(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ ရွှေတစ်ခု၊ ကြေးတစ်ခု၊ လက်ဝှေ့အားကစားနည်းမှ ငွေတစ်ခု ထပ်မံဆွတ်ခူးရရှိ

နေပြည်တော်  မေ ၂၂

ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို   မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌  ကျင်းပလျက်ရှိရာ ယနေ့ညနေပိုင်းတွင်   ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ    Soc Son အားကစားရုံ၌ ဗိုဗီနမ်အားကစားနည်းမှ Male  Leg  Attack  Technique 04 Males, Each  Performs  2 Legs Attack  Technique  (လေးယောက်တွဲ)အပြပွဲစဉ်၌     အောင်ခိုင်လင်း၊ ရာဇာထွန်း၊     ဟိန်းထက်အောင်နှင့်   ကျော်သူစိုးအောင်တို့က   ကိုးခုမြောက်  ရွှေတံဆိပ်ဆုကို  ထိုက်ထိုက်တန်တန် ထပ်မံ  ဆွတ်ခူးရယူ ပေးနိုင်ခဲ့သည်။  

ထို့ပြင်(60)ကီလိုတန်း(အတိုက်)ပွဲစဉ်၌ ရွှေသက်ထားက   ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ Bac Ninh Gymnasium အားကစားရုံ၌ လက်ဝှေ့အားကစားနည်းမှ (-57)ကီလိုတန်းပွဲစဉ်၌ နိုင်လတ်က ငွေတံဆိပ်ဆုကို လည်းကောင်း အသီးသီး ထပ်မံဆွတ်ခူးရရှိသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ  Hanoi National Sport Training Centre အားကစားရုံ၌ ကျင်းပလျက်ရှိသည့် သေနတ်ပစ်အားကစားနည်းမှ  မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်နေမှုကို လည်းကောင်း၊  Hanoi Sport Training Centre အားကစားရုံ၌ ကျင်းပလျက်ရှိသည့် အလေးမအားကစားနည်းမှ  မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ ညနေပိုင်းတွင် Bac Ninh Gymnasium အားကစားရုံ၌    ကျင်းပလျက်ရှိသည့်  လက်ဝှေ့အားကစားနည်းမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊  Soc Son Gymnasium အားကစားရုံ၌ ကျင်းပလျက်ရှိသည့်   ဗိုဗီနမ်အားကစားနည်းမှ  မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကို လည်းကောင်း  သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး  ဆုရရှိသူများအား     ဆုများပေးအပ်ချီးမြှင့်သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် သေနတ်ပစ်၊ အလေးမ၊  ဂျူဒို၊  ဗိုဗီနမ်၊  လက်ဝှေ့အားကစား ပြိုင်ပွဲများကို မြန်မာအားကစား အဖွဲ့များက ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ကျော်လွင်