ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

မြစ်ကြီးနား၊ အားကစား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို မေ၂၂ ရက် တွင် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ရုံးဝင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲတွင် စီတာပူရပ်ကွက်သုံးယောက်တွဲအသင်းနှင့် မြို့သစ်ကြီးရပ်ကွက်အုပ်စု အေးမြသာယာနယ်မြေ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စီတာပူရပ်ကွက်အသင်းက သုံးပွဲတွင်နှစ်ပွဲနိုင်ဖြင့် အနိုင်ရဗိုလ်စွဲသည်။ 

ဆက်လက်၍ ဆုပေးပွဲကျင်းပရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက နှစ်ယောက်တွဲနှင့် သုံးယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ဒုတိယဆုနှင့် တတိယ ဆုရအသင်းတို့ကို ငွေသားဆုနှင့် ဆုတံဆိပ်များပေးအပ်ကြပြီး မြို့နယ်အားကစားနှင့်  ကာယပညာ ကော်မတီဥက္ကဋ္ဌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုး ထွန်းက နှစ်ယောက်တွဲနှင့် သုံးယောက်တွဲ  ပြိုင်ပွဲများတွင် ပထမဆုရ စီတာပူရပ်ကွက်အသင်းကို ဆုဖလား၊ ဆုတံဆိပ်နှင့်ငွေသားဆုများပေးအပ်ကြသည်။

အဆိုပါပြိုင်ပွဲကို မေ ၂၀ ရက်မှစတင်၍ ကျင်းပရာ ပြိုင်ပွဲဝင်အားကစားအသင်း ၃၆ သင်းမှ နှစ်ယောက်တွဲနှင့် သုံးယောက်တွဲ အားကစားသမား ၁၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မြို့နယ်အဆင့် အကောင်းဆုံးအားကစားသမားများနှင့် နည်းပြများ၊ အသင်း အုပ်ချုပ်သူများ စုစုပေါင်း ၁၀ ဦးရွေးချယ်ကာ မေ ၂၄ ရက်တွင် ကျင်းပမည့် မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ၌   ပါဝင် ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။  

မိုဃ်းကျ(မြစ်ကြီးနား)