ရောဂါကူးစက်မှုမြင့်တက်လာခြင်းကြောင့် အခက်အခဲများနှင့် တွေ့ကြုံနေရသည့် အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုမြင့်တက်လာခြင်းကြောင့် သေဆုံးသူများကို မြေမြှုပ်သင်္ဂြိုဟ်ရန် နေရာအခက်အခဲများ တွေ့ကြုံရလျက်ရှိသည်။ ထို့ကြောင့် အစိုးရက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ဂျကာတာ မြို့ရှိ နှစ်ဧက အကျယ်အဝန်းရှိ နေရာသစ် တစ်ခုကို သေဆုံးသူများအတွက် မြေမြှုပ်သင်္ဂြိုဟ်ရန် စီစဉ်လိုက်သည်။

မြို့တော်အာဏာပိုင်အဖွဲ့သည် ဂျကာတာမြို့မြောက်ပိုင်းရှိရိုရိုတန်ပြည်သူ့သုသာန်အတွင်း မြေလွတ် တစ်ခုအား သေဆုံးသူများကို မြှုပ်နှံရန်အတွက် အသုံးပြုမည်ဖြစ်သည်။ ယခုအခါ လိုအပ်သည့် အခြေခံအဆောက်အအုံများကို တည်ဆောက်ပြင်ဆင်လျက်ရှိသည်ဟု ဘီနာမာဂါလမ်းဖောက်လုပ် ရေး အေဂျင်စီမှ အကြီးအကဲ ဟာရီနူဂရိုဟိုက ပြောသည်။

ဘီနာမာဂါလမ်း ဖောက်လုပ်ရေးအေဂျင်စီသည် အဆိုပါ မြေမြှုပ်ရာနေရာသစ်သို့ သွားရောက်ရာတွင် အသုံးပြုရမည့်လမ်းမတစ်ခုကို ဖောက်လုပ်လျက်ရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းမှာ ၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ ထို့ပြင် သေဆုံးသူများကို မြေမြှုပ်သင်္ဂြိုဟ်ရာတွင် လွယ်ကူစေရန် မြေကွက်၏ မျက်နှာပြင်မြေသားအား ညှိလျက်ရှိပြီး အဆိုပါ လမ်းတည်ဆောက်ရေး အစီအစဉ်ကို ယခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ် လုပ်ဆောင်မည်ဖြစ်သည်။

အသစ်တည်ဆောက်နေသည့် အဆိုပါသုသာန်တွင် သေဆုံးသူ ၆၀၀၀ ခန့် သင်္ဂြိုဟ်နိုင်မည်ဟု  အစိုးရ ကမျှော်လင့်ထားသည်။ ဂျကာတာမြို့၌ ရောဂါကူးစက်မှု စတင်ဖြစ်ပွားချိန်မှစ၍ ရောဂါကူးစက်မှုဖြင့် သေဆုံးသူ ၆၂၄၈ ဦးကို မြေမြှုပ် သင်္ဂြိုဟ်ထားပြီး ဖြစ်သည်။

ကမ္ဘာပေါ်တွင် စတုတ္ထမြောက်လူဦးရေ အများဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၌ ရောဂါကူးစက် ခံထား ရသူအရေအတွက်မှာ လက်ရှိတွင် ၂၉၉၅၀၆ ဦးအထိမြင့်တက်လာပြီး ရောဂါကူးစက်မှုကြောင့် သေ ဆုံးမှုနှုန်းသည် အရှေ့တောင်အာရှ နိုင်ငံများအနက် အမြင့်ဆုံး ရပ်တည်နေသည်။

နိုင်ငံအတွင်း ရောဂါကူးစက်မှုများ မြင့်တက်လာစဉ် ရောဂါကူးစက်မှုအား ထိန်းချုပ်နိုင်ရေးအတွက် အစိုးရက ကိုင်တွယ်ဖြေရှင်းနေမှုအပေါ် ကျွမ်းကျင်သူတချို့က ဝေဖန်လျက်ရှိသည်။

သို့သော် အစိုးရအနေဖြင့် လက်ရှိတွင် နိုင်ငံအတွင်းရှိ ပြည်သူသန်း ၁၆၀ ကို လာမည့်နှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေးထိုးပေးရန် စီစဉ်လျက်ရှိသောကြောင့် အဆိုပါ အစီအစဉ်ကို ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရေး လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါ

သည်။                     

Ref: ST