ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ အခမ်းအနားတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ အခမ်းအနားတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော် ဘုရားကြီး မိန့်ကြားတော်မူသော သာရဏီယသြဝါဒကထာ

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်

(၂၀၂၂ ခုနှစ်၊  မေလ  ၂၂  ရက်) တနင်္ဂနွေနေ့

(၇၄)ကြိမ်မြောက်  တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲသို့ ဝင်ရောက်ဖြေဆို အောင်မြင်တော်မူကြသည့် ပိဋကနှစ်ပုံခွဲ ရေးဖြေအောင် မူလအဘိဓမ္မကောဝိဒ (၁)ပါး၊ ပိဋကနှစ်ပုံ ရေးဖြေအောင် ဒီဃနိကာယကောဝိဒ (၁)ပါး၊ ပိဋကတစ်ပုံရေးဖြေအောင် ဝိနယကောဝိဒ (၇)ပါး၊ ဝိနည်းရှေ့ပိုင်း ရေးဖြေအောင် ဥဘတောဝိဘင်္ဂ ကောဝိဒ (၁၁)ပါးတို့နှင့်တကွ နိုင်ငံတော်အစိုးရ အမှူးပြုသော ဒါယကာ ဒါယိကာမအပေါင်းတို့အား ဝမ်းမြောက်ဖွယ်ရာ အမှတ်ရဖွယ်ရာဖြစ်သော သမ္မောဒနီယ သာရဏီယ သြဝါဒကထာ မြွက်ကြားလိုပါသည်-  ဧကပုဂ္ဂလော  ဘိက္ခေ၀ လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေ၀ မနုဿာနံ။ ကတမော ဧကပုဂ္ဂလော တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ အစရှိသည်ဖြင့် (အံ၊၁၊၂၁)၌ မိန့်ကြားတော်မူပါသည်။

ရဟန်းတို့ လောက၌ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ထွန်း ပေါ်ပေါက်လာသည်ရှိသော် လူအများအစီးအပွား အလို့ငှာ လူအများ ချမ်းသာခြင်းငှာ လောကကို အစဉ်သနား စောင့်ရှောက်ခြင်းငှာ နတ်လူတို့၏ အကျိုးများရန် အစီးအပွားများရန် ချမ်းသာခြင်းငှာ ဖြစ်ထွန်းပေါ်ပေါက်တော်မူ၏။ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ ပူဇော်အထူးကိုခံယူ တော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရားပင်တည်း။

ဤလောကသား လူအများသည် ဆင်းရဲကို ဆင်းရဲမှန်းမသိ ဆင်းရဲ ကြောင်းအလုပ်များကိုလုပ်နေ၍လည်း ဆင်းရဲကြောင်း အလုပ်တွေပဲ ဟူ၍ မသိကြ၊ ကုသိုလ် အကုသိုလ်မှန်းလည်း မသိမမြင်နိုင်ကြပေ။ လောကကြီးသည် မောဟအမှောင်ဖုံးနေသည့် အမိုက်တိုက်လောက ကြီးဖြစ်သည်။ အဝိဇ္ဇာအမှောင်ထုကြီး ဖုံးနေသည့် လောကကြီးထဲမှာ မြတ်စွာဘုရားရှင် ပွင့်တော်မူလာသဖြင့် ဤတရားကား အပြစ်မရှိ ချမ်းသာသော အကျိုးကိုပေးခြင်း လက္ခဏာရှိသည့် ကုသိုလ်တရားဖြစ် ၏။ ဤတရားကား အပြစ်နှင့်တကွဖြစ်ပြီး ဆင်းရဲသော အကျိုးပေးခြင်း လက္ခဏာရှိသည့် တရားဖြစ်၏ စသည်ဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ထို့ပြင်လည်း ဤသဘောတရားများသည် ဧကန်စင်စစ် ဆင်းရဲသော သဘောတရားများပဲ၊  ဤတရားများသည် ဆင်းရဲကြောင်း အမှန်တရားများပဲ၊ ဤတရားများသည် ဆင်းရဲချုပ်ရာ ချမ်းသာမှန်တရားပဲ၊ ဤတရား များသည် ဆင်းရဲချုပ်ရာ ချမ်းသာသော သဘောတရားကို ဆိုက်ရောက် စေနိုင်သည့်အမှန်တရားပဲ စသည်ဖြင့် သစ္စာလေးပါး တရားတော်ကို ဟောကြားတော်မူလိုက်သဖြင့် အချို့သော ဝေနေယျ သတ္တဝါများမှာ အဝိဇ္ဇာအမှောင် လုံးဝကင်းရှင်းပြီး ဝိဇ္ဇာအလင်းရောင် ကောင်းကောင်း ရသွားကြပေသည်။  အချို့သော သတ္တဝါတွေမှာ ဝိဇ္ဇာအလင်းရောင် ကောင်းကောင်း ရသော်လည်း အဝိဇ္ဇာအမှောင်နည်းပါးကာ ရေးရေး ယောင်ယောင် မြင်လာတတ်ကြပေသည်။  ဒါကြောင့် မြတ်စွာဘုရားရှင် ပွင့်တော်မူလာခြင်းဟာ နေမင်းကြီး လမင်းကြီး ထွက်ပေါ်လာသလိုဖြစ် ပြီး ကြာမြင့်စွာသောကာလပတ်လုံး လူ နတ် ဗြဟ္မာ သတ္တဝါတို့ စီးပွား ချမ်းသာဖို့ဖြစ်ပါပေသည်။

မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် တရားတော်များကို ရတနာ ခြင်းတောင်းထဲ၌ သဘောတူရာစုပေါင်း၍ ထည့်လိုက်လျှင် ဝိနည်းသုတ္တန် အဘိဓမ္မာ ပိဋကတ်ဟူ၍ ပိဋကသုံးပုံဖြစ်လာပါသည်။ ဤပိဋကတ်တရား မြတ်တို့ကို သင်ယူအပ်သောကြောင့် ပရိယတ္တိဟုခေါ်ပါသည်။ ပိဋကတ် သုံးပုံလာ တရားဓမ္မတို့ကို သိရှိမှတ်မိအောင် ကျက်ဆောင်သင်ယူခြင်း ကိုလည်း ပရိယတ္တိဟု ခေါ်ပါသည်။

ဤပရိယတ္တိ တရားတော်များက ရှောင်ကြဉ်ရန် နည်းလမ်း၊ ကျင့်ကြံရန် နည်းလမ်း၊ နှလုံးသွင်းသိရှိ လိုက်နာရန် နည်းလမ်းများကို ညွှန်ကြားထားပါသည်။ ပရိယတ္တိတရားတော်က ညွှန်ကြားသည့်အတိုင်း လိုက်နာကျင့်ကြံ ပွားများခြင်းကို ပဋိပတ္တိဟုခေါ်ပါသည်။ ပဋိပတ္တိအစွမ်းကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် အသိထူးများ ရရှိသွားခြင်းကို ပဋိဝေဓဟုခေါ်သည်။ ထို့ကြောင့် သာသနာတော် သုံးရပ်တွင် ပရိယတ္တိသည် အခြေခံ မူလပဓာနကျပါသည်။ သစ်ပင်ကြီးတစ်ပင်မှာ အမြစ်မရှိလျှင် ပင်စည် အကိုင်း အခက်များ အကြာ အရှည်မတည်နိုင်သကဲ့သို့ အပွင့်အသီးများလည်း  ဝေေ၀ဆာဆာ မရှိနိုင်ပါ။ ထို့အတူ သာသနာတော် သုံးရပ်မှာလည်း ပရိယတ္တိမှမရှိလျှင် ပဋိပတ္တိ သာသနာ ပဋိဝေဓသာသနာတို့သည်လည်း မတည်ရှိနိုင်ပါ။

ရေကန်ကြီးဥပမာနှင့် ပြောရမည်ဆိုပါက ကန်ပေါင်ရိုးသာမရှိလျှင် ရေကန်ထဲမှာရှိသည့် ရေတွေ ကြာတွေဟာ ကြာကြာမတည်နိုင်ပါ၊ ရေမရှိလျှင်လည်း ကြာပင် ကြာပန်းများ မပေါက်ရောက်နိုင်ပါ၊ ဤဥပမာအတိုင်း ပရိယတ္တိက ကန်ပေါင်ရိုးနှင့်တူပါသည်။ ပဋိပတ္တိက ရေနှင့်တူပါသည်။ ပဋိဝေဓက ကြာပင် ကြာပန်းတွေနှင့်တူပါသည်။ ထို့ကြောင့် ပဋိပတ္တိဆို သည့် ရေကြည်ရေအေးများ၊ ပဋိဝေဓဆိုသည့် ကြာပင်ကြာပန်းများနှင့် လှပတင့်တယ်ပြီး တည်ရှိနေဖို့ဆိုသည်မှာ ပရိယတ္တိဆိုသည့် ကန်ပေါင် ရိုးကြီး ခိုင်ခိုင်ခံ့ခံ့ရှိဖို့ လိုအပ်ပါသည်။

ကန်ပေါင်ရိုးကြီးကတော့  ခိုင်ခိုင်ခံ့ခံ့ရှိပါ၏။ သို့သော် ကန်ထဲ၌ ရေလည်းမရှိ၊ ကြာပင်လည်းမရှိလျှင် ခြောက်သွေ့နေသည့် ရေကန်ကြီးသည် တင့်တင့်တယ်တယ် မရှိသည့်အတွက်ကြောင့် မည်သူမျှလည်း စိတ် ဝင်စားမှုမရှိ၊ ရေကိုလည်းမချိုးရ မသောက်ရသဖြင့် အကျိုးမရှိသကဲ့သို့ ထို့အတူ ကန်ပေါင်ရိုးနှင့်တူသည့် ပရိယတ္တိ တစ်ခုတည်းသာရှိမည်ဆိုလျှင် ပဋိပတ္တိဆိုသည့် ရေကြည်ရေအေးလည်း မသောက်ရ၊ ပဋိဝေဓဆိုသည့် ကြာဖူးကြာပန်းများလည်း မပွင့်နိုင်သည့်အတွက် သာသနာတော် ကြီးဟာလည်း တင့်တယ်စွာ တိုးပွားစည်ပင်နေမည် မဟုတ်ပေ။

ထို့ကြောင့် (၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲကြီးကို ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့ကြသည့် အရှင်မြတ်များအား ရေများတည်တံ့ဖို့ ကန်ပေါင်ရိုးကြီးကို ခိုင်ခိုင်ခံ့ခံ့ရှိအောင် ကြာပွင့် ကြာပန်းများနှင့် လှပဝေစည်တင့်တယ်နေ အောင် ဆက်လက်ကြိုးစား အားထုတ်ကြဖို့ သတိပေးတိုက်တွန်းစကား လျှောက်ထားလိုပါသည် ဘုရား။

သာသနာတော်ကို ထောက်ပံ့လှူဒါန်းကြသည့် နိုင်ငံတော်အစိုးရနှင့် တကွ ဒါယကာ ဒါယိကာမအပေါင်းတို့ကတော့ ဥယျာဉ်မှူးနှင့် တူပါသည်ဘုရား။ ဥယျာဉ်မှူးဟာ သစ်ပင်များကို ရေမလောင်းဘဲ ရေပြတ် အောင်ထားလျှင် သစ်ပင်များသည် ညှိုးနွမ်းခြောက်သွေ့သွားပြီး ရေကိုအဆမတန်လောင်းပြန်လျှင်လည်း ရေဓာတ်များပြီး သေသွားတတ်ပါ တယ်ဘုရား။

ထိုနည်းတူစွာပင် သာသနာတော်ကို ထောက်ပံ့ရာမှာ ရေပြတ်သည့် သစ်ပင်များလိုလည်း မဖြစ်ရအောင် ရေဓာတ်များပြီး သေသွားသည့် သစ်ပင်များကဲ့သို့ မဖြစ်ကြရလေအောင် ပြုစုထောက်ပံ့ပါက မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး အရှည်ခံ့၍တည်တံ့ကာ ဆရာ ဒကာ ညီညာ လက်တွဲ၍ ဆင်းရဲဆုံးရာ ချမ်းသာအမှန် မြတ်နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင် ကြပါစေဟူ၍ ပတ္ထနာပြုရင်း သြဝါဒကထာကို နိဂုံးချုပ်အပ်ပါသတည်း။

ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ

 (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)

ဥက္ကဋ္ဌဆရာတော်