ရန်ကုန်မြို့၌ပြေးဆွဲနေသည့် YBS ခရီးသည်တင်မော်တော်ယာဉ်များ နယ်ကျော်ပြေးဆွဲပါက အရေးယူဆောင်ရွက်မည်

ရန်ကုန်၊ ပို့ဆောင်ရေး

ရန်ကုန်မြို့၌ပြေးဆွဲနေသည့် YBS ခရီးသည်တင်မော်တော်ယာဉ်များ နယ်ကျော်ပြေးဆွဲပါက အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့၌ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများမှ မော်တော်ယာဉ်များကို Yangon Bus Operator Control Center မှ အမြဲမပြတ် စောင့်ကြည့်လျက်ရှိရာ နယ်ကျော်ပြေးဆွဲသော YBS ယာဉ်တချို့ကို တွေ့ရှိနေရကြောင်း၊ ထို့ကြောင့် ယင်းသို့နယ်ကျော် ပြေးဆွဲနေ သော YBS ယာဉ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့ထံတင်ပြပြီး အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

“ YBS ယာဉ်တွေ နယ်ကျော်ပြေးဆွဲတာတွေကို Yangon Bus Operator Control Center က သိရှိပါတယ်။  အဲဒီလိုနယ်ကျော် ပြေးဆွဲတဲ့ YBS ယာဉ်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြပြီးတော့ နယ်ကျော်ပြေးဆွဲမှုနဲ့ အရေးယူမယ်လို့ YBS ယာဉ် လိုင်း ကုမ္ပဏီအားလုံးကို အသိပေး အကြောင်းကြားထားပြီးဖြစ်ပါတယ်” ဟု ဦးလျန်ကျင့်မန်က ပြောသည်။

နယ်ကျော်ပြေးဆွဲသော YBS ယာဉ်များကို ဒဏ်ငွေချမှတ်ခြင်း၊ CNG ဝယ်ယူခွင့်ပိတ်သိမ်းခြင်း၊ ယာဉ်လိုင်းမှထုတ်ပယ်ခြင်းနှင့် လုပ်ငန်း လိုင်စင်ဖျက်သိမ်းခြင်းစသည့် အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်မည်ဖြစ်ပြီး YRTC မှ ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်း များနှင့် အရေးယူဆောင်ရွက်မှုများကို ယာဉ်မောင်းများသိရှိစေရန် သက်ဆိုင်ရာမှ အသိပညာပေးဆွေးနွေးပွဲများကိုလည်း ကျင်းပပေး လျက်ရှိကြောင်း သိရသည်။

လက်ရှိ့ YRTC ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် YBS ယာဉ်လိုင်းပေါင်း ၁၁၁လိုင်းရှိပြီး အဆိုပါယာဉ်လိုင်းများမှ ယာဉ်အစီးရေ ၃၀၁၄ စီးခန့်ဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။          

ဆောင်းဦး