(၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသော သာရဏီယ ဩဝါဒကထာ

                               ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူးကျင်းပသော

 (၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊

အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသော

သာရဏီယ ဩဝါဒကထာ

~~~~~~~~~~~~~~~~~

{၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် (၂၀၂၂ ခုနှစ်၊  မေလ  ၂၂  ရက်)တနင်္ဂနွေနေ့}

(၇၄)ကြိမ်မြောက်  တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး(သဘောရေးဖြေ) စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုအောင်မြင်တော်မူကြသည့် ပိဋကနှစ်ပုံခွဲရေးဖြေအောင် မူလအဘိဓမ္မကောဝိဒ (၁)ပါး၊ ပိဋကနှစ်ပုံရေးဖြေအောင် ဒီဃနိကာယကောဝိဒ (၁)ပါး၊ ပိဋကတစ်ပုံရေးဖြေအောင် ဝိနယကောဝိဒ (၇)ပါး၊ ဝိနည်းရှေ့ပိုင်း ရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒ (၁၁)ပါးတို့နှင့်တကွ နိုင်ငံတော်အစိုးရအမှူးပြုသော ဒါယကာ ဒါယိကာမအပေါင်းတို့အား ဝမ်းမြောက်ဖွယ်ရာ အမှတ်ရဖွယ်ရာဖြစ်သော သမ္မောဒနီယ သာရဏီယ သြဝါဒကထာ မြွက်ကြားလိုပါသည်-     ဧကပုဂ္ဂလော  ဘိက္ခဝေ လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ကတမော ဧကပုဂ္ဂလော တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ အစရှိသည်ဖြင့် (အံ၊၁၊၂၁) ၌ မိန့်ကြားတော်မူပါသည်။

ရဟန်းတို့ လောက၌ တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်ထွန်းပေါ်ပေါက်လာသည် ရှိသော် လူအများ အစီးအပွားအလို့ငှာ လူအများ ချမ်းသာခြင်းငှာ လောကကို အစဉ်သနား စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏အကျိုးများရန် အစီးအပွားများရန် ချမ်းသာခြင်းငှါ ဖြစ်ထွန်းပေါ်ပေါက်တော်မူ၏။ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဟူသည်အဘယ်နည်းဟူမူ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အလုံးစုံသောတရား တို့ကို မဖောက်မပြန် ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားပင်တည်း။

ဤလောကသား လူအများသည် ဆင်းရဲကို ဆင်းရဲမှန်းမသိ ဆင်းရဲကြောင်း အလုပ်များကို လုပ်နေ၍လည်း ဆင်းရဲကြောင်း အလုပ်တွေဘဲဟူ၍ မသိကြ၊ ကုသိုလ် အကုသိုလ်မှန်းလည်း မသိမမြင်နိုင်ကြပေ။ လောကကြီးသည် မောဟ အမှောင်ဖုံးနေသည့် အမိုက်တိုက်လောကကြီးဖြစ်သည်။ အဝိဇ္ဇာအမှောင်ထုကြီး ဖုံးနေသည့် လောကကြီးထဲမှာ မြတ်စွာဘုရားရှင် ပွင့်တော်မူလာသဖြင့် ဤတရား ကား အပြစ်မရှိ ချမ်းသာသော အကျိုးကိုပေးခြင်းလက္ခဏာရှိသည့် ကုသိုလ်တရား ဖြစ်၏။ ဤတရားကား အပြစ်နှင့်တကွဖြစ်ပြီး ဆင်းရဲသော အကျိုးပေးခြင်း လက္ခဏာရှိသည့် တရားဖြစ်၏ စသည်ဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ထို့ပြင်လည်း ဤသဘောတရားများသည် ဧကန်စင်စစ် ဆင်းရဲသောသဘော တရားများပဲ၊  ဤတရားများသည် ဆင်းရဲကြောင်းအမှန်တရားများပဲ၊ ဤတရား များသည် ဆင်းရဲချုပ်ရာ ချမ်းသာမှန်တရားပဲ၊ ဤတရားများသည် ဆင်းရဲချုပ်ရာ ချမ်းသာသောသဘောတရားကို ဆိုက်ရောက်စေနိုင်သည့်အမှန်တရားဘဲ စသည်ဖြင့် သစ္စာလေးပါးတရားတော်ကို ဟောကြားတော်မူလိုက်သဖြင့် အချို့သော ဝေနေယျ သတ္တဝါများမှာ အဝိဇ္ဇာအမှောင် လုံးဝကင်းရှင်းပြီး ဝိဇ္ဇာအလင်းရောင်ကောင်းကောင်း ရသွားကြပေသည်။  အချို့သော သတ္တဝါတွေမှာ ဝိဇ္ဇာအလင်းရောင် ကောင်းကောင်း

ရသော်လည်း အဝိဇ္ဇာအမှောင်နည်းပါးကာ ရေးရေးယောင်ယောင် မြင်လာတတ် ကြပေသည်။  ဒါကြောင့် မြတ်စွာဘုရားရှင် ပွင့်တော်မူလာခြင်းဟာ နေမင်းကြီး လမင်းကြီး ထွက်ပေါ်လာသလိုဖြစ်ပြီး ကြာမြင့်စွာသောကာလပတ်လုံး လူ နတ် ဗြဟ္မာ သတ္တဝါတို့ စီးပွားချမ်းသာဖို့ဖြစ်ပါပေသည်။

မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် တရားတော်များကို ရတနာ ခြင်း တောင်းထဲ၌ သဘောတူရာ စုပေါင်း၍ထည့်လိုက်လျှင် ဝိနည်း သုတ္တန် အဘိဓမ္မာပိဋကတ်ဟူ၍ ပိဋကသုံးပုံဖြစ်လာပါသည်။ ဤပိဋကတ်တရားမြတ်တို့ကို သင်ယူ အပ်သောကြောင့် ပရိယတ္တိဟုခေါ်ပါသည်။ ပိဋကတ်သုံးပုံလာ တရားဓမ္မတို့ကို သိရှိမှတ်မိအောင် ကျက်ဆောင်သင်ယူခြင်းကိုလည်း ပရိယတ္တိဟုခေါ်ပါသည်။

ဤပရိယတ္တိတရားတော်များက ရှောင်ကြဉ်ရန်နည်းလမ်း၊ ကျင့်ကြံရန် နည်းလမ်း နှလုံးသွင်းသိရှိလိုက်နာရန် နည်းလမ်းများကို ညွှန်ကြားထားပါသည်။ ပရိယတ္တိ တရားတော်က ညွှန်ကြားသည့်အတိုင်း လိုက်နာကျင့်ကြံပွားများခြင်းကို ပဋိပတ္တိဟု ခေါ်ပါသည်။ ပဋိပတ္တိအစွမ်းကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် အသိထူးများ ရရှိသွား ခြင်းကို ပဋိဝေဓဟုခေါ်သည်။ ထို့ကြောင့် သာသနာတော်သုံးရပ်တွင် ပရိယတ္တိသည် အခြေခံမူလပဓာနကျပါသည်။ သစ်ပင်ကြီးတစ်ပင်မှာ အမြစ်မရှိလျှင် ပင်စည် အကိုင်း အခက်များ အကြာအရှည် မတည်နိုင်သကဲ့သို့ အပွင့်အသီးများလည်း  ဝေဝေဆာဆာမရှိနိုင်ပါ။ ထို့အတူ သာသနာတော်သုံးရပ်မှာလည်း ပရိယတ္တိမှ မရှိလျှင် ပဋိပတ္တိသာသနာ ပဋိဝေဓသာသနာတို့သည်လည်း မတည်ရှိနိုင်ပါ။

ရေကန်ကြီးဥပမာနှင့် ပြောရမည်ဆိုပါက ကန်ဘောင်ရိုးသာ မရှိလျှင် ရေကန်ထဲမှာ ရှိသည့် ရေတွေ ကြာတွေဟာ ကြာကြာမတည်နိုင်ပါ၊ ရေမရှိလျှင်လည်း ကြာပင် ကြာပန်းများ မပေါက်ရောက်နိုင်ပါ၊ ဤဥပမာအတိုင်း ပရိယတ္တိက ကန်ဘောင်ရိုးနှင့် တူပါသည်။ ပဋိပတ္တိက ရေနှင့်တူပါသည်။ ပဋိဝေဓက ကြာပင် ကြာပန်းတွေနှင့် တူပါသည်။ ထို့ကြောင့် ပဋိပတ္တိဆိုသည့် ရေကြည်ရေအေးများ၊ ပဋိဝေဓဆိုသည့် ကြာပင်ကြာပန်းများနှင့် လှပတင့်တယ်ပြီး တည်ရှိနေဖို့ဆိုသည်မှာ ပရိယတ္တိဆိုသည့် ကန်ဘောင်ရိုးကြီး ခိုင်ခိုင်ခံ့ခံ့ရှိဖို့ လိုအပ်ပါသည်။

ကန်ဘောင်ရိုးကြီးကတော့ ခိုင်ခိုင်ခံ့ခံ့ရှိပါ၏။ သို့သော် ကန်ထဲ၌ ရေလည်း မရှိ၊ ကြာပင်လည်းမရှိလျှင် ခြောက်သွေ့နေသည့် ရေကန်ကြီးသည် တင့်တင့် တယ်တယ် မရှိသည့်အတွက်ကြောင့် မည်သူမျှလည်း စိတ်ဝင်စားမှုမရှိ၊ ရေကိုလည်း မချိုးရ မသောက်ရသဖြင့် အကျိုးမရှိသကဲ့သို့ ထို့အတူ ကန်ဘောင်ရိုးနှင့်တူသည့် ပရိယတ္တိတစ်ခုတည်းသာရှိမည်ဆိုလျှင် ပဋိပတ္တိဆိုသည့် ရေကြည် ရေအေးလည်းမသောက်ရ၊ ပဋိဝေဓဆိုသည့် ကြာဖူး ကြာပန်းများလည်း မပွင့်နိုင် သည့်အတွက် သာသနာတော်ကြီးဟာလည်း တင့်တယ်စွာ တိုးပွါးစည်ပင်နေမည် မဟုတ်ပေ။

ထို့ကြောင့် ၇၄ ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲကြီးကို ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့ကြသည့် အရှင် မြတ်များအား ရေများတည်တံ့ဖို့ ကန်ဘောင်ရိုးကြီးကို ခိုင်ခိုင်ခံ့ခံ့ရှိအောင် ကြာပွင့် ကြာပန်းများနှင့် လှပဝေစည်တင့်တယ်နေအောင် ဆက်လက် ကြိုးစားအားထုတ် ကြဖို့ သတိပေးတိုက်တွန်းစကား လျှောက်ထားလိုပါသည်ဘုရား။

သာသနာတော်ကို ထောက်ပံ့လှူဒါန်းကြသည့် နိုင်ငံတော်အစိုးရနှင့်တကွ ဒါယကာ ဒါယိကာမ အပေါင်းတို့ကတော့ ဥယျာဉ်မှူးနှင့် တူပါသည်ဘုရား။ ဥယျာဉ်မှူးဟာ သစ်ပင်များကို ရေမလောင်းဘဲ ရေပြတ်​အောင်ထားလျှင် သစ်ပင် များသည် ညှိုးနွမ်းခြောက်သွေ့သွားပြီး ရေကို အဆမတန်လောင်းပြန်လျှင်လည်း ရေဓာတ်များပြီး သေသွားတတ်ပါတယ်ဘုရား။

ထိုနည်းတူစွာပင် သာသနာတော်ကို ထောက်ပံ့ရာမှာ ရေပြတ်သည့် သစ်ပင် များလိုလည်း မဖြစ်ရအောင် ရေဓာတ်များပြီး သေသွားသည့် သစ်ပင်များကဲ့သို့ မဖြစ်ကြရလေအောင် ပြုစုထောက်ပံ့ပါက မြတ်စွာဘုရားရှင်သာသနာတော်မြတ် ကြီး အရှည်ခံ့၍ တည်တံ့ကာ ဆရာ ဒကာ ညီညာလက်တွဲ၍ ဆင်းရဲဆုံးရာ ချမ်းသာအမှန် မြတ်နိဗ္ဗာန်သို့ ဆိုက်ရောက် နိုင်ကြပါစေဟူ၍ ပတ္ထနာပြုရင်း သြဝါဒကထာကို နိဂုံးချုပ်အပ်ပါသတည်း။

 

 

                                                       ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ

                  (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)

                                                                  ဥက္ကဋ္ဌဆရာတော်