစ်မျိုး ပါဝင်နေ တာကို ခံစားသိရှိရမှာဖြစ်သလို အဲဒီစာက ဘယ်လိုဂုဏ်မြောက်တယ်ဆိုတာကိုလည်း သိဖို့လိုပါတယ်။ အဲဒီစာပေအရေးအသားမှာ ဂုဏ်ဆိုတာက အရေးအသားအစီအကုံးတွင် ကောင်းမြတ်တဲ့ အရည်အချင်း ကိုဆိုလိုကြောင်း သိရပါတယ်။
မြန်မာစာပေလောကမှာ အလင်္ကာဖွဲ့ဆိုရာ၊ ဝတ္ထုရေးသားရာ၊ စကားပြေရေးသားရာမှာ ပါဝင်တဲ့ စိတ်ခံစားမှုကို ကိုယ်စားပြုတဲ့ ရသစာပေအရေးအသားဖြစ်ပြီး အခါအားလျော်စွာ၊ အကြောင်းအရာ အားလျော်စွာ တည်ရှိကြတယ်လို့ဆိုပါတယ်။ ဒီနေရာမှာ ရသကိုးပါးဆိုတာကို ပထမဆုံးရှင်းပြ ချင်ပါတယ်။ ရသကိုးပါးကတော့ ချစ်ရေးကြိုက်ရေးဆိုင်ရာ ပြတဲ့ရသကို သိင်္ဂါရ ရသ၊ ရယ်ရွှင်စရာ ရွှင်မြူးစရာပြတဲ့ရသကို ဟဿရသ၊ သနားကြင်နာဖွယ်ပြတဲ့ ရသကို ကရုဏာရသ၊ ညှဉ်းဆဲနှိပ်စက်ပြီး စိတ်ခက်ထန်ဖွယ် ဒေါသဖြစ်ဖွယ်ရသကို ရုဒ္ဒရသ၊ ရဲရင့်စိတ်ပြတဲ့ရသကို ဝီရရသ၊ ကြောက်စရာ ထိတ်လန့်စရာပြတဲ့ ရသကို ဘယာနကရသ၊ စက်ဆုပ်ရွံရှာဖွယ်ရာ ကောင်းတဲ့ရသကို ဝီဘစ္ဆရသ၊ အံ့သြဖွယ် ပြတဲ့ရသကို အဗ္ဘုတရသ၊ ကိုယ်စိတ်နှစ်ဖြာ ငြိမ်းချမ်းဖွယ်ပြတဲ့ရသကို သန္တရသလို့ဆိုပါတယ်။
အဓိပ္ပာယ်အကျယ်ကို ဖွင့်ဆိုပြောပြရမယ်ဆိုရင် ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်ကို ဖတ်လိုက်တဲ့အခါ ချစ်မြတ်နိုးစရာကောင်းရင် သိင်္ဂါရရသ ခံစားရတယ်လို့ ဆိုပြီး ရယ်မောစရာကောင်းနေရင် ဟဿ ရသခံစားရတယ်လို့ဆိုပါတယ်။ သနားစရာ ကောင်းရင်တော့ ကရုဏာရသ ခံစားရတယ်လို့ဆိုပြီး ညှဉ်းဆဲနှိပ်စက်တဲ့စိတ် ခက်ထန်ဒေါသဖြစ်စရာကို ရုဒ္ဒရသ ခံစားရတယ်လို့ဆိုပါတယ်။
ဒီလိုပါပဲ အားမာန်တက်ကြွစရာကောင်း နေရင်တော့ ဝီရရသ ခံစားရတယ်လို့ဆိုပြီး ကြမ်းကြုတ် ရက်စက်တာတွေကိုတော့ ဘယာနကရသ ခံစားရတယ်လို့ဆိုပါတယ်။ ဒါ့ပြင် စက်ဆုပ်ရွံရှာစရာ ကောင်းနေရင်တော့ ဝီဘစ္ဆရသခံစားရတယ်လို့ဆိုပြီး အံ့သြစရာကောင်းနေရင်တော့ အဗ္ဘုတ ရသ ခံစားရတယ်လို့ဆိုပါတယ်။ နောက်တစ်ခါ တည်ကြည်ခြင်း၊ ရောင့်ရဲခြင်း၊ စိတ်ချမ်းသာ ကြည်နူး နှစ်သက်စရာကောင်း ခြင်းကိုဖော်ပြပေးရင် သန္တရသကို ခံစားရတယ်လို့ဆိုပါတယ်။
ဒါ့ပြင် မြန်မာစာပေမှာ ရသအပြင် အလင်္ကာဆိုတာလည်းရှိပါတယ်။ ယခင်တုန်းက ကျောင်းသား တွေက အလင်္ကာတွေကို မိမိတို့ကိုယ်ပိုင် ဉာဏ်နဲ့မိမိ သရုပ်ခွဲပြီး အမည်တပ်ပေးကြရတော့ အဲဒီအလင်္ကာတစ်ခုချင်းစီရဲ့ သဘောသဘာဝကို အထိုက်အလျောက် တတ်သိကျွမ်းကျင်ကြတယ်။ ဒီဘက်ခေတ်တွေမှာ ဆရာက အလင်္ကာအမျိုးအစားကို တစ်ခါတည်းသတ်မှတ်ပေးလိုက်ပြီး ဘာကြောင့် ဒီအလင်္ကာဖြစ်လာတယ်ဆို တာလောက်ပဲ သုံးသပ်ခိုင်းတာဆိုတော့ မြန်မာအလင်္ကာ တွေရဲ့ အဆင့်အတန်းက အရင်ကထက် မှေးမှိန်သွားတာအမှန်ပါ။ အလင်္ကာကိုခံစားနိုင်တဲ့ အရည်အချင်း ကလည်း လျော့နည်းကျဆင်းသွားပြီဖြစ်ပါတယ်။
စာပေအရေးအသားမှာ အစီအကုံးကောင်းမြတ်တဲ့ အရည်အချင်းဖြစ်တဲ့ ဂုဏ်ဆိုတာကို လေ့လာ ကြည့်တဲ့အခါ မြန်မာစာပေနယ်ပယ်မှာ ဂုဏ် ၁၀ ပါးရှိကြောင်း သိရပါတယ်။ အဲဒီဂုဏ် ၁၀ ပါးကတော့ ချိုသာရွှင်ပျရင် မဓုရတာဂုဏ်မြောက်သလို သိလွယ်အောင်ရှင်းလင်းထားရင် ပသာဒ ဂုဏ်မြောက်ပါသတဲ့။ ကျစ်လျစ်သိပ်သည်းစွာ ရေးထားရင် သြဇဂုဏ်မြောက်ပြီး မရှိတာကို အရှိထားရေးရင် သမာဓိဂုဏ် မြောက်တယ်လို့ဆိုပါတယ်။ အသံညီမျှခြင်းက သမတာဂုဏ်မြောက်ပြီး သိမ်မွေ့နူးညံ့ခြင်းက သုခုမာလတာဂုဏ်မြောက်ပါတယ်။ ပြေပြစ်သောပုဒ်ရှိရင် သိလေသဂုဏ်မြောက်ပြီး လွန်ကဲပါက ဥဒါရတာဂုဏ် မြောက်ပါတယ်။ အနက်ထင်ရှားပါက အတ္ထဗျတ္တိဂုဏ်မြောက်ပြီး နှစ်သက်ဖွယ်ရှိပါက ကန္တိဂုဏ်မြောက်ပါတယ်။
အထူးသဖြင့် ကဗျာ၊ အလင်္ကာတွေကို လေ့လာရာမှာ ကဗျာဂုဏ်တချို့ကိုပေါ်လွင် စေခြင်းဖြစ်ပါတယ်။ ယနေ့လူငယ်များအတွက် ဆက်လက်လေ့လာကြမယ်ဆိုရင် မြန်မာစာပေရဲ့ အဖွဲ့အနွဲ့အဆင်တန်ဆာ မှာ အလင်္ကာဆိုတာလည်း ရှိပါသေးတယ်။ သုဗောဓာလင်္ကာရကျမ်းမှာ ရူပကနဲ့ ဥပမာအလင်္ကာကို ဝင်္ကဝုတ္တိအလင်္ကာဆိုတဲ့ အဓိကအလင်္ကာအုပ်စုကြီးထဲမှာပဲ ပေါင်းထည့်လိုက်ပေမယ့် ဒီဘက်ခေတ် ရောက် တဲ့အခါမှာတော့ ဝင်္ကဝုတ္တိကို သီးသန့်ပြန်ခွဲထုတ်ပြီး အလင်္ကာငါးမျိုးပဲ ထားတာတွေ့ရပါတယ်။
မြန်မာဘာသာမှာကလည်း ဒီအလင်္ကာ ငါးမျိုးပဲထင်ရှားတာပါ။ ဝင်္ကဝုတ္တိအလင်္ကာ ဆိုတာကတော့ ကိစ္စတစ်ခု၊ ဖြစ်စဉ်တစ်ခုကို တိုက်ရိုက်တဲ့တိုးမပြောဘဲ စကားလုံး အလှအပနဲ့ တန်ဆာဆင်ပြီး ပြောလေ့ရှိ တာကို ဝင်္ကဝုတ္တိလို့ခေါ်ပါတယ်။ ပါဠိ ဘာသာမှာက ဝင်္ကဆိုတာ ကွေ့ကောက်ခြင်းလို့ အနက်အဓိပ္ပာယ်ဖွင့်ဆိုထားတာ တွေ့ရပါတယ်။ ဒီနေရာမှာ ဝင်္ကဝုတ္တိဆိုတာ အလင်္ကာတစ်ခုတည်းကို ရည်ညွှန်းတာ မဟုတ်ဘဲ အလင်္ကာအုပ်စုကြီးတစ်ခုလုံးကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိရပါတယ်။
အရှင်ပဏ္ဍိတမထေရ်ကတော့ သူပြုစုရေးသားတဲ့ မြန်မာအလင်္ကာကျမ်းမှာ သုဗောဓာလင်္ကာရ ကျမ်းကို ကိုးကားပြီး အလင်္ကာ ၃၅ မျိုး ခွဲပြထားတာတွေ့ရပါ တယ်။ ဒီကနေ့သုံးနေတဲ့ အလင်္ကာငါးမျိုး က ရူပကအလင်္ကာ - ဂုဏ်ရည်တူနှစ်ခုကို ထပ်တူပြုပြီးယှဉ်တွဲသုံးထားခြင်း၊ ဝင်္ကဝုတ္တိ အလင်္ကာ - သွယ်ဝိုက်ဖွဲ့ဆိုရေးသားထား ခြင်း၊ မြည်သံစွဲအလင်္ကာ - ထွက်ပေါ်လာတဲ့ အသံကို ထည့်သွင်းရေးဖွဲ့ခြင်း၊ အတိသယ ဝုတ္တိအလင်္ကာ - အနက်လွန်ကဲစွာ ဖွဲ့ဆို ရေးသားခြင်း၊ ဥပမာအလင်္ကာ-ဂုဏ်တူချင်း နှိုင်းခိုင်း ဥပမာတင်စားရေးသားထားခြင်း ဖြစ်ပါတယ်။ ဒါ့ပြင် မြန်မာစာပေရေးသား ရာမှာ ဂုဏ်၊ အလင်္ကာ၊ ရသများအပြင် ဒေါသ၊ အပြစ်အနာအဆာများကိုလည်း သိထားရမှာဖြစ်ပါတယ်။
စာပေဒေါသ အပြစ်အနာအဆာဆိုရာမှာလည်း လေးမျိုးရှိတယ်လို့ဆိုပါတယ်။ အဲဒီဒေါသလေးမျိုး ကတော့ ကိလိဋ္ဌ ဒေါသ = အဓိပ္ပာယ် အသိရခက်သောစာများဖြင့် ဖွဲ့ဆိုထားသောကြောင့် ဖြစ်ပေါ် ရသောစာပေဒေါသ၊ ဂါမ္မဒေါသ = ရုန့်ရင်း ကြမ်းတမ်းစွာ ဖွဲ့ဆိုရေးသားထားသော ကြောင့် ဖြစ်ပေါ် လာရသော စာပေဒေါသ၊ ဟီနတ္ထဒေါသ = ဂုဏ်ကြီးသောအရာကို ဂုဏ်ငယ်အောင် ဖွဲ့ဆိုထား သောကြောင့် ဖြစ်ရသောဒေါသ၊ အတိဝုတ္တဒေါသ = လွန်လွန်ကြူးကြူး ဖွဲ့ဆိုရေးသားသော ကြောင့် ဖြစ်ပေါ်ရသော ဒေါသများဖြစ် ကြောင်း သိရပါတယ်။
ယနေ့ခေတ်လူငယ်အားလုံး စာပေအသိ မြင့်မားတိုးတက်ပြီး မှား၏၊ မှန်၏ဆိုတဲ့ တကယ့်အသိတွေကို ရရှိဆင်ခြင်နိုင်ပါစေကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။